Wednesday, May 21, 2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်ခုတည်းသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်းရေးဆွဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲ ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်မည်



အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့အကြား တစ်ခုတည်းသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာစာချုပ်မူကြမ်းရေးဆွဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲကို ယနေ့(မေ ၂၁ ရက်)မှ စတင်ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲကို မေ ၂၁ ရက်နှင့် ၂၂ ရက်များတွင် ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်သွား မည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်တက်ရောက်သွားမည်ဖြစ်ပြီး KNU မှ ပဒိုကွယ်ထူးဝင်း ဦးဆောင်သည့် NCCT အဖွဲ့ဝင် ရှစ်ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်း တစ်ခုတည်း ရရှိရေးအတွက် အစိုးရဘက်မှ ကိုယ်စားလှယ် ကိုးဦး၊ NCCT ဘက်မှ ကိုယ်စားလှယ်ကိုးဦးပါဝင်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူညီချက် ပူးတွဲရေး သားပြုစုရေး လုပ်ငန်းအဖွဲ့မှ ဆောင်ရွက်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဧပြီ ၅ ရက်မှ ၈ ရက်အထိ ပြုလုပ်ခဲ့သည့် ရန်ကုန်ဆွေးနွေးပွဲတွင် မူကြမ်း (ပထမအဆင့်)ကို ရေးဆွဲနိုင်ခဲ့ပြီး ယခုဆွေးနွေးပွဲတွင် ယင်းမူကြမ်းအား အချော သပ်နိုင်ရေး ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

အတိတ်ကာလတွင် ပြုလုပ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးများ မအောင်မြင်ရသည့် အားနည်းချက်များကို ပြန်သုံးသပ်ပြီး လက်ရှိမူကြမ်းရေးဆွဲမှုမှ ရှေ့ဆက်သွားနိုင်ပါက တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးသည် အချိန်မကြာဘဲ အောင်မြင်မှု ရရှိမည်ဟု . . . . .

သို့ရာတွင် ယခုဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ မူကြမ်း (ပထမအဆင့်)ကို အချောသပ်ရေးဆွဲနိုင် ဖွယ် မရှိကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက ယခုဆွေးနွေးပွဲနှင့် ပတ်သက်ပြီး သုံးသပ်ပြောကြားခဲ့ကြကာ အားလုံး လက်ခံနိုင်မည့် သဘောတူညီချက်တစ်ခု ရရှိမည့် အချိန်အထိ ဆက်လက်ဆွေးနွေးသွားမည်ဟု ၎င်းတို့ကဆိုသည်။

ယခုပြုလုပ်မည့် ဆွေးနွေးပွဲသို့ NCCT ဘက်မှ အဖွဲ့ခေါင်းဆောင် ပဒိုကွယ်ထူးဝင်း၊ မူကြမ်းရေးဆွဲမည့် အပိုင်းတွင် တာဝန်ယူဆောင်ရွက်မည့် ဒေါက်တာဆလိုင်းလျန်မှုန်း၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဦးရွှေမျိုးသန့်တို့ အပါအဝင် ရှစ်ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အတိတ်ကာလတွင် ပြုလုပ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးများ မအောင်မြင်ရသည့် အားနည်းချက်များကို ပြန်သုံးသပ်ပြီး လက်ရှိမူကြမ်းရေးဆွဲမှုမှ ရှေ့ဆက်သွားနိုင်ပါက တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးသည် အချိန်မကြာဘဲ အောင်မြင်မှု ရရှိမည်ဟု NCCT ဘက်က ဧပြီလအတွင်း ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောကြားထားသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးမှုကို ယခုနှစ် ဩဂုတ်မတိုင်မီ ပြုလုပ်ချင်သည်ဟု တပ်မတော်ဘက်မှ တိုင်းရင်းသားများဘက်သို့ အဆိုပြုထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များက ယင်းကာလမတိုင်မီ လက်မှတ်ရေးထိုးမှု ပြုလုပ်လိုသည်ဟု ပြောကြားထားသည်။

သို့ရာတွင် ဧပြီလဆန်းက ပြုလုပ်ခဲ့သည့် အစိုးရနှင့် NCCT တို့၏ ဆွေးနွေးပွဲအပြီး မကြာမီ ရက်ပိုင်းအတွင်း၌ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး မလုပ်ရသေးသည့် NCCT အဖွဲ့ဝင်ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)၏ ကေအိုင်အေတပ်များနှင့် အစိုးရ၏ တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲများကြောင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ငန်းစဉ်သည် နှောင့်နှေးသွားနိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များက သုံးသပ်ပြောကြားခဲ့ကြသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကေအိုင်အိုအဖွဲ့မှ အစိုးရနှင့် ၎င်းတို့အကြား ပြုလုပ်ထားသည့် ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ် တစ်ခုလုံးကို ပြန်လည်သုံးသပ်ရန် မြစ်ကြီးနားမြို့၌ အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့ တွေ့ဆုံရန် အဆိုပြုခဲ့ရာ မေ ၁၃ ရက်တွင် မြစ်ကြီးနားမြို့၌ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ကြသည်။

အစိုးရနှင့် ကေအိုင်အိုအဖွဲ့၏ မြစ်ကြီးနားဆွေးနွေးပွဲသို့ NCCT အဖွဲ့ခေါင်းဆောင်များ၊ ကုလသမဂ္ဂနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြပြီး အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစိုးရနှင့် NCCT တို့အကြား နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကိစ္စများသာ ဆွေးနွေးရန် ကျန်တော့သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရန် ၂ဝ၁၃ ခုနှစ်အတွင်းကတည်းက အစိုးရဘက်မှ စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လက်မှတ်မရေးထိုးနိုင်ခဲ့ဘဲ လက်ရှိအချိန်အထိလည်း တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုပြုလုပ်ရန် ညှိနှိုင်းနေဆဲသာဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List