Monday, January 06, 2014

ထိုင်းတွင် အတိုက်အခံများ ချီတက်ဆန္ဒပြ၊ ဘန်ကောက်ကို သိမ်းပိုက်မည်ဟု သတိပေး



ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ရာထူးမှ နုတ်ထွက်ပေးရန် အတိုက်အခံများက ဘန်ကောက် မြို့တော်၌ တနင်္ဂနွေ့နေ့က ချီတက် ဆန္ဒပြလိုက်ပြီး မြို့တော်ကို သိမ်းပိုက်မည်ဟု ကြိုတင် သတိပေးလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် မိသားစု၏ နိုင်ငံရေး သြဇာကြီးမားမှုကို ထိန်းချုပ်မည်ဟု ဆန္ဒပြသမားများက ပြောကြားလိုက်ပြီး ဘန်ကောက် မြို့တော်ကို ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်ပိတ်ဆို့မည်ဟု ခြိမ်းခြောက် ပြောကြားလိုက်သည်။

ဘန်ကောက်မြို့တော်အတွင်း ဆန္ဒပြမှုများ တိုးမြှင့်ကာ အစိုးရ အရာရှိများ အလုပ်မသွားနိုင်ရန် တားဆီးသွားမည် ဖြစ်ပြီး အစိုးရရုံးများ၊ ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များ နေထိုင်ရာ အရပ်များကို ရေနှင့် လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည်ဟု အတိုက်အခံများက ပြောကြားလိုက်သည်။

ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ဝန်ကြီးချုပ် ယင်းလပ်က ပြောကြားထားသော်လည်း အတိုက်အခံများက ရွေးကောက်ပွဲကို တားဆီးမည်ဟု ကတိပြုထားသည်။

ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်ပါကလည်း ရှင်နာဝပ် အုပ်စုဝင်များသာ အာဏာပြန်ရနိုင်ခြင်းကြောင့် အတိုက်အခံများက ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်း ဖြစ်သည်။အတိုက်အခံများက ဘန်ကောက် မြို့တော်
ရှိ သမိုင်းဝင် နေရာများကို တနင်္ဂနွေနေ့တွင် ချီတက်ဆန္ဒပြခဲ့ပြီး မြို့တော်သိမ်းပိုက်ရေး အစီအစဉ်အပေါ် လူထုထောက်ခံမှု ရရှိအောင် ကြိုးပမ်း လုပ်ဆောင်သည်။ အင်္ဂါနှင့် ကြာသပတေးနေ့ များတွင်လည်း ယင်းကဲ့သို့သော ဆန္ဒပြပွဲများ ဆက်လက် ပြုလုပ်သွားရန် အတိုက်အခံများက စီစဉ်ထားသည်။

“ဒီနှစ်အတွင်း ပထမဆုံးအကြိမ် ချီတက်တာပါ။ ပိတ်ဆို့တားဆီးဖို့ ယခုလို လုပ်တာပါ” ဟု အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အန်ချာလီက ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ်၏ အစ်ကိုဖြစ်သူ သက်ဆင်ရှင်နာဝပ်ကို စစ်တပ်က၂၀၀၆ ခုနှစ်တွင် အာဏာသိမ်းလိုက်ပြီးသည့် နောက်တွင် ထိုင်းနိုင်ငံရေးမှာ သွေးထွက်သံယိုမှုများ မကြာခဏ ပေါ်ပေါက်ခဲ့ရသည်။

စီးပွားရေးသမား တစ်ဖြစ်လဲ နိုင်ငံရေးသမား သက်ဆင်မှာ ညီမဖြစ်သူ ယင်းလပ်မှတစ်ဆင့် ထိုင်းအစိုးရအဖွဲ့ကို ထိန်းချုပ်နေပြီး အကျင့်ပျက် လာဘ်စားမှုများ လုပ်ဆောင်နေကြောင်း ထိုင်းတောင်ပိုင်းသားများ၊ တော်ဝင်ဝါဒီများ၊ လူလတ်တန်းစားများနှင့် မြို့ပြ အထက်တန်းလွှာများ အဓိက ပါဝင်သော ဆန္ဒပြသမားများက စွပ်စွဲထားသည်။

ရွေးကောက်ပွဲသစ် မကျင်းပခင်တွင် ရွေးကောက်ခံ မဟုတ်သည့် ပြည်သူ့ကောင်စီများ ဖွဲ့စည်းရန် ဆန္ဒပြ အစိုးရ အတိုက်အခံများက တောင်းဆိုထားသည်။ နိုင်ငံကို ကြီးကြပ်ရန် အဓိပ္ပာယ်တိကျစွာ သတ်မှတ်ထားခြင်း မရှိသည့် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များ (မဲဝယ်ကြောင်း စွပ်စွဲမှုပြုပြင်ရေး) ကို ပြည်သူ့ကောင်စီက ဦးဆောင် အကောင်အထည် ဖော်သွားရန် ဆန္ဒပြသမားများက တောင်းဆို ထားခြင်း ဖြစ်သည်။

မကြာသေးခင်ရက်များအတွင်း ပေါ်ပေါက်ခဲ့သော လမ်းမပေါ် အကြမ်းဖက်မှု များကြောင့် လူရှစ်ဦး သေဆုံးခဲ့ပြီး လူပေါင်း ၄၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ယင်းကဲ့သို့သော နိုင်ငံရေးရာ အားပြိုင်မှုများ ပေါ်ပေါက်နေခြင်းကြောင့် ထိုင်းဘတ်ငွေ တန်ဖိုးမှာ သိသိသာသာ လျော့ကျသွားပြီး ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ လျော့ကျသွားနိုင်သဖြင့် စိုးရိမ်မှုများ ပေါ်ပေါက်နေသည်။

ထိုင်းလူလတ်တန်းစားများနှင့် တော်ဝင်ဝါဒီများက ဝန်ကြီးချုပ်ယင်းလပ် အစိုးရအဖွဲ့ကို ဆန့်ကျင်နေကြသော်လည်း ထိုင်းမြောက်ပိုင်း ဒေသများရှိ ဒေသခံများက ယင်းလပ်အစိုးရ အဖွဲ့ပေါ် ထောက်ခံ အားပေးနေကြပြီး ရွေးကောက်ပွဲ ကျင်းပပါကလည်း လက်ရှိ အစိုးရအဖွဲ့သာ အနိုင်ရ နိုင်သည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List