Friday, January 10, 2014

၅၉ (စ) ကို မပြင်ဆင်နိုင်လျှင် အခြားနည်းလမ်းများ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ လူထုသဘောထား ဆန္ဒများသိရှိရန် ချင်းပြည်နယ် မြောက်ပိုင်းသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က ၎င်းကို သမ္မတဖြစ်ခွင့် ကန့်သတ်ခံထားရသော အခြေခံ ဥပဒေ ၅၉ (စ) ကို ပြင်ဆင်နိုင်ခြင်း မရှိပါက အခြားနည်းလမ်းများ ဆောင်ရွက်ရန် စဉ်းစားထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇန်နဝါရီ ၉ ရက်နေ့က ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် မတူပီမြို့ခံ ချင်းတိုင်းရင်းသား တစ်ဦးက “ပုဒ်မ ၅၉ (စ)ကို မပြင်ပေးဘူးဆိုလျှင် ဘယ်လိုလုပ်မလဲ” ဟူသော မေးခွန်းကို ဖြေကြားရာတွင်“ဒီတော့ ၅၉ (စ) ကို မပြောင်းခဲ့လို့ရှိရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်မလဲ ဆိုပြီးတော့ မေးတဲ့မေးခွန်းကိုတော့ ပြောင်းမလား၊ မပြောင်းဘူးလားဆိုတာ အဖြေပေါ်တဲ့ အခါကျမှ ကျွန်မတို့ ပြောပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်တစ်ခုဟာ သိပ်ပြီးတော့ စောပြီးတော့ လုပ်လို့ရှိရင်လည်း မသင့်တော်ပါဘူး။ ကျွန်မတို့ရဲ့မူဝါဒဟာ ဘာလဲဆိုတာ ထုတ်ပြောပါမယ်။ ကျွန်မတို့မှာ စဉ်းစားထားပြီးတာတော့ ရှိပါတယ်လို့ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။

ဇန်နဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့ထိ တီးတိန်၊ ဖလမ်းနှင့် ဟားခါးမြို့တို့တွင် သုံးရက်ကြာ ကျင်းပခဲ့သော ဒေသခံ တွေ့ဆုံပွဲ၌ စုစုပေါင်း ဒေသခံ ၈၀၀၀ ဦးခန့် တက်ရောက်ခြဲ့ကပြီး အဆိုပါ ဆန္ဒ ခံယူပွဲများတွင် တက်ရောက်လာသော ပရိသတ်များကို ၎င်းတို့၏ ဆန္ဒသဘောထား အလျောက် ပြင်ဆင်ရန် (သို့မဟုတ်) အသစ်ရေးဆွဲရန် ဆန္ဒခံယူရာတွင် တီးတိန်မြို့၌ ၉၇ ရာခိုင်နှုန်း၊ဖလမ်း မြို့၌ ၉၉ ရာခိုင်နှုန်း၊ ဟားခါးမြို့၌ 
၉၉ ဒသမ ၉၉ ရာခိုင်နှုန်းက ထောက်ခံပေးခဲ့ခြင်း ဖြစ်ကြောင်း ယင်းပါတီက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် တိုင်းရင်းသားများ ပါဝင်နိုင်ရန် အလေးထားပြီး ပါဝင်မှ သာလျှင် စစ်မှန်သော ပြည်ထောင်စုစနစ်အဖြစ် ရောက်ရှိနိုင်မည် ဖြစ်ကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနည်းမှာ မမှန်ကြောင်း၊ ဒီမိုကရေစီ နည်းမကျဘဲ အာဏာရှင်စနစ်အရ အထက်မှ လူများ သဘောကျရေး ဆွဲထားခြင်း ဖြစ်ကြောင်း ချင်းပြည်နယ် တီးတိန်မြို့တွင် ဇန်နဝါရီလ ၇ ရက်နေ့က ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ဒီဖွဲစည်းပုံ အခြေခံဥပဒေ ဆိုတာကို ပြင်ချင်တယ်ဆိုရင် ပြင်ဆင်နိုင်ရမယ်။ တပ်မတော်အနေနဲ့ သတ္တိရှိရှိ ပြင်ဆင်ပေးရမယ်။ တပ်မတော်လုပ်ပြီး သတ္တိမရှိရင် ဘယ်လိုလုပ်မလဲ။ သတ္တိ ဆိုတာက တိုက်ရဲ ခိုက်ရဲမှ သတ္တိခေါ်တာ မဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်တာကို မှန်မှန်ကန်ကန် လုပ်ရဲမှ သတ္တိခေါ်တယ်။ တိုင်းပြည်ကို ပြန်လည် ထူထောင်နိုင်အောင် တပ်မတော်က သတ္တိရှိရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လူထု တွေ့ဆုံပွဲများသို့ ကျောင်းသားများနှင့် ဝန်ထမ်းများ မတက်ရောက်ရန် တားမြစ်ထားကြောင်း ဖလမ်းမြို့နှင့် ဟားခါးမြို့ ဒေသခံများက ပြောကြားပြီး ယင်းကဲ့သို့ တားမြစ်ခြင်းမှာ မတရားကြောင်းနှင့် ဒီမိုကရေစီ နည်းလမ်း မကျကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေး ပါတီများအားလုံးက သဘောတူညီခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦး ပါဝင်သော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ်ကတည်းကပင် ဖွဲ့စည်း တာဝန်ပေးအပ် ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List