Friday, May 23, 2014

အခြေခံဥပဒေ ပြင်ဆင်ရေး ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် လူ ၃၀၀၀ ကျော် ဆန္ဒထုတ်ဖော်မည်



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်အရှေ့ပိုင်း ခရိုင်တွင် အရပ်ဘက် အဖွဲ့အစည်း ၃၅ ဖွဲ့မှ လူ ၃၀၀၀ ကျော် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း အခြေခံဥပဒေ ပြင်ဆင်ရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက် အဖွဲ့ဝင် ဦးကျော်ကျော်ညွန့်က ပြောကြားသည်။
အဆိုပါ လူပေါင်း ၃၀၀၀ ကျော် ပါဝင်မည့် ရန်ကုန်အရှေ့ပိုင်းခရိုင် ဆန္ဒထုတ်ဖော်ပွဲ ခွင့်ပြုမိန့် လျှောက်ထားလွှာကို မေလ ၁၉ ရက်နေ့တွင် သာကေတမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တင်ထားကြောင်း အခြေခံဥပဒေ ပြင်ဆင်ရေး တက်ကြွလှုပ်ရှား သူများ ကွန်ရက်ထံမှ သိရသည်။ ယင်းဆန္ဒထုတ်ဖော်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်များ ပူးတွဲ ဟောပြောမည် ဖြစ်ကြောင်း ဦးကျော်ကျော်ညွန့်က ဆိုသည်။ 

“တိုင်းရင်းသား ခေါင်းဆောင်တွေထဲက တစ်ယောက်ကိုလည်း ဖိတ်ကြားမှာပါ၊ လာရောက်ဟောပြောမှာ သေချာပါတယ်၊ ဒါပေမဲ့ ဘယ်သူ တက်မလဲ ဆိုတာကတော့ သူတို့ဘက်က သဘောပါ” ဟု ၎င်းကဆိုသည်။

လူထုဆန္ဒ ထုတ်ဖော်ပွဲကို သာကေတ ကျောက်တိုင်မှ စတင် ပြုလုပ်မည် ဖြစ်ပြီး သာကေတ အားကစားကွင်းတွင် စုရပ်အဖြစ် သတ်မှတ်ကာ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ လူထုဟောပြောပွဲသို့ တက်ရောက်ရန် ဖိတ်ကြားထားသော်လည်း တက်ရောက်မည့်သူကို ရွေးချယ်ရခြင်း မရှိသေးကြောင်း ၈၈ မျိုးဆက်ကျောင်းသား ဦးဂျင်မီက ပြောကြားသည်။

သို့သော်လည်း ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးဆိုင်ရာ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားထားခြင်းကို မသိရှိသေးကြောင်း NLD ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ဆိုသည်။

အခြေခံဥပဒေ ပုဒ် ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဟောပြောပွဲများနှင့် လူထုဆန္ဒ လက်မှတ် ကောက်ယူရေး လုပ်ငန်းများ ယခု ဒုတိယပတ်အတွင်း ဆက်တိုက် လုပ်ဆောင်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List