ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးအား ဆည်တည်းကျေးရွာဟောင်းမှအထွက်တွင် သက်ဆိုင်ရာက မေ ၁၈ ရက်နံနက်ပိုင်းက ဖမ်းဆီးခဲ့သဖြင့် လက်ပံတောင်းတောင်စီမံကိန်းအား လုပ်ဆောင်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တရုတ်လုပ်သားနှစ်ဦးကို စီမံကိန်းနှင့် ထိစပ်နေသည့် ဆည်တည်းကျေးရွာဟောင်းမှ ရွာသားများက မေ ၁၈ ရက်က တုံ့ပြန်ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖမ်းဆီးခေါ်ဆောင်မှုကြောင့် မေ ၁၈ ရက်ညနှင့် မေ ၁၉ ရက် နံနက်တို့တွင် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်စီးနင်းမှု၊ ပစ်ခတ်မှုအချို့ရှိခဲ့ကြောင်း သိရသည်။ ဆည်တည်းရွာသားများ၏ တောင်းဆိုမှု၊ လက်ရှိစောင့်ကြည့်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် အခြေအနေများအား မြန်မာဝမ်ပေါင်ကုမ္ပဏီမှ Admin Manager Mr. Dong Yunfei အား မေ ၁၉ ရက်က ဆက်သွယ်မေးမြန်းခဲ့သည်ကို ပြည်သူ များလေ့လာနိုင်ရန် ဖော်ပြလိုက်ပါသည်။ (ဆည်တည်းရွာသားများက ၀မ်ပေါင်ကုမ္ပဏီမှ ၀န်ထမ်းနှစ်ဦး အား ပြန်လွှတ်ပေးခဲ့သည့် မေ ၁၉ ရက် ညနေပိုင်းမတိုင်မီ မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။)
မေး ။ မြန်မာဝမ်ပေါင်က တရုတ်လုပ်သားနှစ်ယောက်ကို ဆည်တည်းကျေးရွာက ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။ ဖြစ်ပျက်ပုံလေး ပြောပြပေးပါ။
ဖြေ ။ မနေ့က မနက် ၉ နာရီခွဲလောက်မှာ ကျွန်တော်တို့ တရုတ်ဝန်ထမ်းနှစ်ဦးဖြစ်တဲ့ Mr.Lu Yuanhao နဲ့ Mr. Miu Jie တို့က မိုင်းထဲမှာရှိတဲ့ မြေကွက်တွေကို မြေတိုင်းသွားပါတယ်။ ဆည်တည်းကျေးရွာဟောင်းနဲ့ ကပ်နေတဲ့နေရာပါ။ သူတို့ အဲဒီလို တိုင်းနေတဲ့အချိန်မှာ ဆည်တည်းရွာထဲက ရွာသားအယောက် ၂၀ ကျော်လောက်ထွက်လာပြီး ခြိမ်းခြောက်ပြီး အတင်းဖမ်းဆီးပါတယ်။
ရဲတွေဝင်လာပစ်ခတ်လို့ သူတို့ရွာသားတွေ ထိခိုက်ရင် တရုတ်ဝန်ထမ်းနှစ်ယောက်ကို ချက်ချင်းသတ် ပစ်မယ်လို့ ချက်ချင်းကို တုံ့ပြန်လာတယ်။ အဲဒါကြောင့်မို့လို့ ရဲတပ်ဖွဲ့ကို ချက်ချင်းကို နောက်ဆုတ်ခိုင်း လိုက်ပါတယ်
မေး ။ လက်ရှိအခြေအနေနဲ့ ညှိနှိုင်းမှုတွေ ပြောပြပေးပါ။
ဖြေ ။ မနေ့က တစ်နေကုန်သွားညှိလိုက်တော့ သူတို့ကပြန်မလွှတ်နိုင်ဘူး။ သူတို့က တောင်းဆိုချက်ရှိတယ်။ ကုမ္ပဏီက စီမံကိန်းရပ်ဆိုင်းပြီးမှ ဖမ်းထားတဲ့ တရုတ်ဝန်ထမ်းနှစ်ယောက်ကို ပြန်လွှတ်ပေးမယ် ပြန်တောင်းဆိုပါတယ်။ လုံးဝမဖြစ်နိုင်တဲ့ကိစ္စကျတော့ ကျွန်တော်တို့လည်း ညှိလို့မရလို့လေ။ အဲဒါနဲ့ ညဘက်မှာ ရဲစခန်းမှာအမှုဖွင့်လိုက်ပါတယ်။ အမှုဖွင့်လိုက်တော့ ရဲတွေက ဆည်တည်းရွာ အဟောင်းကိုသွားပြီးတော့ တရုတ်ဝန်ထမ်းနှစ်ယောက်ကို သွားရောက်ကယ်တင်ပါတယ်။ အဲဒီလိုသွား ကယ်တော့ ရဲတွေက ချက်ချင်းပစ်ခတ်တာပေါ့။ အဲဒီလို ရဲတွေပစ်ခတ်တော့ သူတို့က ကျွန်တော်တို့ဆီ ချက်ချင်းဖုန်းဆက်လာပါတယ်။ ရဲတွေဝင်လာပစ်ခတ်လို့ သူတို့ရွာသားတွေ ထိခိုက်ရင် တရုတ်ဝန်ထမ်းနှစ်ယောက်ကို ချက်ချင်းသတ်ပစ်မယ်လို့ ချက်ချင်းကို တုံ့ပြန်လာတယ်။ အဲဒါကြောင့်မို့လို့ ရဲတပ်ဖွဲ့ကို ချက်ချင်းကို နောက်ဆုတ်ခိုင်းလိုက်ပါတယ်။ နောက်ဆုတ်ခိုင်းတော့ အခုထက်ထိတော့ ဘာမှမထူးသေးဘူး။ သူတို့ဘက်ကလည်း လွှတ်မပေးသေးဘူး။ ရဲကလည်း ဘာမှမလုပ်ရဲဘူးလေ။ အသက်အန္တရာယ် ရှိတဲ့အတွက်ကြောင့် တိုက်ခိုက်ပစ်ခတ်မှုတွေကို လက်မခံနိုင်ဘူးလေ။ အဲဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေကို ဘာမှမလုပ်ပါနဲ့။ ခင်ဗျားတို့ တစ်ခုခုလုပ်လိုက်ရင် ကျွန်တော်တို့ဝန်ထမ်းတွေကို သတ်ပစ်မယ် ခြိမ်းခြောက်ထားတယ်။ ၀န်ထမ်းတွေကို အသတ်မခံနိုင်ပါဘူး။ အထိမခံနိုင်လို့ နောက်ဆုတ်ခိုင်းပါတယ်။ နောက်တစ်ခုပေါ့။ ဒေသခံတွေက ရဲကိုပြန်ချတာ။ ရဲကို ပြန်ချလိုက်တော့ တချို့ရဲတွေ ဒဏ်ရာရသွားတယ်။ နောက်ပြီး ရဲကားတွေကို ခဲနဲပေါက်လို့ ခုနစ်စီးလောက် ထိခိုက်မှုရှိတယ်လို့ သတင်းရပါတယ်။ အတိအကျကတော့ ကျွန်တော်လည်း မသိသေးပါဘူး။
မေး ။ မနေ့ညတုန်းက လက်ပံတောင်းတောင်စီမံကိန်းနဲ့ ဆည်တည်းရွာအနီးက ကျောက်ဖြူတိုင်ရွာမှာ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုတွေရှိတယ်လို့လည်း ကြားသိရပါတယ်။ အဲဒါကရော ဟုတ်ပါသလား။
ဖြေ ။ ကျောက်ဖြူတိုင်က ဒီလိုပါ။ အမှန်တကယ်တော့ ကျောက်ဖြူတိုင်ရွာက အရေးမကြီးပါဘူး။ ဆည်တည်းရွာဟောင်းက ဖမ်းထားတဲ့ တရုတ်ဝန်ထမ်းနှစ်ဦးကို သွားကယ်တဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေကို နောက်ပြန်ဆုတ်ခိုင်းတာလေ။ အဲဒီလို နောက်ဆုတ်ခိုင်းတော့ ရဲတွေက ကျောက်ဖြူတိုင်မှာ အခြေစိုက်နေ မယ်လို့ ဆုံးဖြတ်ကြပါတယ်။ အဲဒါက ရဲတပ်ဖွဲ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ အဲဒီလို အခြေချနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရွာသားတွေက လာဝိုင်းပါတယ်။ အဲဒီလို ဖြစ်သွားတာပါ။
မေး ။ ဆည်တည်းရွာအနီးက ဇီးတောဘုန်းကြီးကျောင်းကိုရော သေနတ်တွေနဲ့ ပစ်ခတ်တယ်ဆိုတာကိုရော ကြားပါသလား။
ဖြေ ။ ကျွန်တော်တို့ သတင်းရသလောက်ကတော့ သူတို့က တိုက်ခိုက်ဖို့လုပ်တယ်။ အခြေအနေ တင်းမာနေတဲ့အတွက် အခြေအနေကိုထိန်းဖို့ သတိပေးတဲ့အနေနဲ့ မိုးပေါ်ကိုထောင်ပြီး ပစ်ခတ်တာပါ။
မေး ။ ဒီလိုပြဿနာနဲ့ပတ်သက်ပြီး တရုတ်သံရုံးကို ပြောထားတာ ရှိပါသလား။
ဖြေ ။ ဖြစ်ဖြစ်ချင်းပဲ ကျွန်တော်တို့ တရုတ်သံရုံးကို အကြောင်းကြားထားပါတယ်။
မေး ။ တရုတ်သံရုံးက သူတို့အနေနဲ့ ဘာလုပ်ပေးမယ် ပြောထားပါသလဲ။
ဖြေ ။ တရုတ်သံရုံးအနေနဲ့ သက်ဆိုင်ရာကို ပြောထားပါတယ်။ အစိုးရနဲ့ ၀န်ကြီးဌာနတွေကို သွားတောင်းဆိုမယ်။ အတတ်နိုင်ဆုံး ကိုယ့်လမ်းကြောင်းနဲ့ကိုယ် သံခင်းတမန်ခင်းအရ အကူအညီပေးမယ်။ အလုပ်ဆက်လုပ်သွားမယ်လို့ သိရပါတယ်။
မေး ။ ဒီပြဿနာနဲ့ပတ်သက်ပြီး မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ အကျိုးတူစီးပွားဖက်ဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကို ဘာများအကူအညီတောင်းထားတာ ရှိပါသလဲ။
ဖြေ ။ ဒီပြဿနာအတွက် သူတို့မှာလမ်းကြောင်းရှိတယ်လေ။ အတတ်နိုင်ဆုံး ကယ်တင်ပေးမယ်။ ညှိပေးမယ် ပြောထားတယ်။ ဒါပေမဲ့ ဆည်တည်းရွာဟောင်းက ရွာသားတွေ ခေါ်ပြီးတော့ ညှိခိုင်းတဲ့အခါမှာ ဦးပိုင်လည်း ပါပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီလိုမသွားချင်ပါဘူး။ အဲဒီလိုသွားလို့ရှိရင်လည်း လက်ထဲမှာ မ်းဆီးထားတဲ့ တရုတ်နိုင်ငံသားနှစ်ယောက်နဲ့ အကျပ်ကိုင်ပြီး သူတို့လိုချင်တာတောင်းမှာကတော့ ဘယ်ဖြစ် ပါ့မလဲ။
မေး ။ ဒီပြဿနာအတွက် ၀မ်ပေါင်ဘက်က ဘာဆက်လုပ်မယ် စိတ်ကူးထားပါသလဲ။
ဖြေ ။ ဘာစိတ်ကူးထားသလဲဆိုတော့ ကျွန်တော်တို့လည်း တရုတ်ဝန်ထမ်းနှစ်ယောက် အသက်အန္တရာယ်လုံးဝမရှိအောင် ပြန်လွှတ်ဖို့ သူတို့လက်ထဲကနေ ပြန်အပ်ဖို့ပါ။ လောလောဆယ် အဲဒီတစ်ခုပဲရှိတယ်။ ကျန်တဲ့ဟာ ခေါင်းထဲထည့်မထားဘူး။ ကျွန်တော်တို့အနေနဲ့ မီဒီယာကို တစ်ခုအကူအညီတောင်းချင်တာက ဒီကိစ္စက မဖြစ်သင့်တဲ့အဖြစ်တစ်ခုပါ။ ကျွန်တော်တို့ ၀န်ထမ်းနှစ်ဦးက မြေတိုင်းသွားတာပါ။ သူတို့ကို အနှောင့်အယှက်မပေးပါဘူး။ အခုလိုလုပ်တာက ပြင်းထန်တဲ့အပြုအမူ တစ်ခုပါ။
ဆည်တည်းရွာမှ အမည်မဖော်လိုသူ ဒေသခံနှစ်ဦးအား ဆက်သွယ်မေးမြန်းချက်
မေး ။ အစ်မ အခု ဆည်တည်းရွာမှာ ရှိနေတယ်ပေါ့။ အစ်မတို့ရွာရဲ့ လက်ရှိအခြေအနေလေးကို ပြောပြပေးပါ။
ဖြေ ။ လက်ရှိအခြေအနေလား။ လက်ရှိအခြေအနေက ဘာမှမဖြစ်ပါဘူး။
မေး ။ ဘာမှမဖြစ်ဘူးဆိုတာ ဘာကိုပြောပါသလဲခင်ဗျ။ အခုဆည်တည်းရွာသားတွေက ၀မ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံသားနှစ်ဦးကို ဖမ်းထားတယ်ဆိုတာလေ။
ဖြေ ။ ဖမ်းထားတာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံသားနှစ်ဦးက မနေ့ကမနက်မှာ ယာမြေတွေပေါ် လမ်းလျှောက်နေပြီး သိမ်းထားတဲ့လယ်မြေတွေပေါ်က သွပ်ဆူးကြိုးတွေလည်း ဖွင့်မပေးတဲ့အတွက် အသိမ်းခံရတဲ့ ယာမြေပိုင်ရှင်တွေက သူတို့ကို တားထားတာ သူတို့ရဲ့ အကြီးအကဲကိုခေါ်ခဲ့ပါ။ ရောင်းထား တာမဟုတ်ဘဲ လယ်မြေတွေအပေါ် သွပ်ဆူးကြိုးခတ်ထားတာကို ဘယ်လိုဖြေရှင်းပေးမှာလဲဆိုတာ ညှိနှိုင်းဖို့ပါ။ သူတို့က အဲ့ဒီလို သွပ်ဆူးကြိုးခတ်ထားတော့ တောင်ယာသမားတွေက ၀င်ချင်တိုင်း ၀င်လို့မရ၊ လယ်ယာလုပ်ခွင့်မရဖြစ်နေလို့ ညှိနှိုင်းဖို့ တားထားတာပါ။
မေး ။ အဲဒီလိုဆိုရင် အခုဆည်တည်းရွာဟောင်းကနေ တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီလားခင်ဗျ။
ဖြေ ။ အဲဒီလိုပြန်လွှတ်ပေးဖို့ကို သူတို့အကြီးအကဲတွေက အခုအချိန်ထိ လာမတွေ့သေးဘူးရှင့်။ မနေ့ကတုန်းကတော့ တာဝန်ရှိသူအကြီးအကဲတစ်ဦးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးလာပါတယ်။ သူတို့က သွပ်ဆူးကြိုးကာထားတာတွေနဲ့ပတ်သက်ပြီး ဘာမှ တာဝန်ယူစရာမရှိဘူးတဲ့။ အဲဒါကြောင့်မို့လို တရုတ်နှစ်ယောက်က အခုအချိန်ထိ ဆည်တည်းရွာမှာပဲ ရှိနေပါသေးတယ်။
မေး ။ တရုတ်လူမျိုးနှစ်ယောက်ကို ဖမ်းထားပြီးတော့ အစ်မတို့ဆီကို လုံထိန်းရဲတပ်ဖွဲ့ဝင်တွေ ၀င်ရောက်ပစ်ခတ်တယ်လို့ သိရပါတယ်။ အဲဒါကရော ဟုတ်ပါသလားခင်ဗျ။
ဖြေ ။ လုံထိန်းရဲတပ်ဖွဲ့ကတော့ ကျွန်မတို့ရွာဘက်ကို မရောက်သေးဘူးရှင့်။ ကျောက်ဖြူတိုင်ရွာဘက်မှာ လုံထိန်းရဲတပ်ဖွဲ့ဝင်တွေက အိမ်တွေကိုပစ်လို့ ရွာသားတွေနဲ့ ပြဿ နာတက်တယ်ကြားတယ်။ အတိအကျ သိချင်ရင်တော့ ကျောက်ဖြူတိုင်ရွာကိုပဲ ဆက်သွယ်မေးမြန်းပါ။ ကျွန်မတို့ကအခုဆည်တည်းရွာထဲမှာ ရှိနေလို့ပါ။
Eleven Media Group
No comments:
Post a Comment