Tuesday, January 07, 2014

BURMA အဖြစ် ရည်ညွှန်းသုံးသည့် အမေရိကန်အစိုးရ ပေါ်လစီတည်ဆဲ



အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် သ၀ဏ်လွှာ ပေးပို့ရာမှာ အရင်သုံးစွဲ နေကြ Burma ဆိုတဲ့နေရာမှာ Myanmar ဆိုပြီး ပြောင်းလဲသုံးစွဲထားပေမယ့်လို့ ဒါဟာ မြန်မာနဲ့ပတ်သက်လို့ အမေရိကန်မူဝါဒပိုင်းမှာ ပြောင်းလဲလာတဲ့အခြေအနေမဟုတ်တဲ့အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက မနေ့တုန်းက ရှင်းလင်းခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

၆၆ နှစ်မြောက် လွတ်လပ်ရေးအခါသမယအတွက် အမေရိကန်သမ္မတ အိုဘားမားနဲ့ အမေရိကန် ပြည်ထောင်စုကိုယ်စား အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ ပေးပို့တဲ့သ၀ဏ်လွှာထဲမှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လို Myanmar လို့ သုံးနှုံးထားနဲ့ပတ်သက်လို့ မြန်မာနဲ့ပတ်သက်လို့ အမေရိကန် မူဝါဒ ပြောင်းလဲသွားသလားဆိုတာ မနေ့က နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို တောက်လျှောက်ပဲ Burma လို့ ရည်ညွှန်းသုံးခဲ့တာပါ။ နိုင်ငံတကာအစည်းအဝေးတွေမှာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေဘက်က အတန်တန် ကန့်ကွက်နေ တဲ့ကြားကပဲ Burma ဆိုတဲ့ အသုံးအနှုန်းကိုပဲ ရည်ညွှန်းသုံးခဲ့ပါတယ်။ အခုလို ထူးခြားအခါသမယမျိုးတွေမှာ သံခင်းတမန်ခင်းအရ သုံးနှုန်းမှုသာ ဖြစ်ပြီး အမေရိကန်မူဝါဒဆိုင်ရာ အပြောင်းအလဲမဟုတ်ပါဘူးလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Marie Harf က မနေ့က ဖြေရှင်းခဲ့ပါတယ်။

“အမေရိကန်အစိုးရဲ့ မူဝါဒမှာတော့ Burma ဆိုတဲ့ တိုင်းပြည်နာမည်ကိုပဲ ဆက်သုံးသွားမှာပါ။ ဒါပေမယ့် အခု သတိပြုမိကြသလို အချို့အခါသာမယတွေမှာ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက Myanmar လို့ သုံးတာကတော့ ပျူငှာတဲ့ သံတမန်ရေးဆက်ဆံမှုအရ သုံးရတာဖြစ်ပါလိမ့်မယ်။ သမ္မတ မြန်မာနိုင်ငံ သွားတုန်းက တခါတခါ ကျမတို့ ဒီနာမည်ကို သုံးခဲ့ဖူးပါတယ်။ အခု လွတ်လပ်ရေးနေ့ ကြေညာချက်မှာ သုံးစွဲထားတာကလည်း သံတမန်ရေးဆက်ဆံမှုအရ ဖြစ်ပါတယ်။”

မြန်မာနို်င်ငံကို နိုင်ငံတကာမှာ Burma ကနေ Myanmar အဖြစ် ၁၉၈၈ အာဏာသိမ်း စစ်အစိုးရက ပြောင်းလဲခဲ့တဲ့နောက် ဒီအသုံးအနှုန်းကို မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက လက်မခံခဲ့ပါဘူး။ ဒါဟာ လူထုသဘောထား မပါဘဲ စစ်အစိုးရရဲ့တဖက်သတ်ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ယူဆခဲ့ကြတာပါ။ ဒါကြောင့် မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံခဲ့ကြတဲ့ အနောက်နိုင်ငံအများစုက Burma ဆိုတဲ့ အသုံးအနှုန်းကိုပဲ ရည်ညွှန်းသုံးခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၂ နိုဝင်ဘာလ သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာရောက်ပြီး ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောတော့- “မြန်မာနိုင်ငံ မင်္ဂလာပါ” ဆိုပြီး အစချီ ပြောသွားခဲ့တဲ့နောက် အမေရိကန်အစိုးရ ခေါင်းဆောင်ပိုင်းတွေက အခုလို သံခင်းတမန်ခင်း အခမ်းအနားတွေမှာ Myanmar ဆိုတာကို စတင်သုံးစွဲလာတာ တွေ့ရပါတယ်။

အခု လွတ်လပ်ရေးနေ့ သ၀ဏ်လွှာမှာလည်း Myanmar လို့ ရည်ညွှန်းသုံးစွဲပြီး ငြိမ်းချမ်းပြီး စီးပွားရေး အရ ထွန်းတောက်လာတဲ့ ဒီမိုကရက်တစ်နိုင်ငံဖြစ်ဖို့ မြန်မာပြည်သူတွေရဲ့ စွန့်လွှတ်ဆောင်ရွက်မှုတွေ အတိုင်း ဒီလမ်းကြောင်းကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး ထောက်ခံကူညီသွားမယ်လို့ မစ္စတာကယ်ရီက ကတိပြု ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ် လွတ်လပ်ရေး သ၀ဏ်လွှာကိုတော့ အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်က ပေးပို့တာဖြစ်ပြီး အဲဒီမှာတော့ Burma ဆိုပြီးတော့ပဲ ရည်ညွှန်းသုံးခဲ့ပါတယ်။

Burma Myanmar အသုံးအနှုန်းနြ့ပတ်သက်လို့တော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်လာပြီး နိုင်ငံတကာနဲ့ အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ မြန်မာအစိုးရအကြား ဆက်ဆံရေး အဆင်ပြေလာ တဲ့နောက် နိုင်ငံတကာအခန်းအနားတွေ အစည်းအဝေးတွေ အတော်များများမှာ အနောက်နိုင်ငံ သံတမန်တွေဘက်က တတ်နိုင်သလောက် Myanmar ဆိုပြီး ရည်ညွှန်းသုံးလာတာတော့ တွေ့ရပါတယ်။ သြစတြေးလျအစိုးရကတော့ တရားဝင်ပဲ Burma ကနေ Myanmar လို့ ပြောင်းလဲ ခေါ်ဝေါ်လိုက်ပြီဖြစ်
ပါတယ်။

EU ဥရောပသမဂ္ဂ ကြေညာချက်တွေ ထုတ်ပြန်ချက်တွေမှာလည်း Myanmar လို့ ပြောင်းလဲသုံးလာတာ သတိထားမိပါတယ်။ ဒါပေမယ့် EU အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဗြိတိန်နိုင်ငံကတော့ Burma ဆိုပြီးတော့ပဲ ဆက်လက် ရည်ညွှန်းသုံးစွဲနေပါတယ်။

VOA

No comments:

Post a Comment

My Blog List