အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပူးတွဲစာချုပ် ညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့မှာ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ် ၉၀ ရာနှုန်းကျော် သဘောတူညီမှု ရခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက ပြောပါတယ်။
သူတို့ရဲ့ ပထမနေ့ ဆွေးနွေးပွဲမှာလည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာပါဝင်မယ့် အခန်း ၃ ခန်းကို သဘောတူညီမှု ရခဲ့သလို အခုတခါ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ သဘောတူခဲ့ကြတဲ့ အကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာက ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဒေါက်တာ မင်းဇော်ဦးက ပြောပြပါတယ်။
“အခုကတော့ ကျွန်တော်တို့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဆွေးနွေးတယ်။ အဲဒီမှာလည်း တပ်ပိုင်းဆိုင်ရာ ကိစ္စမှာလည်း ၉၀ ရာနှုန်းလောက်ကတော့ သဘောတူပြီးသားဖြစ်တယ်ပေါ့။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်း လောက် ဆက်ဆွေးနွေးရမယ့်ဟာလေးတွေရှိတယ်။ ဒီအပစ်အခတ် စောင့်ကြည့် လေ့လာ ရေးနဲ့ ပက်သက်ပြီး အသေးစိတ်လေး ဆွေးနွေးကြတာရှိတယ်။
တစ်ချို့ပြတ်တဲ့ ကိစ္စရပ်တွေရှိသလို တချို့မပြတ်သေးတဲ့ကိစ္စတွေလည်း ရှိတယ်ပေါ့နော်။ ကျန်တဲ့ နိုင်ငံရေးဆွေးနွေးမှု အာမခံချက်ပိုင်းဆိုင် ကျန်တဲ့ ဟာလေးတွေ နည်းနည်း ထပ်ဆွေးနွေးမယ်။”
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ အချက်ပေါင်း ၁၂၂ ချက်ပါဝင်ပြီး မနေ့ကအထိ အချက် ၇၇ ချက်ကို သဘောတူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကျန်ရှိနေတဲ့ အချက်ပေါင်း ၄၅ ချက်ထဲက ထက်ဝက်ကျော်ကို ဒီတစ်ခေါက် ဆွေးနွေးပွဲမှာ အပြီးသတ်နိုင်ဖို့ ကြိုးစားနေပြီး ဆွေးနွေးဖို့ ကျန်နေတဲ့ အချက်တွေကို ဒီကနေ့မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်အချို့ ကျန်ရှိနေသေးတာနဲ့ ပက်သက်ပြီး ဒေါက်တာ မင်းဇော်ဦး က ဆက်လက် ပြောဆိုခဲ့ပါတယ်။
“ဒီတပ်ပိုင်းဆိုင်ရာမှာ စစ်သားသစ် စုတဲ့ ကိစ္စပေါ့နော်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးပြီ ဆိုလိုရှိရင် အစိုးရဘက်ကလည်း ပြောတာက ဒါက ငြိမ်းချမ်းရေးကို သွားနေတဲ့ အချိန်ဖြစ်ပြီ။ အဲတော့ ငြိမ်းချမ်းရေးကို သွားနေပြီ၊ ငြိမ်းချမ်းရေးကို ဦးတည်ပြီဆိုတော့ အင်အားချဲ့တာတို့၊ လူသစ် စုတာတို့၊ မလုပ်ဘဲနဲ့ ရှိတဲ့ အင်အားကိုဘဲ ထိမ်းထားပေါ့နော်။ အဲလိုမျိုး ဆွေးနွေးတယ်။ တိုင်းရင်းသားတွေဘက်ကလည်း တစ်ချို့ကလည်း ဒါကို လောလောဆည်မှာ လက်ခံဖို့ခက်တယ် ပေါ့။ အဲဒါလေးတစ်ခု နည်းနည်းကျန် တဲ့ဟာလေးတွေ ရှိတယ်။ နောက်ပြီး တစ်ချို့ အသေးစိတ် လေးတွေ စကားလုံး အရပေါ့နော်။ ဝေါဟာရအရ မကွဲပြားတဲ့ ဟာလေးတွေ ကျွန်တော်တို့ ပြန်ပြီး အဓိပ္ပာယ် ဖွင့်ရမယ့် ဟာလေးတွေ ရှိတယ်။ ဥပမာဆိုပါစို့ အပစ်ရပ်နယ်မြေတို့၊ ထိမ်းချုပ်နယ်မြေတို့ စသည်ဖြင့် ဒါမျိုးလေးတွေကိုလည်း ကျွန်တော်တို့ အဓိပ္ပယ် ဖွင့်ဆိုရမယ့် ဟာလေးတွေရှိပါတယ်။”
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရအကြား ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲဟာ ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ပြီး တတိယအကြိမ် ဆွေးနွေးပွဲကျရင်တော့ မူကြမ်းကို အပြီးသတ်ဖို့ စီစဉ်ထားပါတယ်။
ABC
No comments:
Post a Comment