Tuesday, January 07, 2014

ဂိုဒေါင်တွင် ပိတ်မိခဲ့သည့် မလေးရှားရောက် မြန်မာလုပ်သား ၆၀ ကျော် နှစ်ရက်အတွင်း ပြန်ရောက်မည်


မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် မီရီမြို့တွင် အင်ဒိုနီးရှား လုပ်သားများ တိုက်ခိုက်မှုကြောင့် ဂိုဒေါင်ထဲ တွင် ပုန်းခိုနေခဲ့ရသည့် မြန်မာလုပ်သား ၆၉ ဦး ဇန်နဝါရီ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ထံမှ သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံသားများ တိုက်ခိုက်ခံရမှုကြောင့် ပုန်းခို နေခဲ့ရသူ မြန်မာလုပ်သား ၉၈ ဦးအနက် ၈၉ ဦးမှာ လေယာဉ် လက်မှတ် အခက်အခဲရှိသဖြင့် အသုတ်လိုက် ပြန်ရန် စီစဉ်နေကြောင်း လုပ်သားများထံမှ သိရှိရသည်။

ပြည်တော်ပြန်ရန် စီစဉ်နေသူများ အနက် ၂၁ ဦးမှာ ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြည်တော်ပြန်ရန် လွန်ခဲ့ သော ရက်ပိုင်းကပင် လေယာဉ်လက်မှတ် ရထားပြီဖြစ်ပြီး နောက်ထပ် ၄၈ ဦးမှာ ဇန်နဝါရီလ ၆ ရက်နေ့ တွင် လေယာဉ်လက်မှတ် ရရှိခြင်းဖြစ်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော် က ပြောကြားသည်။

အဆိုပါ လုပ်သားများ ပြည်တော်ပြန်လာနိုင်ရန် ပေးလျော်ရသည့် Levy ကြေး (တရားဝင်နေထိုင်ခွင့် အတွက် ပေးရသည့်ကြေး) နှင့် လေယာဉ်လက်မှတ်အတွက် လုပ်သားများလစာဖြင့် ကျခံရပြီး ယင်းလစာနှင့် မလုံလောက်သူ များကို ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီက ကျခံပေးရကြောင်း ၄င်းကဆိုသည်။

"လစာ လုံးဝမရှိတဲ့ သူတွေဆိုရင် အေဂျင်စီက အကုန်အကျ ခံပေးရတယ်" ဟု ဦးကျော်ထင်ကျော်က ပြောဆိုသည်။

လုပ်သားများ ပြည်တော်ပြန်ရန် ငွေကြေးအခက်အခဲရှိသဖြင့် ပြင်ပအလှူငွေ များကိုလည်း ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီက လက်မခံသဖြင့် အခက်အခဲ ဖြစ်ပေါ်နေကြောင်း ပြည်တော်ပြန် ရန် ပြင်ဆင်နေသည့် လုပ်သားတစ်ဦးက ပြောကြားသည်။

မလေးရှားနှင့် ဘရူနိုင်းနှစ်နိုင်ငံ နယ်စပ်တွင်ရှိသည့် မီရီမြို့ ရှင်ယန်း သင်္ဘောကျင်းတွင် လုပ်ကိုင်သည့် မြန်မာ လုပ်သားတစ်ဦး ဒီဇင်ဘာလ ၂၃ရက်နေ့က ဈေးဝယ်ထွက်စဉ် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးက ရန်စခဲ့ရာမှ ပြဿနာ စတင်ခဲ့ပြီး မြန်မာလုပ်သား ၁၅ ဦး နေထိုင်သည့် အဆောင်ကို အင်ဒိုနီးရှား နိုင်ငံသားများ အုပ်စုလိုက် ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း၊ ၂၄ ရက် နေ့တွင် တိုက်ခိုက်မှု မိုပိုပြင်းထန်လာ၍ မြန်မာလုပ်သား ၉၈ ဦးလုံး သင်္ဘောကျင်းရှိ ဂိုဒေါင်တစ်ခုတွင် ပုန်းအောင်း ခဲ့ရကြောင်း လုပ်သားများထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List