Monday, January 06, 2014

မန္တလေး သတင်းထောက်များ ဆန္ဒထုတ်ဖော်ခွင့် ခွင့်ပြုချက်မရ

Monday, January 6, 2014

Eleven Media Group ၏ နယ်သတင်းထောက် တစ်ဦးဖြစ်သူ မခိုင်ကို အချိန်တစ်လကျော်အတွင်း အမှုစစ်ဆေးပြီး ထောင်ဒဏ် ချမှတ်ခဲ့ခြင်းအပေါ် မန္တလေးမြို့တော်ရှိ သတင်းထောက်များ စုပေါင်း၍ ဆန္ဒထုတ်ဖော်ရန်အတွက် ဇန်နဝါရီလ ၂ ရက်နေ့တွင် အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် လျှောက်ထားခဲ့ရာ ခွင့်ပြုချက် မရရှိခဲ့ကြောင်း မော်ဒန်ဂျာနယ် အယ်ဒီတာဖြစ်သူ ဦးစန်းယုကျော်က ပြောကြားသည်။

“ဇန်နဝါရီ ၁ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ဖို့ တရားဝင် ခွင့်ပြုချက်ရအောင် စာတင်ထားခဲ့တာပါ။ ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့မှာ အောင်မြေသာစံမြို့နယ် ရဲစခန်းက လျှောက်ထားချက်ကို ငြင်းပယ်တဲ့ အမိန့်စာ ရောက်လာပါတယ်။ ခွင့်ပြုမိန့် မရရှိခဲ့ပါဘူး။ ကျွန်တော်တို့ အားလုံးကတော့ တရားဥပဒေ အတိုင်းပဲ လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ပြီးသားပါ။ အယူခံလည်း ဝင်တော့မှာ မဟုတ်ပါဘူး” ဟု ၎င်းက ထပ်မံဆိုသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ခွင့်ပြုမိန့် ထုတ်ပေးရန် ငြင်းပယ်လိုက်သည့် အမိန့်စာတွင် အချက်လေးချက် ပါဝင်ခဲ့ပြီး (က) လွတ်လပ်စွာ တရားစီရင်ရေးကို တရားရုံးများမှ ဆောင်ရွက်ပေးနေခြင်း၊ (ခ) ပြစ်မှု၊ ပြစ်ဒဏ်မျှတမှု မရှိပါက အထက်တရားရုံး များသို့ ပြင်ဆင်/အယူခံ တက်ရောက်နိုင်ခြင်း၊ (ဂ) မှန်ကန်သော တရားစီရင်ရေး ဆောင်ရွက်မှု မရှိသော တရားရေး ဝန်ထမ်းများကို အရေးယူ ဆောင်ရွက်မှု ရှိနေခြင်း၊ (ဃ) ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် လျှောက်ထားသည့် လမ်းကြောင်းမှာ ယာဉ်ကြော အသွားအလာ ရှုပ်ထွေး၍ ယာဉ်အန္တရာယ်များစွာ ဖြစ်ပွား လာနိုင်ပြီး မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပွားလာနိုင်ခြင်း တို့ကြောင့် ခွင့်မပြုခြင်း ဖြစ်ကြောင်း အမိန့်စာတွင် ပါဝင်သည်။

“ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ဖို့ တင်ထားတဲ့ လမ်းက ၆၆ လမ်းကနေ လမ်း ၈၀ အထိ၊ ၂၆ ဘီလမ်းအတိုင်း ဖြစ်ပါတယ်။ ကျုံးဘေး ပလက်ဖောင်းပေါ်ကနေပဲ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ဖို့ပါ။ လမ်းမပေါ်ကနေလုပ်ဖို့ မရည်ရွယ်ထားဘူး။ ရန်ကုန်မှာ လျှောက်ထားတာ ကျတော့ရပြီးတော့ မန္တလေးမှာကျတော့ ခွင့်ပြုချက်မရခဲ့ဘူး။ ဒါကို နားလည်လို့ မရဘူး” ဟု မန္တလေး ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးမင်းဒင်က ဆိုသည်။

Eleven Media Group ၏ နယ်သတင်းထောက် ဖြစ်သူ မခိုင်ကို ကယားပြည်နယ် လွိုင်ကော်မြို့နယ် တရားရုံးက ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းအပေါ် မန္တလေးမြို့တော်ရှိ သတင်းသမားများက ပြင်းထန်စွာ ကန့်ကွက်ကြောင်း သဘောထား ကြေညာချက်တစ်ရပ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်အခြေစိုက် သတင်းမီဒီယာ သမားများက ယင်းသတင်းထောက် မခိုင် ထောင်ဒဏ် ချမှတ်ခံရမှုကို ပြင်းထန်စွာကန့် ကွက်သည့် အနေနင့် ဇန်နဝါရီလ ၇ ရက်နေ့တွင် ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့မှ ဗဟန်းမြိုနယ် Eleven Media Group မီဒီယာရုံးခန်းရှေ့ထိ စီတန်းလှည့်လည် ဆန္ဒပြမည့် အစီအစဉ်ကို သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့က ခွင့်ပြုထားပြီး ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List