Wednesday, May 21, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်အစား သုံးပုံနှစ်ပုံဟုပြင်ဆင်ရန် လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဆုံးဖြတ်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ သဘောတူလက်ခံမှုအစား ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံ၏ သဘောတူလက်ခံမှုဖြင့် ပြင်ဆင်ရန် လွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှုကော်မတီ၌ ဆုံးဖြတ်ချက်ချခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မေ ၁၉ ရက်တွင် ပြုလုပ်ခဲ့သော လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီအစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေးဆွေးနွေးခဲ့ပြီး ထိုသို့ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

လွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်ဖြစ်ပေါ်သည်ထိ တာဝန်ယူဆောင်ရွက်နေရသဖြင့် လွှတ်တော်ဖွဲ့စည်းပုံပြင်ဆင်ရေး လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီမှ လွှဲပြောင်းပေးခဲ့သည့် ပြည်သူ များထံမှရရှိသော အကြံပြုချက်များနှင့် နိုင်ငံတကာစံနှုန်းများကို အခြေခံကာ အဆိုပါကဲ့သို့ ပြင်ဆင်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင်လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအနေဖြင့် အခန်း(၁) နိုင်ငံတော်အခြေခံမူများပါ တိုင်းရင်းသားများနှင့်သက်ဆိုင်သည့် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များ၊ အခန်း(၁၂)ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းတို့ရှိ ပုဒ်မများအား စတင်သုံးသပ်ကာ ပြင်ဆင်ရေးဆိုင်ရာကိစ္စများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သို့ရာတွင် လက်တွေ့ပြင်ဆင်ရန်မှာ ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် မပြီးပြတ်ဘဲ လွှတ်တော်၏ ဆုံးဖြတ် ချက်ဖြစ်သောကြောင့် ပြင်ဆင်နိုင်ခြင်း ရှိ မရှိမှာ မသိရှိရသေးပေ။

အကယ်၍ လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံဖြင့် ပြင်ဆင်ရန်ဆိုသည့်အချက်အား အတည်ပြုပြင်ဆင်နိုင် ခဲ့လျှင်ပင် ပုဒ်မ ၄၃၆ ပြင်ဆင်ရာ၌ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဆိုသည့်အချက်မှာ ကော်မတီ၏ပြင်ဆင်ချက်၌ မပါဝင်သဖြင့် အဆိုပါအချက်မှာ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကဲ့သို့ ပုဒ်မ ၄၃၆ ပါပြဋ္ဌာန်းချက်အား ပြင်ဆင်ခြင်းမှာ နောက်ပိုင်းတွင် ပြင်ဆင်မှုများလုပ်ဆောင်ရန် အဆင်ပြေစေရေးအတွက်ဖြစ်ပြီး လက်ရှိ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရန်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် သဘောတူညီချက်ရရှိပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ် ရမည်ဆိုသည့် အဆင့်များဖြတ်ကျော်ရမည်ဖြစ်သဖြင့် အခက်အခဲများစွာရှိနေသည့် အခြေအနေ၌ ရှိနေကြောင်း သိရသည်။

ပုဒ်မ ၄၃၆(က)တွင် "ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ အထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ အထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင် ရမည်" ဟုလည်းကောင်း၊ ပုဒ်မ ၄၃၆(ခ)တွင် "ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်" ဟု လည်းကောင်း ပြဋ္ဌာန်းထားသည်။

လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၄ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးပါဝင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နှစ်ဦးပါဝင်ပြီး ကျန်အဖွဲ့ဝင်များမှာ အခြားနိုင်ငံရေးပါတီအသီးသီးမှ ဖြစ်ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပတ်သက်၍ လူထုဟောပြောပွဲများ ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ၏ လက်မှတ်ရေးထိုး ဆန္ဒပြုခြင်းအစီအစဉ်ကိုလည်း စတင်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

အလားတူ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အခြားနိုင်ငံရေးအင်အားစုများနှင့် ပြည်သူလူထုများမှ သီးခြား ဆန္ဒထုတ်ဖော်တောင်းဆိုမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ 

eleven media group

No comments:

Post a Comment

My Blog List