Tuesday, May 20, 2014

ပုဒ်မ ၄၃၆ မပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲမ၀င် ဟု NLD အတွင်းစည်း ပြောကြား


NLD ပါတီနှင့် ၈၈ ငြိမ်းပွင့်တို့ ပူးပေါင်းဆောင်ရွက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲများကို မအူပင်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ဆက်တိုက်ကျင်းပခဲ့ပြီးနောက် အကယ်၍ ပုဒ်မ ၄၃၆ မပြင်ဆင်ခဲ့ပါက ၂၀၁၅ ရွေးကောက်ပွဲသို့ NLD ပါတီ ၀င်ရောက် ယှဉ်ပြိုင်မည်မဟုတ်ဟု ခြံအမှတ် ၅၄ အတွင်းစည်းပုဂ္ဂိုလ်တစ်ဦးက ပြောကြားလိုက်သည်။ 

“လူတော်တော်များများက ပြင်မပေးရင်၊ ပြင်လို့မရရင် ဘာဆက်လုပ်မလဲ မေးကြပါတယ်။ အမေစုက မပြင် ရင် မ၀င်ဘူးပေါ့၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ဘာဖြစ်လို့ ၀င်မှာလဲ ဆိုပြီး ပြန်ဖြေတာ ကျွန်တော် ကိုယ်တိုင် ကြားခဲ့ရပါတယ်။ 

ကျွန်တော်က အမေစုစုနဲ့ အနီးကပ် တောက်လျှောက်နေခဲ့ရတော့ တချို့န်ဟာတွေ အကုန်လုံး ပြောလို့တော့ မရဘူး။ ဒါပေမယ့် ဒါက ပါတီအကြီးအကဲတွေနဲ့ ဆွေးနွေးရင်း ပြောဖြစ်တဲ့ကိစ္စပါ” ဟု ပါတီဥက္ကဌ၏ ယုံကြည်စိတ်ချရသည့် အတွင်းလူ တစ်ဦးက ပြောဆိုသည်။

“ဦးဥာဏ်ဝင်းတို့က မပြင်လည်း ၀င်ရမယ်၊ ဒါက စီအီးစီ သဘောတူဆုံးဖြတ်ထားတာပဲ ဆိုပြီး ပြန်ပြော တယ်။ ဒီတော့ အမေစုက ဦးဝင်းမြင့်ကို ခေါ်ပြီး ပြောတယ်။ မီဒီယာတွေကို ၀င်မယ်လို့ ပြောတာ NLD သဘောထား မဟုတ်ဘူး ဆိုပြီး ပြန်ပြောခိုင်းတယ်။ 

ဒီတော့ ဦးဝင်းမြင့်က ဦးဥာဏ်ဝင်းပြောတာ ပါတီသဘောထား မဟုတ်ဘူးဆိုပြီး ပြန်ကြေညာတယ်။ အမေစု ကတော့ မပြင်ပေးရင် မတရားဘူး၊ မတရားတာ မှန်သမျှ လက်မခံဘူး ဆိုပြီးတော့ ဆုံးဖြတ်ထားပုံရတယ်။ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ အပေးအယူ လုပ်ထားတွေလည်း ရှိတယ်။ သူရဦးရွှေမန်းက စစ်တပ်ကို ပိုင်တယ် လို့ အစက ထင်ထားတာ။ ပြီးတော့ လွှတ်တော်ထဲမှာ စစ်တပ်နဲ့ အချေအတင် ဖြစ်တော့မှာ ငါထင်တာ မှားသွားပြီ၊ စစ်တပ်ကို ပိုင်တာ၊ စစ်တပ်ကို ကိုင်ထားတာ ဦးရွှေမန်း မဟုတ်ဘူး ဆိုပြီး အမေစု ပြောတာတွေ့ဘူးတယ်။ ဒါပေမယ့် ဟန်မပျက်ရအောင်ရယ်၊ လိုအပ်တဲ့ နေရာမှာ အသုံးချလို့ ရအောင်ရယ် ဆက်ဆံရေး မြှင့်တဲ့ ပုံစံမျိုး လုပ်မယ် ဆိုပြီး လုပ်ခဲ့တာ။ ဒီနောက်ပိုင်း ဦးရွှေမန်း ပြောတာတွေ မယုံတော့ဘူး။ အဓိက သဘောတူညီချက်ကတော့ အပြန်အလှန် ကူညီရေး ပဲ ဖြစ်မှာပါ။ 

ဦးရွှေမန်းမိသားစုဝင်တွေကလည်း အမေစုကိုဆို ဖူးဖူးမှုတ်ထားတာ။ သူတို့က စစ်တပ်ထဲမှာ လုပ်ခဲ့တဲ့ ပုံစံမျိုး လုပ်နေတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်က တစ်ခါတစ်လေ၀င်ပြောတယ်။ အမေစု သူတို့ကို မယုံနဲ့လို့။ တစ်နိုင်ငံလုံး သူတို့ စီးပွားရေး လက်ညိုးထိုး မလွဲဘူးလို့။ သူတို့လိုချင်တာ အာဏာတစ်ခုတည်းပဲ။ အမေစုကို အသုံးချသွားလိမ့်မယ်ဆိုပြီး ပြောခဲ့ဘူးပါတယ်။ သူတို့ဘက်ကတော့ အခြေခံဥပဒေ မပြင်နိုင်လို့ ရွေးကောက်ပွဲ မ၀င်တာမျိုး မလုပ်ပါနဲ့ဆိုတဲ့ သဘောမျိုးတော့ရှိတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။

“ကျွန်တော်တို့ကတော့ မပြင်ရင် မ၀င်နဲ့။ ရှင်းရှင်းလေးပဲ။ NLD မပါရင် ဒီရွေးကောက်ပွဲ မျှတမှာ မဟုတ်ဘူး ဆိုတာ နိုင်ငံတကာက လက်ခံထားပြီးသားပဲ။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲ မမျှတရင် စီးပွားရေး ပိတ်ဆို့တာတွေ ဆက်ရှိနေဦးမှာပဲ၊ ထောက်ပံ့ကူညီတာတွေ ရသင့်သလောက်ရမှာ မဟုတ်ဘူးလေ။ NLD နိုင်မှ ကူညီမှာ၊ ပိတ်ဆို့မှုတွေ ဖယ်ပေးမှာ။ ဒါကိုလည်း ပါတီဥက္ကဌကိုယ်တိုင် အိုဘားမားတို့၊ ကင်မရွန်းတို့၊ အီးယူနိုင်ငံခေါင်းဆောင်တွေကို ပြောထားပြီးသား။ သူတို့ဘက်ကလည်း သဘောတူ လက်ခံထားပြီးသား။ ပြည်သူတွေ နစ်နာတာကတော့ တစ်မျိုးပေါ့၊ ဒီနိုင်ငံမှာ NLD ပါတီ အုပ်ချုပ်မှ တရားမျှတမှုတွေ ပေါ်လာမှာ၊ တရားဥပဒေ စိုးမိုးလာမှာ” ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦး က ပြောဆိုသည်။ 

“အခုပြောတာတွေကိုတော့ မီဒီယာတွေမှာ မထည့်နဲ့ဦးနော်။ NLD ပါတီက ပြည်သူတွေအတွက် ထည့်မတွက်ဘဲ ညစ်ပတ်တာ မဟုတ်ပါဘူး။ တစ်ခါက ပတ်မကြီးထိုးဖောက်တယ် ဆိုပြီး ဦးသိန်းစိန် ပြောတယ်လေ။ ဒါကို ပါတီဥက္ကဌက စိတ်ဆိုးတယ်။ နောက်ပိုင်း လာသမျှ နိုင်ငံခြား ဧည့်သည်တွေဆို မြန်မာနိုင်ငံအကြောင်း မကောင်းတာတွေချည်းပဲ ရွေးပြောနေသလားတောင် ထင်ရတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မ၀င်လို့ သူတို့ နိုင်လည်း အုပ်ချုပ်ပါစေ၊ ပိတ်ဆို့မှုတွေ ဆက်ရှိနေတော့ ဒီပုံစံအတိုင်းပဲ ရှိမှာပဲ။ ကျွန်တော်တို့ကတော့ ဘာထူးမှာလဲ၊ ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားမှာမှ မဟုတ်တာ” ဟု ၄င်းက ပြောသည်။ 

ပုဒ်မ ၄၃၆ မပြင်ခဲ့ပါက လမ်းပေါ်ထွက်မည်လား ဟူသော မေးခွန်းအား “အင်း...ဒါကတော့ ပြောရခက် တယ်။ ဥက္ကဌက ဥပဒေဘောင်ထဲကပဲ တောင်းဆိုမယ် ပြောထားတာ။ တရားဥပဒေစိုးမိုးရေး ကော်မတီ ကိုလည်း တာဝန်ယူထားရတော့ ပြောရခက်တယ်။ NLD အနေနဲ့တော့ လမ်းပေါ် ထွက်ချင်မှ ထွက်မယ်။ ဒါပေမယ့် ၈၈ တွေထဲမှာ မင်းကိုနိုင်တို့ကတော့ ဆန္ဒပြမှုတွေ လုပ်ဖို့ စိတ်ထက်သန်တယ် ဆိုတော့ ၈၈ ဘက်က ပတ်ပြီး လုပ်လိမ့်မယ် ထင်တယ်။ လုပ်နိုင်တယ် ပေါ့။ တစ်နိုင်ငံလုံး ဆူဆူပူပူ ဖြစ်အောင် ၈၈ တွေကလုပ်၊ ကျွန်တော်တို့ NLD က လွှတ်တော်ထဲက ဖိအားပေး၊ လွှတ်တော်ဥက္ကဌကြီးကလည်း ထောက်ခံပေး၊ ဒါဆိုရင် ရနိုင်မယ် ထင်တယ်။ ထိပ်တိုက်တွေ့လည်း မတတ်နိုင်ဘူး။ ကျွန်တော်တို့ကတော့ စစ်ဘက်က အာဏာသိမ်းလည်း မတတ်နိုင်တော့ဘူး။ ပါတီဥက္ကဌက အသက်ကြီးပြီ။ ၂၀၁၅ မှာမှ သမ္မတ မဖြစ်ရင် ဖြစ်ဖို့ မလွယ်တော့ဘူး” ဟု ၄င်းက ပြောကြားသည်။ 

“ဒါကမှ အောက်တန်းကျတဲ့ နိုင်ငံရေး၊ ညစ်ပတ်တဲ့ နိုင်ငံရေးဗျ။ ပြည်သူတွေကို လုံးဝ ထည့်မတွက်ဘဲ တိုင်းပြည် ဆူပူအောင် လုပ်မယ်ဆိုတဲ့ ပါတီမျိုးကို ကျွန်တော်ကတော့ မလေးစားဘူး။ တိုင်းပြည် ဘာဖြစ်ဖြစ်၊ ပြည်သူတွေ ဘာဖြစ်ဖြစ် ငါတို့ အာဏာရရင် ပြီးရော ဆိုတဲ့ အချိုးကတော့ လက်မခံနိုင်ဘူး။ အခု ၄၃၆ မပြင်တော့ရော ဘာများ ထိခိုက်သွားလို့လဲ။ ဒီ ၂၀၀၈ ကြီးက လုံးဝ သုံးစားလို့ မရပါဘူး အပုပ်ချနေတာ၊ ဒီ ၂၀၀၈ ကြောင့် ဦးသိန်းစိန်ကြောင့် ဒီအုပ်စုတွေ ထောင်က ပြန်လွတ်လာတာ။ သူတို့ကို ပြန်လွှတ်ပေးရမယ် ဆိုပြီး ဘယ်ဥပေးမှာမှ ရေးမထားဘူး။ နိုင်ငံသားတိုင်း အခြေခံဥပဒေကို လေးစားရမယ်။ လိုက်နာရမယ်။ တစ်သက်လုံး ဆန္ဒပြ အခုအချိန်အထိ ဆန္ဒပြတာကလွဲပြီး ကျန်တာ မသိဘူးလို့ ကျွန်တော်ကတော့ ပြောချင်တယ်။ အခုလက်ရှိ နိုင်ငံတည်ဆောက်နေတဲ့အချိန်မှာ ၈၈ တွေ ဘယ်နေရာက လုပ်ပေးနေသလဲ။ ဥပဒေပြုရေးဆိုရင် ဘာမှန်းမသိတဲ့သူတွေ။ ဒီအချိန်မှာ ပညာတတ်တွေ လိုတယ်။ ပညာမဲ့တွေ၊ ဆန္ဒပြသမားသက်သက်တွေနဲ့ တိုင်းပြည် တည်ဆောက်လို့ မရဘူး” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောဆိုသည်။

“NLD ၂၀၁၅ ကို သပိတ်မှောက်မယ်ဆိုရင်တော့ ကြိုဆိုတာပေါ့ဗျာ။ သူတို့ မပါရင် ကျန်တဲ့ ပါတီတွေအတွက် အခွင့်အရေးတွေ ပိုပြီးရလာမှာ သေချာတယ်။ ဒါပေမယ့် ဒီကနေ့ နိုင်ငံရေးလုပ်မယ် ဆိုရင်တော့ ရွေးကောက်ပွဲကို ၀င်ရမှာပဲ။ လွှတ်တော်နိုင်ငံရေးကို သွားရမှာပဲ။ ဒါကို မလုပ်ချင်ဘဲ ကန့်လန့်တိုက် ဂဏန်းလိုသွားနေမယ်၊ ဘေးလွယ်အိတ်လို ဘေးထိုင်နေမယ် ဆိုရင်တော့ ကျွန်တော်တို့က ၀မ်းမြောက်ဝမ်းသာ ထောက်ခံပါတယ်။ ဒါပေမယ့် NLD က ဒီလောက် သတ္တိရှိမယ် မထင်ပါဘူး။ သူတို့က အာဏာ လိုချင်တာလေ။ ပြည်သူတွေ၊ တရားမျှတမှုတွေ ဆိုတာ အလကား လျှောက်ပြောနေတာ။ သူတို့ အာဏာ ရရေးပဲ။ မယုံရင် NLD လုပ်နေတဲ့ လှုပ်ရှားမှုတွေ တစ်ခုချင်း ပြန်လေ့လာကြည့်” ဟု အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။ 

ခြံအမှတ် ၅၄ အတွင်းစည်းပုဂ္ဂိုလ်တစ်ဦးမှာ ခွန်ခေါင် ခေါ် ကိုမောပြေ ဖြစ်ကြောင်း၊ ၄င်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လမ်းညွှန်မှုဖြင့် “ခွန်ဒီးယမ်” အမည်ဝှက်ဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် တပ်မတော်နှင့် အစိုးရကို ရှုတ်ချဝေဖန်နေသူ ဖြစ်ကြောင်း၊ ၄င်း၏ ဝေဖန် ပြောဆိုချက် များမှာ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်နေဖွယ်ရာ ရှိကြောင်း နီးစပ်သူတစ်ဦးက ခန့်မှန်း ပြောဆိုသည်။

“ခွန်ခေါင် ပြောတာဆိုရင်တော့ ၂၀၁၅ ရွေးကောက်ပွဲ သပိတ်မှောက်မယ် ဆိုတာ ဖြစ်နိုင်တယ်။ ဒေါ်စုတို့ ပြောသမျှ သူသိနေတာပဲ။ သူက ဒေါ်စု လူယုံလေ။ နိုင်ငံခြားသွားလည်း သူပဲ လိုက်ရတာ။ ခွန်ဒီးယမ် ဆိုတာ facebook မှာ ဆော်နေတာ သူပဲလို့ထင်တယ်။ သူမဟုတ်ရင်တောင်မှ သူနဲ့ ဆက်စပ်နေတဲ့ သူဖြစ်မယ်။ ဥပမာ ကိုဆန်နီတို့ဘာတို့ပေါ့။ သူတို့က ဒေါ်စုရဲ့ အနီးကပ် ညွှန်ကြားချက်တွေနဲ့ လုပ်ကိုင်နေကြ တာ။ ကာချုပ်တို့ သမ္မတတို့ကို ဝေဖန်တယ်ဆိုတာလည်း သူတို့ သဘောထားသက်သက်တော့ မဟုတ်နိုင် ဘူး။ နောက်က ညွှန်ကြားတာတွေ ရှိနိုင်တယ်ထင်တယ်”ဟု ခြံအမှတ် ၅၄ အတွင်းစည်းပုဂ္ဂိုလ်များနှင့် ရင်းနှိးသူတစ်ဦးက ပြောဆိုသည်။ 

ပြည်သူ့အာဏာ

No comments:

Post a Comment

My Blog List