Thursday, May 22, 2014

ထိုင်းပဋိပက္ခ ပြေလည်ရေး နိုင်ငံရေး အင်အားစုများ အားလုံး တွေ့ဆုံ ဆွေးနွေးရန် စစ်တပ်အကြီးအကဲ ဆင့်ခေါ်


ခြောက်လနီးပါကြာမျှ ဖြစ်ပေါ်ခဲ့သော ထိုင်းနိုင်ငံရေး မတည်မငြိမ်မှုတွင် ပါဝင်ပတ်သက်နေသည့် ပင်မနိုင်ငံရေး အဖွဲ့အစည်းများ၊ ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးရန် ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာပြီး နောက်တစ်ရက် အကြာတွင် ဆင့်ခေါ်လိုက်ကြောင်း ပြည်တွင်းပြည်ပ မီဒီယာများက ရေးသားဖော်ပြသည်။ 

ယခုကဲ့သို့ ရွေးကောက်ပွဲ ကော်မရှင် အပါအဝင် အရေးပါသည့် နိုင်ငံရေး အင်အားစုများ၊ ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးရန် ဆင့်ခေါ်ခြင်းသည် ကာလကြာရှည်စွာ ဖြစ်ပေါ်နေသည့် အကျပ်အတည်းများနှင့် ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဖြစ်သည်ဟု ထိုင်းစစ်တပ် အကြီးအကဲက ဆိုသည်။ 

မေလ ၂၀ ရက်၊ အင်္ဂါနေ့တွင် စစ်အုပ်ချုပ်ရေး ဥပဒေ (Martial Law) ကြေညာခဲ့သော်လည်း ယင်းလုပ်ရပ်သည် စစ်အာဏာသိမ်းမှု မဟုတ်ကြောင်း ထိုင်းစစ်တပ်က ငြင်းဆိုထားသည်။ 

သို့သော် ထိုင်းနိုင်ငံရေး သမိုင်းကြောင်းတွင် သြဇာလွှမ်းမိုးမှု အရှိဆုံးသော အဖွဲ့အစည်းအဖြစ် အမြဲတစေ ပါဝင်လျက် ရှိခဲ့သည့် စစ်တပ်သည် ယခုအခါ မြို့တော် ဘန်ကောက်ရှိ အခရာကျသော နေရာများ၌ တပ်ဖွဲ့များ ဖြန့်ကြက်ထားကြောင်း မီဒီယာများက ဖော်ပြသည်။ 

CNN သတင်းဌာန၏ ရေးသားဖော်ပြချက်အရ ယခုကဲ့သို့ စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာမှုနှင့် ပတ်သက်၍ စစ်တပ်က ထိုင်းယာယီဝန်ကြီးချုပ် နီဝပ်သမ်ရောင်းဘွန်ဆောင်းပိုင်ဆန်ကို ကြိုတင် သတိပေး ပြောဆိုခဲ့ခြင်း မရှိပေ။ 

“လက်ရှိ နိုင်ငံရေး အကျပ်အတည်း ပြေလည်စေရေးအတွက် တပ်မတော် ကလပ်မှာ နိုင်ငံရေး အင်အား စုတွေ အားလုံး တွေ့ဆုံဆွေးနွေးဖို့ ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာက ခေါ်ယူထားပါတယ်” ဟု ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဝင်ထိုင်းဆာဗာရီးက သတင်းထောက်များကို ပြောကြားသည်။

ထို့အတူ ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများသည် လက်ရှိ အိမ်စောင့်အစိုးရ၏ အဆိုပြုချက် ဖြစ်သော သြဂုတ်လ ၃ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရေး အဆိုကို သီးခြား ဆွေးနွေးခဲ့ကြသည်။ 

ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာက သတင်းဌာနများနှင့် တွေ့ဆုံရာတွင် “ကျွန်တော်တို့အနေနဲ့ အကျပ်အတည်း ပဋိပက္ခကြီးကို ဆက်ပြီး လက်မခံနိုင်တော့ပါဘူး၊ ထိုင်းတပ်မတော် ဟာ ဘယ်လို သွေးစွန်းမှုမျိုးကိုမှ ဖြစ်ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟုဆိုပြီး လက်ရှိ အိမ်စောင့်အစိုးရ အဖွဲ့သည် တရားဝင် အစိုးရအဖြစ် ဆက်ရှိနေမည် ဖြစ်ကြောင်း အသိပေး ပြောဆိုသည်။ 

“ဒါဟာ စစ်အာဏာသိမ်းမှု မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်စောင့်အစိုးရအဖွဲ့က အုပ်ချုပ်ရေး တာဝန်တွေကို ဆက်လက် ထမ်းဆောင်နေလို့ပါပဲ။ ဒါပေမဲ့ တကယ့်အပြင်ဘက်မှာတော့ စစ်တပ်က ထိန်းချုပ်ထားတဲ့ပုံစံ ဖြစ်နေပါတယ်” ဟု ချူလာလောင်ကွန် တက္ကသိုလ်မှ နိုင်ငံရေး လေ့လာဆန်းစစ်သူ ပညာရှင် သစ်တီနန်ပွန်ဆူဒါရက်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List