အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲ ပြုလုပ်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲအတွင်း အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း ဆုကြည်က စစ်တပ်ကို စိန်ခေါ်ကြောင်း အသုံးအနှုန်းတွေ ပြောဆိုခဲ့ပါတယ်။
မန္တလေးမြို့ လူထု ဟောပြောပွဲ အတွင်း ဒေါ်အောင်ဆန်း စုကြည် ပြောသွားတဲ့ အချက် တချက် ကတော့ “သေနတ်ကို ကိုင်ပြီးတော့ သေနတ် မရှိတဲ့ လူတွေကို ရင်ဆိုင် တာထက် အများကြီး ပိုပြီးတော့ သိက္ခာရှိပြီးတော့ သတ္တိရှိတဲ့ ကိစ္စဟာ အမှန် တရားကို ရင်ဆိုင်ခြင်းပဲ ဖြစ်ပါတယ်လို့ ကျမပြောချင်တယ်။ ကျမတို့ တပ်မတော်ဟာ အမှန်တရားကို ရင်ဆိုင်လိုက်ပါ။ ရင်ဆိုင်ပြီးတော့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူ လူထုအတွက် အကောင်းဆုံး ဖြစ်အောင်လို့ ဥပဒေဘောင်အတွင်းက လွှတ်တော်တွင်းကနေ ပြီးတော့ ကျုပ်တို့တွေ ပြင်ဆင်သွားမယ်၊ ကျုပ်တို့တွေဟာ အာဏာ မက်မောလို့၊ အထူး အခွင့် အရေး မက်မောလို့၊ နေရာမက်မောလို့၊ လုပ်နေတာ မဟုတ်ဘူး ဆိုတာ သက်သေ ထူလိုက်ပါလို့ ကျမက တိုက်တွန်း ချင်ပါတယ်။ တနည်းအားဖြင့် ပြောရရင်တော့ စိန်ခေါ်မှုလို့လည်း ပြောလို့ရပါတယ်။ ကျမစိန်ခေါ်ပါတယ်။”
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ကို ပထမဆုံး အကြိမ် ပြင်းပြင်ထန်ထန် ဝေဖန်ပြီး စိန်ခေါ်မှုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ သာမန်အရပ်သားပြည်သူတွေနဲ့ တပ်မတော်ကြား ခွဲခြားထားတာဖြစ်သလို တန်းတူညီမျှမှု မရှိတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက် တွေကြောင့် ပြည်သူတွေ နစ်နာနေရတဲ့အကြောင်းတွေကို ဟောပြောခဲ့ပါတယ်။
မေလ ၁၇ရက်နဲ့ ၁၈နေ့က ရန်ကုန်နဲ့ မန္တလေးမှာပြုလုပ်ခဲ့တဲ့ လူထုဟောပြောပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းတို့ကို ထောက်ခံသူတွေအပါအ၀င်ပြည်သူလူထု သောင်းနဲ့ချီ တက်ရောက် နားထောင်ခဲ့ကြပါတယ်။
ABC
No comments:
Post a Comment