Thursday, January 09, 2014

ရန်ပြုခံရ၍ နေရပ်ပြန်သည့် မြန်မာလုပ်သား ၆၀ ကျော်အနက် လေးဦး မလေးရှားလေဆိပ်တွင် ပျောက်



မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ မီရီမြို့တွင် အင်ဒိုနီးရှား လုပ်သားများ တိုက်ခိုက်မှုကြောင့် ဂိုဒေါင် ထဲတွင် ပုန်းခိုနေခဲ့ရသည့် မြန်မာလုပ်သား ၆၉ ဦး ဇန်နဝါရီလ ၈ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လာရာ ကွာလာလမ်ပူ လေဆိပ်တွင် မြန်မာလုပ်သား လေးဦး ပျောက်ကျန်နေခဲ့ကြောင်း မြန်မာ ပြည်ပအလုပ် အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ အလုပ်အမှုဆောင် ဦးကိုလေးက ပြောကြားသည်။

လုပ်သား ၄၈ ဦးအဖွဲ့၊ ၂၁ ဦးအဖွဲ့ဟု နှစ်ဖွဲ့ခွဲကာ မြန်မာနိုင်ငံသို့ ပြန်လာ ကြခြင်း ဖြစ်ပြီး ၄၈ ဦး ပါဝင်သည့် အဖွဲ့မှ လေးဦးသည် လေယာဉ်မထွက်ခွာမီ သုံးနာရီကျော် အကြာတွင် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း၊ လုပ်သားများ အပေါ့သွားရန် ခွင့်ပြုထားချိန်တွင် အဆိုပါ လေးဦး ပျောက်ဆုံးခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ လေယာဉ်စီးရန် Check – in ပြုလုပ်သည့် အချိန်မှသာ အဆိုပါလေးဦး ပျောက်ဆုံးနေခြင်းကို သိရှိရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပြေးသွားတဲ့ သူတွေကိုတော့ လောလောဆယ် ဘာမှလုပ်လို့မရဘူး။ ထောင်မကျလို့ အောက်လမ်းကနေ ပြန်လာရင်တော့ အဆင်ပြေတာပေါ့။ ထောင်ကျရင် ကျွန်တော်တို့ ကယ်ဆယ်ရေး သွားလုပ်ရမယ်” ဟု မလေးရှားနိုင်ငံသို့ သွားရောက် ဖြေရှင်းပေးခဲ့သူလည်း ဖြစ်သူ ဦးကိုလေးက ပြောဆိုသည်။

ပျောက်ဆုံးသွားသူ လေးဦးအနက် နှစ်ဦးမှာ လုပ်သက် ၂၂ ရက်သာ လုပ်ကိုင်ထားသူ ဖြစ်ပြီး လုပ်အားခ ရင်းဂစ် ၆၀၀ ခန့်သာ ရှိခဲ့ကြောင်း၊ အဆိုပါနှစ်ဦး အတူတူ မလေးရှာနိုင်ငံတွင် သွားရောက် လုပ်ကိုင်ခဲ့သည့် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်မှ ဦးကျော်ရီက ပြောကြားသည်။

အဆိုပါ ပျောက်ဆုံးသွားသူများမှာ ကွာလာလမ်ပူတွင် တရားမဝင် နေထိုင်ကာ အလုပ်လုပ်ကိုင်ရန် နေရစ် ခဲ့ခြင်း ဖြစ်နိုင် သည်ဟု မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော အလုပ်သမားများထံမှ သိရသည်။

မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်ရန် ကျပ် ၁၃ သိန်းခန့် အကြွေးယူကာ လုပ်ဆောင်ခဲ့ရပြီး ၂၂ ရက်သာ လုပ်ကိုင်ခဲ့ရသဖြင့် အပြန်လမ်းစရိတ်ပင် မရရှိခဲ့ကြောင်း၊ ၎င်းနှင့် တစ်သုတ်တည်း သွားသူ ၁၈ ဦးရှိပြီး အသက်အန္တရာယ် စိုးရိမ်သဖြင့် ပြန်လာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မရှိလို့ သွားခါမှ ပိုးဆိုးနေပြီ။ အကြွေး ဘယ်လိုဆပ်ရမလဲ” ဟု ကလေးနှစ်ယောက် ဖခင်လည်းဖြစ်သူ ဦးကျော်ရီက ပြောဆိုသည်။

မီရီမြို့ရှိ ရှင်ယန်း သင်္ဘောကျင်းတွင် လုပ်ကိုင်ခဲ့သည် မြန်မာလုပ်သား လုပ်သား ၂၀ ဦး ဇန်နဝါရီလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ မည် ဖြစ်ကြောင်း၊ လုပ်သားများ ပြည်တော် ပြန်နိုင်ရန် Levy ကြေး (တရားဝင် နေထိုင်ခွင့် အခွန်) နှင့် လေယာဉ် လက်မှတ်များအတွက် လုပ်သားများ လစာမှ ဖြတ်ယူပြီး မတတ်နိုင်သည့် လုပ်သား များကို မြန်မာ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ကျခံပေးရပြီး အလုပ်ရှင်ကို ပေးလျော်ရမည့် လျော်ကြေးကို ညှိနှိုင်း၍ အဆင်ပြေခဲ့ကြောင်း ဦးကိုလေးက ဆိုသည်။

“အလုပ်ရှင်ကိုပါ လျော်ကြေးပေးရရင် ကျပ်သိန်း တစ်ထောင်ကျော် လျော်ရမှာ။ အခု သိန်းနှစ်ရာလောက် ကုန်ထားပြီး စာရင်း မချုပ်ရသေးဘူး” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

မလေးရှားနှင့် ဘရူနိုင်းနှစ်နိုင်ငံ နယ်စပ်တွင်ရှိသည့် မီရီမြို့ ရှင်ယန်း သင်္ဘောကျင်းတွင် လုပ်ကိုင်သည့် မြန်မာလုပ်သားတစ်ဦး ဒီဇင်ဘာလ ၂၃ ရက်နေ့က ဈေးဝယ်ထွက်စဉ် အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးက ရန်စခဲ့ရာမှ ပြဿနာ စတင်ခဲ့ပြီး မြန်မာလုပ်သားများ နေထိုင်သည့် အဆောင်ကို အင်ဒိုနီးရှားနိုင်ငံသား အုပ်စုလိုက် ဝင်ရောက် ဖျက်ဆီးခဲ့ခြင်းကြောင့် မြန်မာလုပ်သား ၉၈ ဦးလုံးကို သင်္ဘောကျင်းရှိ ဂိုဒေါင် တစ်ခုတွင် ပုန်းအောင်းခဲ့ရကြောင်း လုပ်သားများထံမှ သိရှိရသည်။

အဆိုပါ လုပ်သား ၉၈ ဦးကို ရန်ကုန်မြို့ အခြေစိုက် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီလေးခုမှ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List