Friday, May 23, 2014

တရုတ်နိုင်ငံ ရှင်ကျန်ပြည်နယ် မြို့တော်၌ တိုက်ခိုက်မှု ဖြစ်ပွား၊ ၃၁ ဦး သေဆုံး


တရုတ်နိုင်ငံ ရှင်ကျန်ပြည်နယ် မြို့တော် အူရန်ချီရှိ ဈေးတစ်ခုအတွင်း တိုက်ခိုက်ရေးသမားများက ကားနှစ် စီးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖောက်ခွဲရေး ပစ္စည်းများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူ ၃၁ ဦး သေဆုံးပြီး ၉၀ ကျော် ဒဏ်ရာ ရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကြားသတေးနေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် မော်တော်ယာဉ်တစ်စီး ပေါက်ကွဲသွားပြီး လူပေါင်းများစွာ ထိခိုက်သေဆုံး ဒဏ်ရာရရှိသွားကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

မွတ်ဆလင်အူဂါ လူနည်းစုများ နေထိုင်ရာ တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ရှင်ကျန်ပြည်နယ်တွင် တိုက်ခိုက် မှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။

အသီးအနှံများ ရောင်းချနေသော ဈေးဆိုင်များ ရှိသည့် လမ်းတစ်ခု အဆုံးတွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ အွန်လိုင်းပေါ် တင်ထားသည့် ဓာတ်ပုံများတွင် တွေ့ရသည်။

“လမ်းကြမ်းသုံး ကားနှစ်စီး ဈေးအတွင်းက လူအုပ်ကြီးဆီကို နံနတ် ၇ နာရီ မိနစ် ၅၀ အချိန်မှာ ဦးတည် မောင်းလာပါတယ်။ ပြီးတော့ ကားထဲကနေ ပေါက်ကွဲရေး ပစ္စည်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်” ဟု မျက်မြင်တွေ့ရှိသူများ ပြောကြားချက်ကို ကိုးကားပြီး Xinhua သတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် ပေါက်ကွဲသံပေါင်း များစွာ ကြားခဲ့ရကြောင်း ဒေသခံ မီဒီယာများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် လအတွင်းကလည်း အူရန်ချီ မီးရထားဘူတာရုံ တစ်ခုတွင် ဗုံးခွဲ တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွား ခဲ့ခြင်းကြောင့် လူသုံးဦး သေဆုံးပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အူဂါခွဲထွက်ရေး ဝါဒီများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု တရုတ်အာဏာပိုင်များက စွပ်စွဲထားသည်။

ရှင်ကျန်ဒေသတွင်းသို့ ဟန်တရုတ်လူမျိုးများ ပြီးခဲ့သည့် ဆယ်စုနှစ်များမှ စတင်၍ အလုံးအရင်းနှင့် ဝင်ရောက် လာပြီးနောက် ဒေသခံ မွတ်လင်များနှင့် တရုတ်များကြား တင်းမာမှုများ ဖြစ်ပွားလာခဲ့သည်။

တရုတ်အစိုးရအဖွဲ့က အဆိုပါဒေသ တိုးတက်နိုင်ရေး ငွေကြေးများစွာ အကုန်ခံ လုပ်ဆောင်လျက် ရှိသည်ဟု ပြောကြားထားသော်လည်း အူဂါမွတ်ဆလင်များ၏ ရိုးရာအစဉ်အလာများ၊ ဘာသာရေး လွတ်လပ်ခွင့်များကို အာဏာပိုင်များက တင်းကျပ်စွာ ထိန်းချုပ်ထားသည်ဟု အချို့သော ဒေသခံများက တုံ့ပြန်ထားသည်။

အူရန်ချီမြို့တော်၌ ၂၀၀၉ ခုနှစ်တွင် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့သော အဓိကရုဏ်းတစ်ခု စတင် ဖြစ်ပွားခဲ့ပြီး ယင်းအချိန်မှစ၍ မတည်ငြိမ်မှုများ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List