Thursday, May 22, 2014

မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင်ကို လသာမြို့နယ်တရားရုံး ဖမ်းဝရမ်းထုတ်


ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံဘေးတွင် သပိတ်စခန်းဖွင့်လှစ် ဆန္ဒထုတ်ဖော်လျက်ရှိသော မိကျောင်းကန် သပိတ်စခန်း ခေါင်းဆောင်သူ ဦးစိန်သန်းကို မေလ ၂၁ ရက်နေ့တွင် လသာမြို့နယ် တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်ထားကြောင်း အဆိုပါ တရားရုံးထံမှ စုံစမ်းသိရှိရသည်။ 

ခွင့်ပြုချက် ရယူခြင်းမရဘဲ ဆန္ဒ ထုတ်ဖော်သည်အတွက် လသာမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသူ ဦးစိန်သန်းကို မေလ ၁၅ ရက်နေ့က စစ်ဆေးရန် ရုံးချိန်း ခေါ်ယူထားသော်လည်း ပျက်ကွက်ခဲ့သဖြင့် လသာမြို့နယ် တရားရုံးက ကျောက်တံတား မြို့နယ်ရဲစခန်းကို ဖမ်းဆီးပေးရန် ဝရမ်းထုတ်လိုက်ကြောင်း အဆိုပါ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

မိကျောင်းကန် သပိတ်စခန်း ခေါင်းဆောင်သူ ဦးစိန်သန်းနှင့် ဆန္ဒပြ အမျိုးသမီးငါးဦး နာမကျန်း ဖြစ်နေသောကြောင့် အဆိုပါ ရုံးချိန်းကို ပျက်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း သပိတ်စခန်းတွင် ပါဝင်ဆန္ဒ ထုတ်ဖော်သူတစ်ဦးက ရှင်းပြသည်။

“ကျွန်တော် ကျန်းမာရေး မကောင်းတဲ့အတွက် ဆေးရုံက ဆေးစာနဲ့ ၁၅ ရက်နေ့ ရုံးချိန်းကို ခွင့်တိုင်တယ်။ 

၂၁ နေ့မှာ ဝရမ်းထုတ်တယ်ဆိုတော့ အထက်က ဖိအားပေးနေသလိုပဲ။ ဥပဒေကို လေးစားပါတယ်။ ဒါပေမဲ့ ဥပဒေက ပြည်သူအပေါ်မှာ အကာအကွယ် မပေးဘူး” ဟု ဆန္ဒပြခေါင်းဆောင် ဦးစိန်သန်းက The Voice သို့ ပြောကြားသည်။ 

မိကျောင်းကန် သပိတ်စခန်း ဆန္ဒပြခေါင်းဆောင် ဦးစိန်သန်းကို လသာမြို့နယ် တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည့် မေလ ၂၁ ရက်နေ့တွင် သပိတ်စခန်း ဦးဆောင်သူအချို့က အဆိုပါ တရားရုံးသို့ သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြမှုတွင် ပါဝင်သူအချို့က ပြောဆိုသည်။ 

မိကျောင်းကန် ရပ်ကွက်အတွင်း မြေသိမ်းဆည်း ခံရမှုကြောင့် ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘေးတွင် မတ်လအတွင်းမှ စတင်ကာ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

မတ်လ ၃၀ နေ့တွင် အဆိုပါ သပိတ်စခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး အဖွဲ့ဝင်များနှင့် ရဲများက အင်အားသုံး ဖြိုခွင်းခဲ့မှုကြောင့် သပိတ်စခန်းကို ရန်ကုန်မြို့တော် ခန်းမရှေ့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများက ဆိုသည်။

အဆိုပါ မိကျောင်းကန်ရပ်ကွက် မြေသိမ်းခံရမှုကြောင့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ၁၀ ကြိမ်ခန့် သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

The Voice Weekly

No comments:

Post a Comment

My Blog List