Tuesday, May 20, 2014

အိန္ဒိယ ရွေးကောက်ပွဲ အတိုက်အခံ ခေါင်းဆောင် မိုဒီ အပြတ်အသတ် အနိုင်ရ


ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်သည့် အိန္ဒိယတွင် ကျင်းပ ပြုလုပ်သွားသည့် ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင် နာရန်ဒရာမိုဒီ၏ BJP ပါတီ အနိုင်ရရှိသွားပြီ ဖြစ်ရာ ၎င်းနှင့် ၎င်း၏ပါတီကို ထောက်ခံသူများက ချီတက် လမ်းလျှောက်ပွဲများ ပြုလုပ်ကာ အောင်ပွဲခံလျက် ရှိကြောင်း CNN သတင်း ဌာနက ရေးသားဖော်ပြသည်။ 

မိုဒီ၏ BJP ပါတီသည် ပါလီမန် လွှတ်တော်ရှိ ၅၄၃ နေရာတွင်၂၈၂ နေရာ ရရှိပြီး အပြတ်အသတ် အနိုင်ရရှိသွားပြီ ဖြစ်ရာ အခြားပါတီများနှင့် ညွန့်ပေါင်းဖွဲ့စရာ မလိုဘဲ တိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကို ရယူနိုင်တော့မည် ဖြစ်သည်။ 

မိုဒီ၏ ရွေးကောက်ပွဲ အောင်မြင်မှုကို အိန္ဒိယ မီဒီယာများက အံ့မခန်း အောင်ပွဲတစ်ရပ် အဖြစ် ချီးမွမ်း ရေးသားကြသည်ကို တွေ့ရပြီး ၎င်းသည် မေလ ၂၁ ရက်နေ့တွင် အိန္ဒိယ ဝန်ကြီးချုပ်အဖြစ် တရားဝင် ရယူမည် ဖြစ်ကြောင်း ဖော်ပြကြသည်။ 

ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများက အတိုက်အခံခေါင်းဆောင် မိုဒီနှင့် BJP ပါတီတို့သည် ပြိုင်ဘက် နိုင်ငံရေးပါတီများ အပေါ် ပြတ်ပြတ်သားသား အနိုင်ရလိုက်ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများ အလျင်းမရှိခဲ့ကြောင်း ပြောကြားသည်။

ရွေးကောက်ပွဲ အနိုင်ရရှိပြီ ဖြစ်သောကြောင့် မိုဒီအနေနှင့် ၎င်းမဲဆွယ် ကတိစကားအတိုင်း အိန္ဒိယ၏ နှေးကွေးနေသော စီးပွားရေးကို ပြန်လည်ကောင်းမွန်အောင် လုပ်ကိုင်ရတော့မည် ဖြစ်သကဲ့သို့ အခြားသော စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများ၏ ပြောကြားချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

မိုဒီသည် စီးပွားရေးနှင့် တိုးတက်ရေးကို အဓိက ဇောင်းပေးသူအဖြစ် ရှုမြင်ခံထားရပေရာ ရွေးကောက်ပွဲ ရလဒ်များ မထုတ်ပြန်မီ တစ်ရက် အလိုကတည်းက အိန္ဒိယ၏ စတော့ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

မိုဒီသည် ၂၀၀၂ ခုနှစ်က လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့သော ဂူဂျာရတ်ပြည်နယ် မွတ်ဆလင် ဆန့်ကျင်ရေး အဓိကရုဏ်းတွင် ပါဝင် ပတ်သက်ခဲ့မှုကြောင့် ၂၀၀၅ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၏ ဗီဇာပိတ်ပင် ကန့်သတ်ခြင်း ခံခဲ့ရဖူးသည်။

သို့သော် ယခု ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာချိန်တွင် သမ္မတ ဘားရက်အိုဘားမားက ရွေးကောက်ပွဲတွင် မိုဒီ အနိုင်ရရှိသောကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း၊ ဝါရှင်တန်သို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်ကြောင်း ထုတ်ဖော် ပြောဆိုသည်။ 

ဤရက်ပိုင်းအတွင်းမှာပင် အိန္ဒိယ လက်ရှိ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် ရာထူးမှ အနားယူမည့် အကြောင်းကြားစာကို အတည်ပြု လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List