Thursday, May 22, 2014

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ ၀မ်ပေါင်ကုမ္ပဏီမှ ဘွဲ့ရမြန်မာ အလုပ်သမား ၀န်ထမ်းများ ဆန္ဒဖော်ထုတ်မှုတွင် ဒေသခံများ ပူးပေါင်းကာ အင်အား ၆၀၀ ကျော်ဖြင့် ၀မ်ပေါင်ရုံးရှေ့အထိ ချီတက်ဆန္ဒပြ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ ၀မ်ပေါင်ကုမ္ပဏီမှ ဘွဲ့ရမြန်မာအလုပ်သမား ၀န်ထမ်းများ ခုနစ်ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုတွင် ဒေသခံများပါ ပူးပေါင်းပါဝင်ခဲ့ပြီး လူအင်းအား ၆၀၀ ကျော်ဖြင့် ၀မ်ပေါင်ရုံးရှေ့အထိ ချီတက်ဆန္ဒပြမှုကို မေ ၂၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရပ်ကွက်ရှိ ရွှေလွန်းပျံသစ်ကွင်းမှ နံနက် ၈ နာရီတွင် စတင်ထွက်ရှိလာခဲ့ပြီး ညောင်ပင်ကြီး-ဖိုလ်ဝင်တောင်လမ်းမှ ပုသိမ်-မုံရွာလမ်းဆုံရှိ ၀မ်ပေါင်ကုမ္ပဏီ ရုံးရှေ့အထိ ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ ကြကြောင်း သိရသည်။

“အခုဆန္ဒပြတဲ့ သင်တန်းသား အလုပ်သမား ၀န်ထမ်းတွေကို ၀မ်ပေါင်က ငါးလသင်တန်းပေးပါတယ်။ စာတွေ့ တစ်လ သင်ရပါတယ်။ လက်တွေ့ လေးလ လုပ်ရပါတယ်။ သင်းတန်းကာလမှာ တစ်လကို ထောက်ပံ့ကြေးအနေနဲ့ တစ်သိန်းပေးပါတယ်။ သင်တန်း ငါးလပြီးလို့ စာချုပ်ချုပ်မယ်ဆိုတော့ သူတို့က ဒေါ်လာ ၁၂၀ ပဲပေးမယ် ပြောပါတယ်။ သူတို့ပေးမယ့် လစာနဲ့ ကျွန်တော်တို့ လုပ်ရတာနဲ့ ဘယ်လိုမှ မကိုက်ညီပါဘူး။ ကျွန်တော်တို့ လုပ်ရတာက ကျန်းမာရေးအတွက် အများကြီး ထိခိုက်ခံပြီး လုပ်ရတာ။ မိသားစု စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အတွက်လည်း မဖြေရှင်းနိုင်ပါဘူး။ အဲဒါကြောင့် ရသင့်ရထိုက်ပြီး ထိုက်တန်တဲ့ လစာရဖို့ အခုလို ဆန္ဒပြတာပါ” ဟု လက်ပံတောင်းဒေသ ရွာရှည်ကျေးရွာမှ ဆန္ဒပြ သင်တန်းသားဝန်ထမ်း ကိုသန်းမြတ်ထွေးက ပြောကြားသည်။

“ကျွန်တော်တို့ တောင်းဆိုတဲ့ ဒေါ်လာ ၂၄၀ ဆိုတာကလည်း တရုတ်လူမျိုး ပညာရှင် မဟုတ်တဲ့ ၀န်ထမ်းတစ်ယောက်ရဲ့ လစာတစ်ဝက်လောက်တောင် မရှိပါဘူး။ တရုတ်အမျိုးသမီး အိမ်ဖော်ဝန်ထမ်း တစ်ယောက်ရဲ့ လစာက ဒေါ်လာ ၈၀၀ လောက်ရပါတယ်။ ကျွန်တော်တို့ မြန်မာဝန်ထမ်းတွေတောင်းတဲ့ ဒေါ်လာ ၂၄၀ ကိုကျတော့ သူတို့ဘက်က ဘာမှ ဖြေရှင်းညှိနှိုင်းပေးမှု မရှိဘူး။ ကျွန်တော်တို့ တောင်းတဲ့လစာ ဆိုတာက တစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ ဒီဒေသက ရွာ ၃၀ မှာရှိတဲ့ ဘွဲ့ရ ၂၀၀ ကျော်ရဲ့ အကျိုးခံစားခွင့်ရော၊ သူတို့ကို မှီခိုနေတဲ့ မိသားစု အများကြီး အတွက်ပါ အထောက်အပံ့ဖြစ်စေဖို့ ရအောင်တောင်းဆိုနေတာ ဖြစ်ပါတယ်” ဟု လက်ပံတောင်းဒေသခံ ဖောင်းကထာကျေးရွာမှ ဆန္ဒပြသင်တန်းသား ကိုဖြိုးယုထွေးက ပြောကြားသည်။

ဆန္ဒပြသင်တန်းသား ၀န်ထမ်းအလုပ်သမားများသည် ပြီးခဲ့သည့် မတ် ၂၃ ရက်မှ စတင်ကာ အလုပ်မှ ခေတ္တအနားယူပြီး ဧပြီ ဒုတိယအပတ်မှ စတင်ကာ လုပ်ခလစာတိုးမြှင့် ရရှိရန်အတွက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး ယခုအကြိမ် အပါအ၀င် ခုနစ်ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းထံသို့ စာဖြင့်တင်ပြထားရှိသည်မှာ နှစ်လခန့် ကြာမြင့်ပြီဖြစ်သော်လည်း အကြောင်းပြန်ခြင်း၊ တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ခုနစ်ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုတွင် လက်ပံတောင်းဒေသ အနီးဝန်းကျင်ရှိ ရွာရှည်၊ ညောင်ပင်ကြီး၊ ရွှေလှေ၊ လက်ပံတောင်း၊ တုံ၊ လယ်တီစသည့် ကျေးရွာပေါင်း ၃၀ ကျော်မှ ဘွဲ့ရမြန်မာသင်တန်းသား ၀န်ထမ်း အလုပ်သမားများ ပါဝင်ပြီး ယခုအခါ ဒေသခံများနှင့် သင်တန်းသား အလုပ်သမားများ၏ မိသားစုဝင်များပါ ၀င်ရောက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လာကြောင်း သိရသည်။

“လစာတို့မြှင့်ပေးဖို့ ဆန္ဒထုတ်ဖော်မှုပြုလုပ်တိုင်း တရားဝင်စာတင်ပြီးတော့ ပြုလုပ်ခဲ့တာပါ။ ၀မ်ပေါင်း ရုံးရှေ့အထိ ဆန္ဒထုတ်ဖော်ဖို့ တင်ခဲ့ပေမယ့် ခွင့်မပြုခဲ့ပါဘူး။ အခု ခုနစ်ကြိမ်မြောက် ဆန္ဒထုတ်ဖော်ခွင့် ရတဲ့အချိန်မှာတော့ ၀မ်ပေါင်ရုံးရှေ့ထိရောက်အောင် သွားရောက်တောင်းဆိုခဲ့ကြပါတယ်။ ဒါတောင် လုံခြုံရေး ရဲဝန်ထမ်းတွေက သစ်သားပေါင် သံဆူးကြိုး အကာအရန်တွေချပြီး ၀မ်ပေါင်ရုံးရှေ့ ဂိတ်ပေါက်မရောက်အောင် တားဆီးခဲ့သေးတယ်။ ခွင့်ပြုချိန်ပြည့်တာနဲ့ ကျွန်တော်တို့လည်း သူတို့တားဆီးတဲ့ နေရာမှာပဲ မနက် ၁၀ နာရီကျော်မှာ လူစုခွဲပြီး ပြန်ခဲ့ကြပါတယ်” ဟု ဆန္ဒပြအလုပ်သမား ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

ဆန္ဒပြရာတွင် ဒေသခံ မြန်မာဘွဲ့ရ သင်တန်းသား အလုပ်သမားများမှ တောင်းဆိုထားသည့် လုပ်ခလစာ တိုးမြှင့်ရရှိရေး၊ ဒေသခံ အလုပ်သမားများ အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ သင်တန်းသားများအားလုံး တန်းတူအခွင့်အရေး ရရှိရေး၊ အလုပ်သမား အကျိုးခံစားခွင့် အပြည့်အ၀ ရရှိရေး၊ ဒေသခံ လူနေမှုဘ၀ တိုးတက်မြင့်မားရေး၊ မြန်မာ-၀မ်ပေါင်မှ တာဝန်ရှိသူများ လူသားချင်း စာနာထောက်ထားရေး၊ မြန်မာ- ၀မ်ပေါင်မှ တာဝန်ရှိသူများ အုပ်ချုပ်ပုံစနစ် ပွင့်လင်းမြင်သာရေး၊ ဒေသခံ အလုပ်သမားများအပေါ် ဖိနှိပ်ခြင်း မှ ရပ်ဆိုင်းရေးနှင့် ၀မ်ပေါင်ဘယ်လဲ၊ ဘာလဲ စသည့်အချက်များအား ကြွေးကြော် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List