Wednesday, May 21, 2014

ထိုင်းနိုင်ငံလို မြန်မာနိုင်ငံမှာ မဖြစ်နိုင်ဘူးလို့ ကာကွယ်ရေးဝန်ကြီး ပြောကြား


မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖော်ထုတ်နိုင်ဖို့ လွှတ်တော်ရှိတဲ့အပြင် ဆန္ဒဖော်ထုတ် ခွင့်တွေကို ဥပဒေအတိုင်း ခွင့်ပြုနေတာကြောင့် ထိုင်းနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ စစ်အုပ်ချုပ်ရေး အခြေအနေမျိုး မဖြစ်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် က ဒီနေ့ ပြောကြားပါတယ်။

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးတွေ အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် က အခုလို ဖြေကြားခဲ့တာပါ။

"လက်ရှိအနေအထားဟာ ကျနော်တို့ နိုင်ငံရေးရဲ့ အနေအထားမှာ ဖြစ်မယ် မဖြစ်ဘူးဆိုတာကို ကျနော် တို့တော့ ပြောလို့မရပါဘူး၊ ကျနော်တို့နိုင်ငံမှာလည်း အရင် ၁၉၈၈ ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်၊ သို့သော်လည်းပဲ လက်ရှိပြည်သူလိုအပ်တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ပွင့်ပွင့်လင်းလင်း နဲ့ လုပ်နေတယ်၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုလည်း ပြည်သူ့လွှတ်တော်မှာလည်း ပွင့်လင်းစွာဖော် ထုတ်နိုင်တယ်၊ ဒ့ါအပြင် သက်ဆိုင်ရာဆန္ဒပြခွင့်ကိုလည်း သက်ဆိုင်ရာစည်းကမ်းစနစ်နဲ့အညီ ပေးထား တဲ့အတွက် ဒီ့ထက်ကြီးထွားတဲ့ဟာမျိုးတွေ မဖြစ်နိုင်ပဲနဲ့ လွတ်လပ်စွာပြောဆိုခွင့်တွေ ရရှိနေတဲ့အတွက် ကျနော်တို့နိုင်ငံမှာ ဖြစ်နိုင်စရာမရှိဘူးလို့ ယုံကြည်ပါတယ်"

ဒီနေ့မနက်စောစောပိုင်းက ထိုင်းနိုင်ငံမှာ စစ်တပ်က မာရှယ်လော ညမထွက်ရ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြေညာလိုက်ပါတယ်။ အဲဒါနဲ့ဆက်စပ်ပြီး သတင်းထောက် က မေးမြန်းခဲ့တာဖြစ်ပါတယ်။

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို မနေ့ကစပြီး နေပြည်တော်မှာ ၃ ရက်ကြာ ကျင်းပနေ တာဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List