Tuesday, May 20, 2014

ကူးတို့သင်္ဘော နစ်မြုပ်မှုတွင် တာဝန် ပျက်ကွက်ခဲ့သည့် ကမ်းခြေစောင့် တပ်ကို ဖျက်သိမ်းမည်ဟု ပတ်ဂွမ်ဟီး ကြေညာ


တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလအတွင်း ဖြစ်ပေါ်ခဲ့သော ကူးတို့သင်္ဘော နစ်မြုပ်မှုကြောင့် လူပေါင်း ၃၀၀ နီးပါးခန့် သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ သမ္မတ ပတ်ဂွမ်ဟီးက ပြည်သူများကို ဝမ်းနည်းကြေ ကွဲစွာ တောင်းပန်ခဲ့ပြီး ယင်းဖြစ်ရပ်တွင် ကယ်ဆယ်ရေးအတွက် အဓိက တာဝန်ရှိသော ကမ်းခြေစောင့် တပ်ဖွဲ့ကို ဖျက်သိမ်းပစ်မည်ဟု အသိပေး ပြောဆိုလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ 

“ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ လုံခြုံရေးအတွက် တာဝန်ရှိတဲ့ သမ္မတတစ်ယောက် အနေနဲ့ ထိခိုက် ခံစားနေရတဲ့ ပြည်တွေကို အနူးအညွတ် တောင်းပန်အပ်ပါတယ်။ သင်္ဘောနစ်မြုပ်မှုကို ကောင်းမွန်စွာ တုံ့ပြန်ဆောင်ရွက် ပေးနိုင်မှု မရှိတဲ့ကိစ္စဟာ ကျွန်မရဲ့ နောက်ဆုံး တာဝန်ပါ” ဟု မစ္စပတ်ဂွမ်ဟီးက ပြောကြားသည်။ 

Sewol ဟု အမည်ရသည့် ကူးတို့သင်္ဘောသည် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့တွင် ဂျေဂျူးကျွန်းသို့ ခုတ်မောင်းသွားစဉ် တိမ်းမှောက်နစ်မြုပ်ခဲ့ရာ လူပေါင်း ၃၀၄ ဦးကျော်ခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ သည်။

ယင်းသင်္ဘောပေါ်တွင် လိုက်ပါသွားသူ အများစုမှာ လေ့လာရေးခရီး ထွက်လာသူ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသည်။ 

ကိုရီးယား ကျောင်းသား ကျောင်းသူလေးများ၏ အဆိုပါ ခရီးစဉ်ကို အန္တရာယ် ကင်းဝေးစေရန် ကာကွယ်ပေးနိုင်စွမ်း မရှိခဲ့သည့်အတွက် လွန်စွာ ဝမ်းနည်းမိကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်သူ မစ္စပတ်ဂွမ်ဟီးက မျက်ရည်များဝဲကာ ပြောကြားသည်။ 

Sewol ကူးတို့သင်္ဘော တိမ်းမှောက်နစ်မြုပ်သည့် ဖြစ်ရပ်ဆိုးကြီးကြောင့် တောင်ကိုရီးယားနိုင်ငံ၏ လုံခြုံရေး ဆိုင်ရာ အစီအမံ၊ အဆင့်အတန်းတို့နှင့် ပတ်သက်၍ ပြည်သူအများအပြားက ပြစ်တင် ဝေဖန်လျက်ရှိသည်။ 

ကူးတို့သင်္ဘော နစ်မြုပ်စဉ် ကယ်ဆယ်ရေးအဖွဲ့က ကောင်းမွန်စွာ ကယ်တင်နိုင်ခြင်း မရှိခြင်းကြောင့်လည်း အစိုးရမှာ ပြည်တွင်းမီဒီယာများ၊ သေဆုံးခဲ့သော မိသားစုဝင်များ၏ ဝေဖန်ပြောဆို ခံခဲ့ရသည်။ 

အဆိုပါ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပေါ်ခဲ့ရာတွင် ကယ်ဆယ်ရေးလုပ်ငန်း ကောင်းစွာ လုပ်ကိုင်ပေးနိုင်ခြင်း မရှိခဲ့သည့် ကမ်းခြေစောင့်တပ်ဖွဲ့ကို သမ္မတက ပြစ်တင်ပြောဆိုကာ ယင်းအဖွဲ့ကို ဖျက်သိမ်းပစ်မည်ဟု ကြေညာသည်။ 

“ကျွန်မ အလေးအနက်ထား စဉ်းစားပြီးပါပြီ၊ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖျက်သိမ်းပစ်ဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီဖြစ်ရပ်ဆိုးကြီးမှာ သေဆုံးသွားခဲ့တဲ့ သူတွေအတွက် ဆုတောင်းပေးပါတယ်။ သူတို့ရဲ့ မိသားစုဝင်တွေကိုလည်း ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲမိတယ်လို့ ပြောလိုပါတယ်” ဟု ပတ်ဂွမ်ဟီး က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List