Friday, May 23, 2014

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို မိုင်းလားဒေသတွင် ပြုလုပ်ရန် စီစဉ်ထားပြီး အစိုးရ၏ ခွင့်ပြု ချက်ရ၊ မရ ယနေ့သိရမည်



လိုင်ဇာညီလာခံကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားဒေသတွင် ပြုလုပ်ရန် စီစဉ်ထားပြီး အစိုးရခွင့်ပြုချက် ရ၊မရ ယနေ့ (မေ ၂၃ ရက်) တွင် သိရ မည်ဖြစ်သည်ဟု မေ ၂၂ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် အစိုးရနှင့် NCCT တို့၏ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်းရေးဆွဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲ ဒုတိယနေ့အပြီးတွင် NCCT မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောကြားသည်။
၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းက အစိုးရ၏ ခွင့်ပြုချက်ဖြင့် ကေအိုင်အိုဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသ၌ ပြုလုပ်ခဲ့သည့် ညီလာခံကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမှုအစည်းအဝေး ထပ်မံပြုလုပ်နိုင်ရေး အစိုးရမှ ခွင့်ပြုကူညီပေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)က မေ ၂၁ ရက်တွင် အစိုးရထံသို့ မေတ္တာရပ်ခံထားကြောင်း သိရသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျွန်တော်တို့ တစ်ခါတော့ စီစဉ်ပြီးပြီ။ မိုင်းလားဆိုတဲ့ဒေသမှာ သွားလုပ်ဖို့။ ကျွန်တော် ကိုယ်တိုင်တောင်မှ တရုတ်ပြည်နယ်စပ် ရောက်ပြီးပြီ။ ဒါပေမဲ့ မလုပ်ဖြစ်လိုက်ဘူး။ ဒီအစီအစဉ်က ခဏနှောင့်နှေး သွားတယ်။ ဒီတစ်ခေါက်တော့ ဖြစ်အောင် ကြိုးစားပြီးတော့ ထိပ်သီးတွေကို ဒီကရတာတွေကို သွားတင်ပြမှာပေါ့။ အခုတစ်ခေါက်လည်း အဲဒီမှာပဲဖြစ်အောင် ပြန်လုပ်မှာပါ။ မိုင်းလားမှာ ကျွန်တော်တို့က လုပ်ချင်တယ်။ အုပ်ချုပ်တဲ့သူက ဘယ်လောက်လက်ခံမလဲတော့ မသိသေးဘူးပေါ့”ဟု ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီး၏ ထိပ်သီးခေါင်းဆောင်များကို အစိုးရနှင့်အပစ်ရပ်စဲရေး ညှိနှိုင်း မှုများ ဆောင်ရွက်နေသည့် NCCT အဖွဲ့မှ အပစ်ရပ်စဲရေး ညှိနှိုင်းမှုအခြေအနေများ ရှင်းပြရမည်ဖြစ်သောကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှုလုပ်ငန်းစဉ် အမြန်ဆုံးဖြစ်ပေါ်လာရန် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးသည် လိုအပ်သည်ဟု NCCT ခေါင်းဆောင်များက ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ ထပ်မံတွေ့ဆုံနိုင်ရေး အစိုးရခွင့်ပြု ကူညီပေးရန် မေတ္တာရပ်ခံထားမှု အခြေအနေနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အဲဒါက အထွေထွေအခန်းမှာ။ အခန်းလိုက် ဆွေးနွေးတာက (၇)မှာ ပြီးမှာ။ (၇) အခန်း ပြီးတဲ့အချိန်မှာ အထွေထွေဆွေးနွေးချက်မှာတော့ နောက်တစ်ကြိမ် ဘယ်တော့တွေ့မလဲတို့၊ အခုတွေ့တဲ့ပွဲမှာ ပူးတွဲကြေညာချက်ထုတ် မထုတ်တို့၊ နောက်တစ်ခါ ခုနကပြောတဲ့ ကျွန်တော်တို့အတွက် ထိပ်သီးလုပ်ငန်းတွေအတွက် ဘယ်လိုသတ်မှတ်လဲပေါ့။

ဒီနေ့က ဆွေးနွေးပွဲရဲ့တစ်ပိုင်းတစ်စ ဖြစ်နေတော့ ဒါတွေက မဆုံးဖြတ်ရသေးဘူးဗျ။ မနက်ဖြန်လောက်မှ သိနိုင်မှာ”ဟု ပြောကြားသည်။

တိုင်းရင်းသားများ တင်ပြထားသည့် ထိပ်သီးခေါင်းဆောင်အစည်းအဝေးကို အစိုးရဘက်မှ ခွင့်ပြု၊ မပြုနှင့် ပတ်သက်ပြီး Myanmar Peace Center မှ ဦးလှမောင် ရွှေက “ကျွန်တော်တို့အဖွဲ့ရဲ့ ခေါင်းဆောင်ဝန်ကြီး ဦးအောင်မင်းအနေနဲ့တော့ ငြိမ်းချမ်းရေးကို အထောက်အကူပြုမယ့် လုပ်ငန်းရပ်တွေအားလုံးကို ဝိုင်းဝန်းကူညီဖို့ အဆင်သင့်ရှိကြောင်းလည်း ပြောထားပါတယ်။ ရှေ့မှာလည်း ကျွန်တော်တို့ လိုင်ဇာညီလာခံ လုပ်ခဲ့တယ်။ လော်ခီးလာညီလာခံ လုပ်ခဲ့တယ်။ ဒီ ငြိမ်းချမ်းရေးလုပ်မယ့် လိုအပ်တာအားလုံး အတွက်တော့ နိုင်ငံတော်ဘက်က လိုအပ်တာတွေ အားလုံးလုပ်ပေးမယ် လို့တော့ အသိပေးထားပါတယ်”ဟု ပြောကြားသည်။

တိုင်းရင်းသားခေါင်းဆောင်များ၏ လိုင်ဇာညီလာခံမှ ဖွဲ့စည်းခဲ့သည့် NCCT အဖွဲ့သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးရရှိလာရေးအတွက် ညှိနှိုင်းသည့်အဖွဲ့သာဖြစ်ပြီး အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသော အဖွဲ့ အစည်းမဟုတ်သော ကြောင့် အစိုးရနှင့် ပူးပေါင်း၍ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်းတစ်ခုတည်းဖြစ်အောင် ရေးဆွဲရာတွင် နှစ်ဖက်အကြားကွဲလွဲနေသည့် အချက်အလက်များ၊ စကားလုံးအသုံးအနှုန်းဆိုင်ရာများကို အဆုံးအဖြတ်ပေးနိုင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီး၏ ခေါင်းဆောင်များအားရှင်းပြရန် ထိပ်သီးခေါင်းဆောင်များ၏ တွေ့ဆုံ ဆွေးနွေးမှုတစ်ခု လိုအပ်သည်ဟု NCCT အဖွဲ့က ဆိုသည်။

Eleven Media Group

No comments:

Post a Comment

My Blog List