Thursday, May 22, 2014

ထိုင်းနိုင်ငံရေး အပြုသဘောဆောင်ဆွေးနွေးမှုဖြင့် အဖြေရှာရေး ဘန်ကီမွန်း တိုက်တွန်း



တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်အုပ်ချုပ်ရေး ထုတ်လိုက်ရသည်အထိ ဆိုးရွားသွားခဲ့သည့် ထိုင်းနိုင်ငံရေးအခြေအနေ အား အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုမျိုးဖြင့် အဖြေရှာစေလိုကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ် မစ္စတာ ဘန်ကီမွန်းက မေလ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းလိုက်သည်။
“ထိုင်းနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေကို ကုစားနိုင်ဖို့ ဒီမိုကရေစီစံနှုန်းနဲ့ နည်းနာတွေကိုစံ ထားပြီးတော့ တွေ့ဆုံဆွေးနွေး ဖြေရှင်းသွားကြဖို့လိုကြောင်း”မစ္စတာဘန်ကီမွန်း၏ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြ ထားသည်။

မစ္စတာဘန်ကီမွန်းက ထိုင်းနိုင်ငံရေး အခြေအနေတိုးတက်မှုတို့အား အနီးကပ် စောင့်ကြည့်နေကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုင်းကြည်းတပ် စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာအနေနှင့် အံသြဖွယ်ရာ မာရှယ်လောထုတ် ပြန်မှုကို အချိန်တို အတောအတွင်း အဆောတလျင် ကြေညာခဲ့ခြင်းဖြစ်ပြီး အခြားစစ်ဘက်ဆိုင်ရာနှင့် အိမ် စောင့်အစိုးရအရာရှိများနှင့် တိုင်ပင် ညှိနှိုင်းခြင်းမရှိခဲ့ဟု မေလ ၂၁ ရက်ထုတ် ဘန်ကောက်ပို့စ်သတင်း၌ ရေးသားဖော်ပြထားသည်။

ထိုသို့ ပြုလုပ်ရခြင်းမှာလည်း ထွက်ပေါက်မဲ့ပိတ်ဆို့မှုဖြစ်နေသည့် ထိုင်းနိုင်ငံရေး အကျပ်အတည်းအား ဖြေ ရှင်းနိုင်ရန် အလယ်အလတ်ကျသော ဖြေရှင်းရေး စင်မြင့်တစ်ခုအား ဖန်တီးခြင်းဖြစ်ကြောင်း ထိုင်းကြည်းတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ထိုင်းမီဒီယာများအား တုံ့ပြန် ပြောကြားထားပါသည်။

“စစ်အာဏာသိမ်းမယ်ဆိုရင် တည်ဆဲအခြေခံဥပဒေက အလိုလို ပျက်ပြယ်သွားမှာပါ။ အခု တည်ဆဲ အခြေခံဥပဒေ ပျက်ပြယ်သေးခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ စစ်အုပ်ချုပ်ရေးအရတော့ အိမ်စောင့်အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေကို စစ်တပ်က တိုက်ရိုက်ဝင်ရောက် ပတ်သက်မှုမျိုးတွေ ရှိပါတယ်”ဟု ၎င်းကမဇ်္ဈိမသတင်း ဌာနသို့ ပြောကြားခဲ့သည်။

စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက်တွင် ဘန်ကောက် အခြေစိုက် အမှတ် (၁) စစ် ဒေသလက်အောက်ခံ အမှတ် (၉) တပ်မတော်မှ အင်အားအချို့ကိုထုတ်နုတ်၍ လုံခြုံရေး ယူရန်လည်ကောင်း၊ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအတွက် လည်ကောင်းတပ်အချို့ ပို့ဆောင်ပေးရကြောင်း အမှတ် (၉) တပ်မတော်မှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ အမှတ် (၉) တပ်မတော်မှာ တပ်ရင်း ၁၈ ရင်းရှိတယ်။ အဲဒီထဲက တပ်ရင်းအလိုက် အချိုး ကျပေးပို့ရတာ။ အပြင်ကို လုံခြုံရေးအတွက် ၁၀ ယောက်လောက်နဲ့ စစ်ဘက်ထောက်လှမ်းရေးအတွက် လေးဦးလောက် ကျွန်တော်တို့ ဘန်ကောက်ကို ပို့ပေးရတယ်” ဟု အရာရှိကြီးမှ ဆိုပါသည်။

စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင်းရှိ နိုင်ငံရေးလှုံ့ဆော်မှုအတွက် အသုံးပြုနေသည့် ရုပ်/သံ ဌာန ၁၀ ခုနီးပါးနှင့် ရေဒီယိုထုတ်လွှင့်ရေးစခန်းအချို့တို့အား ထုတ်လွှင့်ခွင့် ပိတ်ပင်ခဲ့ကာ ထိုသို့ပြည် သူလူထုဆူပူစေရန် လှုံ့ဆော်မှု ပြုသူ၊ သတင်းဌာနတို့အား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မေလ ၂၀ ရက်တွင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက် ဖွဲ့စည်းထားသည့် ငြိမ်ဝပ်ပိပြားရေးကွပ်ကဲရေး အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List