Thursday, May 22, 2014

အမျိုးသား စီမံချက်ဖြင့် မူးယစ်ဆေးဝါး အန္တရာယ်အား ကိုင်တွယ်ရန် မွန်ပြည်သစ် ဆုံးဖြတ်


မွန်ပြည်နယ်တွင်းရှိ မူးယစ် ဆေးဝါးများအား အမျိုးသားစီမံချက်အဆင့်သတ်မှတ်၍ တားဆီးရေး၊ ပညာ ပေးရေးနှင့် မူးယစ် ဆေးဖြတ် ပြည်သူများအား ပြန်လည် ထူထောင်ရေး စခန်းများ ဆောက်လုပ်၍ ကိုင်တွယ်သွားရန် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း ပြောရေး ဆိုခွင့်ရှိသူ နိုင်ဟံသာ ဗိုန်ခိုင်မှ ပြောသည်။

“အဲဒီ ပညာပေးရေး၊ တားဆီးရေး၊ ပြန်လည် ထူထောင်ရေး စခန်းတွေ ဆောက်ပြီး အဲဒီ အစီအစဉ်ကို အကောင်အထည် ဖော်ဖို့ အခု ကျွှန်တော်တို့  ပြင်ဆင် နေပြီ၊ ဒီပြသနာ နည်းနိုင်သမျှ နည်းပြီး ပပျောက် သွားနိုင်အောင် အထိ ၊ အစိုးရနဲ့ သော်၎င်း ၊ နိုင်ငံရေး ပါတီ တွေနဲ့သော်၎င်း၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တွေနဲ့သော်၎င်း အားလုံး ပူးပေါင်း ဆောင်ရွက်သွားမယ်” ဟု နိုင်ဟံသာ ဗိုန်ခိုင်က ပြောသည်။

ထိုစီမံချက် အရ မွန်ပြည်သစ် ပါတီ ထိန်းချုပ် နယ်မြေများ ဖြစ်သည့် မော်လမြိုင် ခရိုင်၊ ထားဝယ်ခရိုင်၊ သထုံ ခရိုင်နှင့် ဗဟိုဌာနချုပ် ဝန်းကျင် ဒေသ တို့၌ ပြည်လည် ထူထောင်ရေး စခန်း တည်ဆောက် သွားရမည် ဖြစ်သည်။

လက်ရှိ၌လည်း အဆိုပါ ခရိုင် သုံးခရိုင်နှင့် ဌာနချုပ် စခန်း တို့၌ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ၊ သုံးစွဲမှု တို့ဖြင့် မွန်ပြည်သစ် ပါတီမှ ထိန်းသိန်း ထားသည့် လူများ (၂၀၀) ဝန်းကျင်ခန့် ရှိကြောင်း နိုင်ဟံသာ ဗိုန်ခိုန်မှ ဆက်ပြေသည်။

သို့သော်လည်း မွန်ပြည်သစ် ပါတီ အနေဖြင့် အရေးယူ ကိုင်တွင်မှုနှင့် အမှု စီရင်ချက် ချသည့် အပိုင်းများ၌ အားနည်းချက် ရှိနေ သေးကြောင်း မူးယစ် ဆေးဝါး ရောင်းဝယ်မှုဖြင့် မွန်ပြည်သစ်ပါတီမှ လက်ရှိ ဖမ်းဆီး ထိန်းသိမ်း ထားခြင်း ခံရသူ တစ်ဦး ဖြစ်သည့် နိုင်မင်းဇော် (အမည်လွှဲ) မှ ပြောသည်။

“ကျွှန်တော့်ကို ဖမ်းဆီး ထိမ်းသိန်း ထားတာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကတည်းက အခုထိ စီရင်ချက် မချရ သေးဘူး။ တစ်ဖက်မှာ ကျွှန်တော့် မိသားစု စားဝတ် နေရေး အတွက် ကျွှန်တော် တွေးပြီး ပူနေတယ်၊ စီရင်ချက် ချတာကို မြန်မြန် သိရလေ ကောင်းလေပဲ။ ဒါမှ မိသားစု အတွက် စီစဉ် စရာ ရှိတာကို ကျွှန်တော် စီမံ နိုင်မှာပေါ့” ဟု နိုင်မင်းဇော် (အမည်လွှဲ) က ပြောသည်။

နိုင်မင်းဇော် (အမည်လွှဲ) သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လ၌ အိမ်၌ ယူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိသဖြင့် ရောင်းဝယ် ဖောက်ကားမှုဖြင့် မွန်ပြည်သစ်ပါတီမှ ယနေ့အထိ ထိန်းသိမ်း ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခု အကောင်အထည် ဖော်နိုင်ရန် အတွက် လိုအပ်သည့် တားဆီးရေး ဆိုင်ရာနှင့် အခြား လိုအပ်သည့် နည်းဥပဒေများကို ပြီးခဲ့သည့် ဧပြီလတွင် ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ ဗဟို ကော်မီတီ အစည်းအဝေး၌ အတည်ပြု ပြဌာန်းခဲ့ပြီ ဖြစ်၍ မကြာမီစနစ်တကျ ကိုင်တွယ်သွားမည် ဖြစ်ကြောင်း နိုင်ဟံသာ ဗိုန်ခိုင်မှ ဆိုပါသည်။

မွန်ပြည်နယ် လူငယ်ထု များ၏ ၆၀ ရာခိုင်နှုန်း ကျော်မှာ ယူးယစ် ဆေးဝါး သုံးစွဲ နေသည်ကို မွန်ပြည်သစ် ပါတီမှ စစ်ဆေး တွေ့ရှိ ခဲ့ရ ပြီး မွန်ပြည်သူ လူထု များအား အန္တရာယ် ပြုနေသည့် အဆိုပါ မူးယစ် ဆေးဝါးအား စနစ် တကျ ကိုင်တွယ်ရန် ဆုံးဖြတ် ရခြင်း ဖြစ်ကြောင်း နိုင်ဟံသာ ဗိုန်ခိုင်မှ ပြောသည်။

“အဓိက ကျွှန်တော် တို့မှာ ဆေးဖြတ်မယ့် လူတွေကို စနစ်တကျ ဖြတ်နိုင်ဖို့ အဲဒါတွေ သင်ကြား ပြုစု ရမယ်၊ သူတို့ တွေကို မှန်မှန် ကန်ကန် ပြည်လည် ပြုစု ပျိုးထောင် နိုင်ဖို့ လက်အောက်အံ ခရိုင်အဆင့်ဆင့် တွေကို ကျွှန်တော်တို့ ပြန်လည် သင်ကြား ပေးရမယ်။ ကျွှမ်းကျင်သူ ဆရာဝန်တွေရဲ့ အကူအညီတွေ လိုနေတာတော့ ရှိတယ်၊ ကျွှန်တော်တို့ မဖြစ် ဖြစ်အောင် လုပ်ရတော့မယ်၊ ဒီမူးယစ် ဆေးဝါး အန္တရာယ်က ကျွှန်တော်တို့ အမျိုးသားရေးကို ခြိမ်းခြောက် နေပြီ” ဟု နိုင်ဟံသာ ဗိုန်ခိုင်က ပြောသည်။

မွန်ပြည်နယ် အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီး အရေးယူမှု အနေဖြင့် ၂၀၁၁ ခုနှစ် တွင်အမှု ၃၃ မှု၊ တရားခံ ကျား ၄၂ ဦး၊ မ ၈ ဦး၊ စုစုပေါင်း ၅၀ ဦး၊ ဆေးခြောက် ၃.၄၃ကီလို၊ စိတ်ကြွ ဆေးပြား ၁၀၁၉ ပြား၊ ဘိန်းစာရွက် ၀.၃၇၅ ကီလို၊ စုစုပေါင်း တန်ဖိုး ကျပ် ၆၁၅၈၇၅၀ ဖမ်းဆီး ရမိ ခဲ့ပါသည်။

၎င်းပြင် ၂၀၁၂ ခုနှစ်တွင် အမှု ၄၄ မှု၊ တရားခံ ကျား ၅၉ဦး၊ မ ၁၂ ဦး၊ ပေါင်း ၇၁ ဦး၊ ဆေးခြောက် ၁၅.၃၇ ကီလို၊ စိတ်ကြွဆေးပြား ၃၃၆၈ ပြား၊ ဘိန်းစာရွက် ၂၂.၁၁ ကီလို၊ စုစုပေါင်း တန်ဖိုး ငွေကျပ် ၂၃၇၅၁၀၀၀ ကိုလည်း ဖမ်းဆီး နိုင်ခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့်၂၀၁၃ ခုနှစ် တွင်လည်း အမှု ၁၀၅ မှု၊ တရားခံကျား ၁၄၅ ဦး၊ မ ၂၃ ဦး၊ ပေါင်း ၁၆၈ ဦးဆေးခြောက် ၄.၅၁၇ ကီလို စိတ်ကြွ ဆေးပြား ၂၀၇၂၄၃ ပြား၊ ဘိန်းစာရွက် ၁၆.၄၃ ဂရမ်၊ စိတ်ပြောင်း ဆေးဝါး ၂၇၉ ပြား၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၇၃၅၈၁၇၇၅ ကို ဖမ်းဆီး ရမိထားပြီး ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ ကျင်းပသည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် နဝမ ပုံမှန် အစည်း အဝေးတွင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က လွှတ်တော် ကိုယ်စားလှယ် မေးခွန်း မေးမြန်း မှုအား ပြန်လည် ဖြေကြား ထားပါသည်။

အစိုးရ မှလည်း မွန်ပြည်နယ် အတွင်း မူးယစ်ဆေးဝါး ကင်းစင် ရေးနှင့် ပတ်သက်၍ “မိုးကြိုး” စီမံချက် ဟူ၍ ချမှတ် ဆောင်ရွက် နေပြီး စီမံချက်မှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်လ (၁) ရက်နေ့ကပင် စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်း ပြည်ထဲရေး ဒုဝန်ကြီး၏ လွှတ်တော်၍ ပြန်လည် ဖြေကြား ထားချက် အရ သိရှိ ရပါသည်။

Phophtaw News Association

No comments:

Post a Comment

My Blog List