Thursday, May 22, 2014

မိကျောင်းကန်သပိတ်စခန်း ဦးဆောင်သူအား လသာတရားရုံးက ဖမ်းဝရမ်းထုတ်သောကြောင့် သပိတ်စခန်းဖွင့် ဆန္ဒပြသူများ တရားရုံးရှေ့ ဆန္ဒပြ




ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘေးတွင် မိကျောင်းကန် အပိုင်း ၁ ၊ ၂၊ ၃ မြေသိမ်းခံရမှုနှင့် ပတ်သက်၍ သပိတ်စခန်းဖွင့် ဆန္ဒပြနေသည့် သပိတ်စခန်း ဦးဆောင်သူ ဦးစိန်သန်းအား လသာမြို့နယ် (စည်ပင်တရားရုံး)က ဖမ်းဝရမ်းထုတ်မှုနှင့် ပတ်သက်၍ မိကျောင်းကန် ဆန္ဒပြသူ ၁၀၀ ကျော်သည် တရားရုံးရှေ့၌ မေ ၂၁ ရက် နံနက် ၉ နာရီတွင် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြရာတွင် မြို့တော်ခန်းမရှေ့ရှိ သပိတ်စခန်းမှ ဆန္ဒပြသူ ၁၀၀ ကျော်က “မိကျောင်းကန်မြေ တပ်ပိုင်မြေမဟုတ်”၊ “ဒို့ဘိုးဘွားပိုင်မြေ ပြန်ပေး”ဟူ၍ ရေးသားထားသော အနီရောင်အင်္ကျီ ဆင်တူများ ၀တ်ဆင်၍ မဟာဗန္ဓုလမ်းမကြီးအတိုင်း လသာမြို့နယ် သိမ်ကြီးဈေး စီရုံ ပထမထပ်ရှိ လသာမြို့နယ် (စည်ပင်တရားရုံး) ရှေ့တွင် “ကြေးစားစည်ပင် အလိုမရှိ”၊ “မတရားဖျက်ဆီးသော စည်ပင်အလိုမရှိ”၊ “ဒို့ဘိုးဘွားမြေ ငါတို့မြေ” နှင့် “နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရ ဖြေရှင်းပေး ဖြေရှင်းပေး” စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။

လသာမြို့နယ် (စည်ပင်တရားရုံး) က ဦးစိန်သန်းအား ပြီးခဲ့သည့် ဧပြီ ၂ ရက်တွင် စည်ပင်ဥပဒေ ၆၈ ကို ကျူးလွန်ကြောင်း စွဲချက်ရှိသည်ကို ထုချေရှင်းလင်းရန် စတင်ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

တပ်မ ၂၂ နှစ်က သိမ်းဆည်းထားသည်ဟုဆိုကာ မြေပြန်လည် ရရှိရေးအတွက် သပိတ်စခန်းဦးဆောင်သူ ဦးစိန်သန်းကို လသာမြို့နယ် (စည်ပင်တရားရုံး) က မေ ၁၅ ရက် တရားရုံးချိန်း လာရောက်ရန် ပျက်ကွက်သည်ဟုဆိုကာ မေ ၁၉ ရက်တွင် ကျောက်တံတားမြို့မရဲစခန်းသို့ ဖမ်းဝရမ်းအမိန့် အကြောင်းစာကို ပေးပို့ခဲ့ကြောင်း အဆိုပါရဲစခန်းမှ စုံစမ်းသိရှိရသည်။

“ကျွန်တော်အနေနဲ့ ရုံးချိန်းကို ပျက်ကွက်တာ မဟုတ်ပါဘူး။ နေမကောင်းလို့ ဆေးစာနဲ့ တရားရုံးကို ရုံးချိန်းအတွက် ခွင့်တိုင်ကြားပါတယ်။ တရားရုံးက တောင်းခံတဲ့ ဆေးရုံဆေးစာတွေလည်း တင်ခဲ့တယ်။ တရားသူကြီးကလည်း လက်ခံခဲ့ တယ်။ အဲ့ဒါကို ဖမ်းဝရမ်းထုတ်တယ် ဆိုတာကို ကျွန်တော်အနေနဲ့ လက်မခံပါဘူး။ ကျွန်တော်ကို ဒီလိုဖမ်းဝရမ်းထုတ် ဖမ်းဆီးခိုင်းတာ ကျွန်တော့်ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ မတရားသိမ်း ဆည်းခံရတဲ့မြေ ပြန်ရရှိဖို့အတွက် အမှန်တရားအတိုင်း မြို့လယ်မှာ ဆန္ဒပြ တောင်းဆိုနေတာပါ ကျွန်တော်အနေနဲ့ ရှောင်ပြေးနေတာမျိုး လုပ်မှာ မဟုတ်ပါဘူး။ ၀ရမ်းထုတ်တာက အထက်က ဖိအားပေးတယ်လို့ ယူဆပါတယ်။ ဒီလိုမျှတမှုတွေ မရှိတဲ့အတွက် ဆန္ဒပြရာတာပါ” ဟု ဆန္ဒပြဦးဆောင်သူ ဦးစိန်သန်းက မေ ၂၁ ရက်တွင်  ပြောကြား သည်။

လသာမြို့နယ် စည်ပင်တရားရုံးအနေဖြင့် အဆိုပါနေ့တွင် ဦးစိန်သန်းအား ဖမ်းဝရမ်းအတွက် ကိုယ်ပိုင်ခံဝန်ထိုးခိုင်းကာ ရုံးချိန်းကို မေ ၂၉ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရပြီး ဆန္ဒပြရာတွင် ဖြတ်သန်းခဲ့သည့် ကျောက်တံတားမြို့နယ်၊ ပန်းပဲတန်းမြို့နယ်နှင့် လသာမြို့နယ် ရဲစခန်းတို့မှ တာဝန်ရှိသူများက ခွင့်ပြုချက် ရှိမရှိ တားဆီးမေးမြန်းမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ဦးစိန်သန်းကို လက်ရှိအချိန်တွင် ဗဟန်းမြို့မ ရဲစခန်းနှင့် ကျောက်တံတားမြို့မ ရဲစခန်းတို့တွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် ထားကာ ၂၀၁၃ ခုနှစ်အတွင်းကလည်း သင်္ဃန်းကျွန်းမြို့နယ် တရားရုံး ကျောက်တံတားမြို့နယ် တရားရုံးတို့က ပုဒ်မ ၁၈ ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List