Thursday, January 09, 2014

ညံ့ဖျင်းသော NLD များ အစိုးရကို လက်ညိုးထိုး



ချင်းပြည်နယ်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ မဲဆွယ်ရန် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် ဟားခါး မြို့သို့ ဇန်နဝါရီ ၈ရက် ညနေတွင် ရောက်ရှိခဲ့ပြီး ပြည်ထောင်စုရိပ်သာ၌ တည်းခိုရန် စီစဉ်ထားသော် လည်း ၆ ယောက်စာသာ ရရှိခဲ့သဖြင့် ချယ်ရီတည်းခိုခန်းတွင်သာ တည်းခိုခဲ့ပြီး ခရီးစဉ်ကို လိုက်ပါ သတင်းယူသော သတင်းထောက်များလည်း ဟားခါးတွင် တည်းခိုရန် ကြိုတင် ဘွတ်ကင်တင်ထားသော ဟိုတယ်နှစ်ခုလုံး မရရှိသဖြင့် နီးစပ်ရာ တည်းခိုခန်းနှင့် ဘုန်းကြီးကျောင်းများတွင် လူခွဲကာ တည်းခိုလိုက် ရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို စီစဉ်သူများတွင် အဓိက တာဝန်ရှိပြီး ပူးပေါင်းဆောင်ရွက်မှု အားနည်း ကြောင်း ထင်ရှားနေသည်။ အထူးသဖြင့် ရန်ကုန် NLD ရုံးချုပ်သည် ခရီးစဉ်တစ်ခုကို အဆင်ပြေချော မွေ့အောင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ထင်ရှားပေါ်လွင်နေသည်။

"ခရီးစဉ်က ရန်ကုန် NLD ရုံးချုပ်က စီစဉ်တာ။ ကျွန်တော်တို့က ပြည်ထောင်စု ရိပ်သာကိုပဲ ပြောထားတာ။ ဘယ်သူတွေ ဘယ်လောက်ပါလာမှာလဲဆိုတာ ကျွန်တော်တို့လည်း မသိရဘူး။ ဘယ်လောက်စီစဉ် ထားရမလဲ ဆိုတာကို ကြိုပြီး တယ်လီဖုန်းနဲ့ မေးတော့လည်း အတိအကျ မပြောကြဘူး။ လူတွေ ခေါ်ထားဖို့ လူများဖို့ပဲ မှာနေတာ။ ကျွန်တော်တို့က ကျွန်တော်တို့ ရသလောက် သတင်းလေးတွေနဲ့ လုပ်ထားရတာ။ ဒေါ်စုအတွက်ပဲ စဉ်းစားပြီးလုပ်ခဲ့တာ။ ကျန်တဲ့သူတွေကတော့ ကြိုမှပြောမထားတာ။ သူတို့ပဲ ကျန်တဲ့သူ တွေက အရေးမကြီးဘူး။ ဥက္ကဌအတွက် အဆင်ပြေရင် ရပြီ ဆိုပြီး ပြောခဲ့တာပဲ" ဟု ချင်းပြည်နယ် NLD တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ကျွန်တော်တို့ ဥက္ကဌ ဒေါ်စုအတွက်က အဆင်ပြေပါတယ်။ အခု အဆင် မပြောတာက ရန်ကုန်က ပါလာတဲ့ NLD ရုံးချုပ်က လူတွေ၊ ပြီးတော့ ဘယ်ကပါလာမှန်းမသိတဲ့ လူတွေ၊ မီဒီယာသမားတွေ၊ သတင်းထောက်တွေပါ။ သူတို့ပဲ ဖြစ်သလိုတည်းမယ်၊ ဥက္ကဌအဆင်ပြေရင်ပြီးရော ဆိုပြီး ပြောခဲ့တာ။ မနေ့ကညကျမှ ဘာမှလုပ်မထားဘူးလား၊ ဒါတွေ ဘာလို့ လုပ်မထားတာလဲ ဆိုပြီး အပြစ်ပုံချတာကတော့ မကောင်းပါဘူး။ သတင်းထောက်တွေ ဘယ်နှစ်ယောက်ပါလာမယ် ကျွန်တော်တို့ကိုမှ ပြောမထားတာ။ သတင်းထောက်တွေနဲ့ ဘယ်သူတွေမှန်းမသိတဲ့သူတွေက ပွစိပွစိ လုပ်တာ။ ချင်းပြည်မှာ တည်းခိုခန်း ဆိုတာ ရှားရှားပါးပါးပဲ ရှိတာ။ နီးစပ်ရာအိမ်တွေမှာ တည်းတတ်တာလေ။ အခုကျတော့ ရောက်လာတာနဲ့ ငါတို့နေဖို့ ဘယ်မှာလဲ၊ ဘယ်သွားရမှာလဲ ဆိုပြီး ပြောတာ။ စီစဉ်ထားတာက သူတို့အတွက်မှ မပါတာ" ဟု နောက်ထပ် NLD ပါတီဝင်တစ်ဦးက ပြောသည်။ 

မိမိပါတီခေါင်းဆောင်၏ ခရီးစဉ်ကို စီစဉ်ရာတွင် လိုအပ်ချက်များစွာ ရှိနေသေးသော NLD ပါတီတွင် အဆိုးဆုံးမှာ ရုံးချုပ်ဟူ၍ နိုင့်ထက်စီးနင်း ဆက်ဆံခြင်းများပင် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

"ဒါတွေက NLD မှာ စီမံခန့်ခွဲမှု ဘယ်လောက်လိုအပ်နေသေးတယ် ဆိုတာကို ဖော်ပြနေတာပဲ။ နေရာထိုင် ခင်း၊ အစားအသောက်၊ လုံခြုံရေး ဘယ်လို စီစဉ်ရမယ် ဆိုတာကို မသိကြသေးဘူး။ NLD မှာ ဒီကိစ္စတွေ အရင်ကတည်းကလုပ်လာတဲ့သူတွေရှိပါတယ်။ အခုတော့ သူတို့လည်း ချောင်ထိုးခံလိုက်ရပြီး နောက်ပေါက်တွေက ဆရာကြီးလုပ်နေကြတာ။ အတွေ့အကြုံမှ မရှိကြတာ။ ဒီလောက် ဖြစ်တာပဲ ကံကောင်းလှပြီ" ဟု NLD ပါတီဝင်ဟောင်းတစ်ဦးက ပြောသည်။ 

"ကျွန်တော်တို့ ချင်းပြည်မှာ ဒီလိုမျိုး ညစ်တာတွေ မရှိပါဘူး။ နေရာထိုင်ခင်း အခက်အခဲကတော့ ရှိတယ်။ ကျွန်တော်တောင် ညက ၀င်ပြောသေးတယ်။ တည်းခိုခန်းမရရင် ကျွန်တော့်အိမ် လာတည်းလို့ရတယ် လို့။ အဲဒီ သတင်း ထောက်လား၊ NLD လား မသိတဲ့သူတွေက အရက်ပုလင်းကြီးတွေ ကိုင်ပြပြီး ဒါရှိရင် ရတယ်။ အိမ်မလိုဘူး ဆိုပြီး ပြန်ပြီး ဘုတောလိုက်သေးတယ်။ ပြည်နယ်နာမည်ပျက်တာပေါ့ဗျာ။ အမှန်က သူတို့ဘာသာ လိုအပ်ချက်ရှိတာ" ဟု ဟားခါးမြို့သား တစ်ဦးက ပြောသည်။ 

"ဟားခါးမှာ တည်းခိုခန်းက ၂ ခုပဲ ရှိတယ်။ (၂)ပတ်လောက် ကြိုမှာရတယ်။ အခန်းရသလား၊ သေချာသလား ကြိုတင် စီစဉ်သင့်တယ်။ါကျွန်တော်တို့ဘက်က တာဝန်ရှိတဲ့အတိုင်း ရိပ်သာကြီးမှာ စီစဉ်ထားပေးပြီးသားပါ။ ရှိတာကလဲ ၆ ခန်းပဲ ရှိတာ။ ၆ ခန်းလုံး ပေးပါတယ်။ NLD က မယူတာပါ။ တည်းခိုခန်းတွေကတော့ ရှိတဲ့အခန်းက နည်းတော့ အရင်လာတဲ့သူ အရင်ပေးတာပါပဲ။ တည်းနေတဲ့သူတွေကို မောင်းချပြီး ဧည်သည့်အသစ်ကို လက်ခံလို့မှ မရတာ။ ဘာပဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်း စုကြည်အတွက် ကျွန်တော်တို့ဘက်က လုပ်ပေးပါတယ်။ ပါလာတဲ့အဖွဲ့က များတော့ အခက်အခဲ ဖြစ်သွားတာပါ။ လူနေအိမ်တွေမှာလည်း တည်းလို့ ရပါတယ်။ အိမ်ကြီးအိမ်ကောင်းတွေကို ဒီလိုပဲ အကူအညီတောင်းပြီး တည်းရတာပါ" ဟု ဟားခါး အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ဟားခါးမြို့၏ တည်းခိုခန်းအနေအထားကို ကြိုတင်စီစဉ်သူများ သိရှိထားပြီးမှ ခရီးစဉ် စီစဉ်သင့်သလို တစ်ခုခုအဆင်မပြေသည်နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများအပေါ် အပြစ်ပုံချခြင်းများ မဖြစ်သင့်ကြောင်း ၄င်း တာဝန်ရှိသူက ပြောကြားသည်။ 

ချင်းပြည်နယ်သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ အားကစားကွင်းတွေ လူထု ဟောပြောပွဲ ပြုလုပ်မည် ဖြစ်သည်။

ပြည်သူ့အာဏာ မှကူးယူဖော်ပြအပ်ပါသည်...

No comments:

Post a Comment

My Blog List