Friday, May 23, 2014

NLD နှင့် ၈၈ ပူးပေါင်းကာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မြို့ကြီး ၁၇ မြို့တွင် ထပ်မံဟောပြောမည်




ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအကောင်အထည်ဖော်မှု ကော်မတီက အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နှင့် (ခ) ကို ပြင်ဆင်ပေးမည်ဟု ဆိုထားသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က ယင်းပုဒ်မ ပြင်ဆင်ပေးရေးအတွက် မြို့ကြီး ၁၇ မြို့တွင် ဟောပြောပွဲများနှင့် လူထုဆန္ဒ လက်မှတ် ကောက်ယူပွဲများ ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း NLD ဗဟို ကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။
အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပြည်သူများအားလုံး သိရှိနားလည်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ် မြို့ကြီးများတွင် ဟောပြောပွဲများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပုဒ်မ ၄၃၆ ကို နားလည်အောင် ရှင်းပြရမယ့် အချိန်ရောက်နေလို့ နိုင်ငံအနှံ့ ဟောပြောပွဲများ ပြုလုပ်သွားမှာပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် ဟောပြောပွဲပြုလုပ်မည့် သက်ဆိုင်ရာ မြို့နယ်များအလိုက် ပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်သောကြောင့် ထုတ်ပြန်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၈၈ မျိုးဆက်ကျောင်းသား ဦးဂျင်မီက ပြောကြားသည်။

“တချို့ မြို့တွေမှာ အခက်အခဲ ရှိနိုင်မလား ဆိုတာကို ပြန်စဉ်းစားရဦးမှာပါ” ဟု ၎င်းကဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကော်မတီက ဆုံးဖြတ်ထားသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောထားကို မသိ ရှိနိုင်သောကြောင့် နိုင်ငံအနှံ့ လူထုဟောပြောပွဲများ ပြုလုပ်ခြင်းဖြင့် ဖိအားပေးခြင်း ဖြစ်နိုင်ကြောင်း သီပေါ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

“၄၃၆ ကိုပြင်မယ်လို့ ကော်မတီက ဆုံးဖြတ်ပေမယ့် အများဆန္ဒအရ ဆုံးဖြတ်တာဆိုရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သဘောထားကဘာလဲ မသိနိုင်ဘူး။ ကာကွယ်ရေး ဦးစီးချုပ်က ကော်မတီနဲ့ အတူတူပဲ ဆိုရင်တော့ နိုင်ငံအနှံ့ ဟောပြောပွဲ ပြုလုပ်တာက လူထုအားကို ဖြုန်းတီးသလို ဖြစ်မယ်” ဟု ၎င်းကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၆ ကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း မေလ ၁၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် ကော်မတီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဆုံးဖြတ်ကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန်ထားသည်။

အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈ မျိုးဆက်များ ပူးတွဲလူထု ဟောပြောပွဲများကို မေလ တတိယအပတ်မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့ ဟောပြောပွဲများ ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း NLD ပါတီမှ ထုတ်ပြန်ထားသည်။

မေလ ၂၀ ရက်နေ့တွင် NLD ပါတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများသည် လူထုကို လမ်းပေါ်ထွက် ဆန္ဒပြစေရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ အခြေခံဥပဒေ၏ အကြောင်းအရာများကို ရှင်းလင်းခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List