Monday, January 06, 2014

လားရှိုးတွင် နည်းပညာဖလှယ်ပွဲ ကျင်းပ



လားရှိုးမြို့တွင် “Bar camp lashio” အမည်ဖြင့် နည်းပညာဖလှယ်ပွဲတစ်ရပ်ကို လားရှိုးမိုတယ်ခန်းမ၌ ဇန္န၀ါရီ၎ရက်နှင့်၅ရက်ထိ နှစ်ရက်တိုင်ကျင်းပပြုလုပ်သွားသည်။

အဆိုပါပွဲကို မည်သူမဆိုအခမဲ့တက်ရောက်ဆွေးနွေးဖလှယ်နိုင်ပြီး ဖိတ်ကြားကမ်းလှမ်းချက်နှင့်အတူ လားရှိုးကွန်ပျူတာ နည်းပညာရှင်များ၊ အာဏာပိုင်အဖွဲ့အစည်းမှပုဂ္ဂိုလ်များ၊ တက္ကသိုလ်ကျောင်းသား /ကျောင်းသူများ၊ အခြားဝင်ရောက်လေ့လာသူ စိတ်ပါဝင်စားသူများ၊ စီးပွားရေးလုပ်ငန်းများ တက်ရောက် အားပေးကာ တတ်သိနည်းပညာအတွေ့အကြုံများဖြင့် အပြန်အလှန် ဆွေးနွေးကြသည်။

ယင်းBarcamp (နည်းပညာနှီးနှော်ဖလှယ်ခြင်း)မှာ တနည်းအားဖြင့် သမရိုးကျပြုလုပ်ဟောပြောသော ပုံစံမဟုတ်ဘဲ လူအများစုပေါင်းကျင်းပသော လွတ်လပ်သည့် အသိပညာများကို မျှဝေဖလှယ်သည့် တွေ့ဆုံပွဲတစ်ရပ်ဖြစ်ကြောင်း၊ မည်သူမဆို တက်ရောက်ဆွေးနွေးနိုင်ပြီး ကြိုတင်စီမံထားသည့် ဟောပြောခေါင်းစဉ်များမရှိဘဲ ဒီမိုကရေစီနည်းလမ်းကျစွာ လွတ်လပ်စွာ ဆွေးနွေးနိုင်ခွင့်ရှိကြောင်း၊ ဆွေးနွေးလိုသည့် အကြောင်းအရာကို ခေါင်းစဉ်တပ်၍ကြော်ငြာဘုတ်ပေါ်တွင် စာရင်းပေးသွင်းကာ အလှည့်ကျသတ်မှတ်အချိန်၌ ၀င်ရောက်ဆွေးနွေးကြခြင်းဖြစ်သည်။

ယင်းအပြင် ဆွေးနွေးအကြောင်းအရာများကို ကန့်သတ်/တားမြစ်ခြင်း မရှိဘဲ လွတ်လပ်သလို ဆွေးနွေးကြပြီး မသိနားမလည်သည်များကို မေးမြန်းဖလှယ်ကြသည်။ မည်သူတစ်ဦးတစ်ယောက်၏ အဖွဲ့အစည်းမဟုတ်သလို အဖွဲ့အစည်းတစ်ခုအတွက် အကျိုးအမြတ်ပြုလုပ်နေခြင်းလည်း မဟုတ်ကြောင်း၊ အများအကျိုးတူရရှိစေမည့် ရည်ရွယ်ချက်ရလာဒ်တစ်ခုသာ ဖြစ်ကြောင်း အဆိုပါBarcamp၏ အရသာကို အဓိပ္ပါယ်ဖွင့်ဆိုထားကြောင်း ယင်းအခမ်းအနားမှ သိရသည်။

ယင်းအပြင် Barcamp (နည်းပညာနှီးနှော်ဖလှယ်ခြင်း)မှ နည်းပညာ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင်စသည့် အကြောင်းရင်းများ ဆွေးနွေးရရှိလာမယ့် အကျိုးရလာဒ်ကြောင့် ခေတ်မှီဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုပတ်ဝန်းကျင် ထွန်းကားလာရေးကို ရည်ရွယ်လုပ်ဆောင်နေခြင်း လည်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသူတစ်ဦးက “ဒီလိုပွဲမျိုးမှာ ကိုယ်မသိတာတွေ သိလိုက်ရတယ်၊ အင်မတန်ကောင်းတဲ့ လုပ်ရပ်လေးပါ။ အသိပညာအတတ်ပညာတွေကို ဘက်ပေါင်းစုံရသွားတယ်။ အမြင်ကျယ်လာတယ်ပေါ့ဗျာ။ တဦးနဲ့တဦး ရင်းနှီးချစ်ခင်မှု၊ ပွင့်လင်းမြင်သာမှုလည်း ရတယ်။ ဒါဟာဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်ကို တဖက်တလမ်းကနေ ကူညီမြှင့်တင်ပေးလိုက်တာပါပဲ။ ဒီလိုအလေ့အထမျိုးတွေနဲ့ လူငယ်/လူရွယ်တွေ ဗဟုသုတတွေများလာပြီး ကိုယ့်ဘ၀လမ်းကြောင်းကို ကိုယ်တိုင်ရှာနိုင်မယ်လို့ ထင်တယ်လေ”ဟု နမ္မတူမြို့မှ တက်ရောက်သူကိုညီညီထွန်းက ဆိုသည်။

ယင်းကြောင့်အထက်ပါ Barcamp (နည်းပညာနှီးနှောဖလှယ်ပွဲ) မျိုးကို ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ အစရှိသည့် မြို့ကြီးများတွင် ပြုလုပ်လေ့ရှိကြပြီး ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်လည်း ပြုလုပ်ခဲ့ရာ ရှမ်းမြောက် လားရှိုး၌ ယခုဆိုလျှင် ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူထံမှ သိရသည်။

အဆိုပါပွဲအား ဇန္န၀ါရီပထမရက်၌ ခေါင်းစဉ်(၁၀)ခုဖြင့် လူငယ်လူရွယ်နှင့် အတွေးအခေါ်၊ ActiveCitizenship၊ လုံခြုံကြွယ်ဝသင့်အနာဂတ်၊၀ိုင်းဝန်းအဖြေရှာ(TU)ပြဿနာ၊ ကွန်ပျူတာပညာရပ်နဲ့ အသက် မွေးဝမ်းကျောင်းမည်ဆိုလျှင်၊ Cyber Sex ၊ အိုင်တီခေတ်မှာ သိထားသင့်သည့် စကား(၅)လုံး၊ I L0ve Y0u၊အစရှိသည့် ခေါင်းစဉ်ဆယ်ခုဖြင့် ဆွေးနွေးဖလှယ်သွားပြီးနောက် ဒုတိယနေ့တွင်လည်း Ideato Pixel၊ ပြောချင်တာပြောကြည့်၊Happy Birthday၊ စသည့်ခေါင်းစဉ်အခုနှစ်ဆယ်ကျော်ဖြင့် ထပ်မံဆွေးနွေးဖလှယ်သွားကာ အဆိုပါဆွေးနွေးပွဲသို့ စုစုပေါင်းတက်ရောက်လာသူဦးရေ နှစ်ရာကျော်ရှိ ကြောင်းလည်း တွေ့ရသည်။

ယင်းကြောင့် လားရှိုးမိုတယ်တွင် ပြုလုပ်သွားသော အဆိုပါBarcampအားGold sponsor-Shining Myarmar Constrution Co.ltd၊ Sliver sponsor, Shan Institution of Information Techonology (SIIT)၊ Broze-Arrow Computer Sales and Servicesနှင့် Unity Martတို့မှ အဓိကပံ့ပိုးကူညီထားပြီး လားရှိုးကွန်ပျူတာလုပ်ငန်းရှင် အယောက်ငါးဆယ်က ပါဝင်အားဖြည့်ထားကြောင်း၊ အဆိုပါ ဆွေးနွေးပွဲကို နံနက်၉း၀၀နာရီမှ ညနေ၄း၀၀နာရီထိ ကျင်းပသွားပြီး အခမဲ့တက်ရောက်လာသူများကိုလည်း အကျွေးအမွေးများဖြင့် ဧည့်ခံသွားခြင်းဖြစ်သည်။

ထွန်းထွန်း၊စိုးမင်းနိုင်။
The Myanma Age

No comments:

Post a Comment

My Blog List