Thursday, January 09, 2014

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် ရှိ၊ မရှိ ဆိုသည်မှာ ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်သာဖြစ်ဟု ပူးပေါင်းကော်မတီ ပြောကြား



ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် ရှိ၊ မရှိ ဆိုသည်မှာ ပြည်ထောင်စု လွှတ်တော်၏ဆုံးဖြတ်ချက်သာဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံး သပ် ရေးပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ရီက ဇန်န၀ါရီ ၇ ရက်တွင် ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပြည်သူများ ထံမှ အကြံပြုချက်စောင်ရေ စုစုပေါင်း ၂၈၂၄၇ စောင် ရရှိခဲ့ပြီးနောက် ကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်သို့ လာမည့်လွှတ်တော်တွင် တင်သွင်းမည်ဖြစ်သည်။

ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်မည် ဆိုသည်မှာ ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက် အတိုင်းသာ ဆက်လက် ဆောင်ရွက်မည်ဟု ဦးခင်မောင်ရီက ပြောကြားသည်။

“ကျွန်တော်တို့ ပူးပေါင်းကော်မတီကတော့ လာမယ့်လွှတ်တော်မှာ အစီရင်ခံစာတင်မယ်။ အစီရင်ခံစာကို အခန်းအလိုက် စိစစ်ဖို့ ကော်မတီ ငါးခုခွဲမယ်။ ပြီးတော့ စိစစ်ပြီး ပြည်ထောင်စု လွှတ်တော်ကို တင်မယ်။ ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော်ကိုတင်တဲ့ အစီရင်ခံစာကို အတည်ပြုဖို့ မဲခွဲဆုံးဖြတ်မလား။ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ ထောက်ခံချက်နဲ့ပြင်လို့ရတဲ့ အချက်တွေကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ် ကြမလားဆိုတာ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ တွဲဖက်အတွင်း ရေးမှူး ဦးခင်မောင်ရီက ပြောကြားသည်။

“အကြံပြုချက်တွေထဲမှာ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနဲ့ မဲခွဲဆုံးဖြတ်လို့ရတဲ့ အချက်တွေပါရင် အဲဒါတွေကို ဘယ်လိုဆောင်ရွက်မလဲ။ ချက်ချင်းလုပ်လို့ရတဲ့ ကိစ္စတွေကို ချက်ချင်းပြီးပြတ်အောင် ဘယ်လို လုပ်မလဲစတဲ့ အချက်တွေက ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်မှာပါ” ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီမှ အထွေထွေအတွင်းရေးမှူး ဦးအေးမောက် ကလည်း ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ရောက်ရှိခဲ့သည့် ပြည်သူများထံမှ အကြံပြုချက်များအနက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)ပါ နိုင်ငံတော်၏ အခြေခံမူများကို ပြင်ဆင်ရန် အကြံပြုချက်သည် အများဆုံးဖြစ်ကြောင်း အဆိုပါ ကော်မတီမှ ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်သူ့အကျိုးစီးပွားကို ကြည့်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအားသုံးသပ်ပြင်ဆင်ရာတွင် သတိကြီးစွာဖြင့် ဆောင်ရွက်ရန် လိုသလိုကောင်းရန်အတွက် ပြောင်းလဲသင့်သည်များကို ရဲဝံ့စွာဆောင်ရွက်ရန် အရေးကြီး ကြောင်း အာဏာရ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပါတီဝင်များအား ပြောကြားထားသည်။       

eleven media group

No comments:

Post a Comment

My Blog List