Thursday, January 09, 2014

မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းဖို့အတွက် လွှတ်တော်မှာ ဆန္ဒရယူပြီးတော့မှ လွှတ်တော်ကနေ အများဆန္ဒနဲ့ နောင်အစိုးရ လက်ထက်မှာ ရပ်ဆိုင်းဖို့ သင့်တယ်လို့ မြင်တယ်



၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် သမ္မတဦးသိန်းစိန်၏ ဆုံးဖြတ်ချက်ဖြင့် ရပ်ဆိုင်းခဲ့သော မြစ်ဆုံဆည် ရေကာတာ တည်ဆောက်ခြင်း စီမံကိန်းကို ပြန်လည်စတင်နိုင်ရန် တရုတ်ကုမ္ပဏီများက ကြိုးစားလာ ခဲ့သည်။ ထိုသို့ ကြိုးပမ်းရာတွင် အစိုးရတာဝန်ရှိသူများကိုသာမက နိုင်ငံရေးသမားများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးအဖွဲ့အစည်းများကိုပါ ချဉ်းကပ်ဆွဲဆောင်မှုများ ပြုလုပ်လာသည်။ တရုတ် ကုမ္ပဏီများဘက်က ထိုသို့ ပြုလုပ်လာခြင်းနှင့်အတူ မြစ်ဆုံစီမံကိန်းသည် ယာယီရပ်ဆိုင်းခြင်းသာ မကဘဲ လုံးဝရပ်ဆိုင်းရမည့် စီမံကိန်း ဖြစ်သည်ဆိုသော ပြည်သူလူထု၏ သဘောထားများကိုလည်း တွေ့မြင်လာ ရသည်။ ထို့ကြောင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးခိုင်မောင်ရည်နှင့် ဇန်န၀ါရီ ၇ ရက်က တွေ့ဆုံခဲ့ကာ  မြစ်ဆုံစီမံကိန်းအပေါ် ၎င်း၏ သဘောထားများကို မေးမြန်းခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်နှင့် တွေ့ဆုံခြင်း

မေး ။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် အမေရိကန်ဒေါ်လာ ၃၆ သန်း ကူညီခဲ့ပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲပြီးလို့ လေးရက်အကြာမှာပဲ မြစ်ဆုံစီမံကိန်းမှာ ပါဝင်တဲ့ တရုတ်ကုမ္ပဏီက (ရပ်နားထားတဲ့) မြစ်ဆုံစီမံကိန်းကို ပြန်စလိုကြောင်း ပြောခဲ့ပါတယ်။  ၂၀၁၅ ခုနှစ်မှာ တက်လာမယ့် အစိုးရနဲ့ စီမံကိန်းပြန်စ နိုင်ဖို့အတွက် ညှိနှိုင်းမယ်လို့ ဆိုပါ တယ်။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဆရာ့အနေနဲ့ မြစ်ဆုံစီမံကိန်းဟာ ပြန်စသင့်တဲ့ အရာလား။ ဘယ်လိုထင်ပါသလဲ။

ဖြေ ။ မြစ်ဆုံစီမံကိန်းဆိုတာ လုံးဝရပ်ဆိုင်းထားရမယ့်ကိစ္စ၊ လုံးဝဒီစီမံကိန်းကို ဖျက်သိမ်းသင့်တဲ့ ကိစ္စ၊ ဒီစီမံကိန်းကို စခဲ့တာကို ပြန်စဉ်းစားမယ်ဆိုရင် နိုင်ငံရဲ့ အသည်းနှလုံး နေရာကို လာပြီးတော့မှ စီမံကိန်း လာတည်လိုက်တဲ့ ပုံစံမျိုးပေါ့။ ဒါတကယ့် အရေးကြီးတဲ့ နေရာကြီး။ ဒါကို လုပ်သင့်၊ မလုပ်သင့်က နိုင်ငံမှာ အကြီးအကျယ် စဉ်းစားပြီးတော့မှ ဆုံးဖြတ်ရမယ့်ကိစ္စ။ ပြောရမယ်ဆိုရင် ဘယ်လောက်အထိ ကောင်းအောင် လုပ်တယ်ပဲပြောပြော နောက်ဆုံးစကား တစ်လုံးနဲ့ မညှာမတာ ပြောလိုက်ရမယ်ဆိုရင် မစဉ်းစားဘဲနဲ့ လုပ်ခဲ့တဲ့ အလုပ်လို့ မှတ်ယူရမယ်။ နိုင်ငံ့အတွက်စဉ်းစားတွေးခေါ်ပြီးတော့ နိုင်ငံ့ရေရှည် အကျိုးကိုကြည့်ပြီး ဆောင်ရွက်တယ်ဆိုရင် ဒါမလုပ်သင့်တဲ့ အလုပ်ပဲ။ အဲလိုလုပ်သွားတဲ့ သူတွေကို နစ်နစ်နာနာ မပြောလိုပေမယ့် တကယ်တော့ မစဉ်းစားဘဲ လုပ်တဲ့ပုံစံမျိုး သက်ရောက်သွားတယ်။

မေး။ မြစ်ဆုံစီမံကိန်းကို ဒီအစိုးရ လက်ထက်မှာ မလုပ်ဖို့ ရပ်ဆိုင်းထားပေမယ့် တရုတ်ကုမ္ပဏီဘက်က အစိုးရ အပါအ၀င် နိုင်ငံရေးသမားတွေ၊ လွှတ်တော်ကိုယ်စားလှယ်၊ ပါတီအဖွဲ့အ စည်းတွေကို ပုံစံအမျိုးမျိုးနဲ့ ဆွဲဆောင်လာတာ တွေ့ရပါတယ်။ ဒီနေရာမှာပဲ “စီမံကိန်းပြန်စဖို့ ညှိနှိုင်းမယ်” ဆိုတဲ့စကား ထွက်ပေါ်လာတယ်။ ဆရာ့သဘောထား ဘယ်လိုရှိပါသလဲ။

လွှတ်တော်အကြီးအကဲတွေရဲ့ သဘောဆန္ဒတွေလည်း အရေးကြီးတယ်လို့ မြင်တယ်။ ဘာကြောင့်လဲ ဆိုတော့ မြစ်ဆုံကိစ္စကို လွှတ်တော်မှာဆွေးနွေးမှုတစ်ခု ရှိခဲ့တယ်။ အဲဒီဆွေးနွေးမှုမှာ ဒါနဲ့ပတ်သက်ပြီးတော့ ထောက်ခံသူတွေ တွေ့ခဲ့တယ်။ ဒါပေမဲ့ လွှတ်တော် အကြီးအကဲတွေရဲ့ သဘောဆန္ဒက ...

ဖြေ။ ဒီစီမံကိန်းကို လုပ်ချင်တဲ့ လုပ်ငန်းရှင်ဘက်က ညှိနှိုင်းတယ်ဆိုတဲ့ ကိစ္စက ဒါသူတို့ရဲ့ တစ်ဖက်သတ် ကိစ္စအနေနဲ့ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ့်သူတွေ၊ ကိုယ့်ရဲ့နိုင်ငံကို ဦးဆောင်မယ်လို့ ယုံကြည်တဲ့သူတွေ၊ တာဝန်ရှိပါတယ်လို့ ပြောနေတဲ့သူတွေ၊ ကိုယ်ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ညှိနှိုင်းမှု ကိစ္စပဲဖြစ်စေ၊ ဒါနဲ့ပတ်သက်ပြီး ပြန်စဉ်းစားရအောင်လို့ ပြောတာပဲဖြစ်စေ၊ ဘာမှဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ မြင်တယ်။

မေး ။ မြစ်ဆုံစီမံကိန်းမှာ စီးပွားရေးအရ မေးခွန်းထုတ်စရာတွေ ရှိသလို အမျိုးသား လုံခြုံရေးအတွက် အဓိက အန္တရာယ် ရှိနေတယ်။ အထူးသဖြင့် သဘာဝ ဘေးအန္တရာယ် သက်ရောက်မှုက ပိုပြီးစိုးရိမ်စရာ ကောင်းတယ်။  ဧရာဝတီ မြစ်ရိုးတစ်လျှောက် လူနေမှုဘ၀၊ လူနေမှုစီးပွားရေးတွေအပြင် သဘာဝဂေဟစနစ် ပျက်စီးမှုတွေ  ဖြစ်နိုင်တယ်။ အဆိုးဆုံးက ရေကာတာရဲ့ ငလျင်ဒဏ်ခံနိုင်ရည် ရစ်ခ်ျတာစကေး ၈ အထက်ကို မခံနိုင်ဘူး။ ရေကာတာ အမြင့်က ပေ ၆၀၀ ရှိတယ်။ ကိန်းဂဏန်းတွေအရ မြစ်ဆုံစီမံကိန်း ဧရိယာတစ်ဝိုက်မှာ  ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်း ရစ်ခ်ျတာစကေး ၇ ဒသမ ၅ အထက် ငလျင် သုံးခုထက်မနည်း လှုပ်ခဲ့တယ်။ ငလျင် ဘယ်အချိန်မှာ လှုပ်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ အကယ်၍ ရစ်ခ်ျတာစကေး ၇ ဒသမ ၅ နဲ့ အထက် ငလျင်လှုပ်လို့ ရေကာတာ ကျိုးပေါက်ပြီဆိုရင် လူပေါင်းသုံးသိန်းကျော်လောက်ဟာ စက္ကန့်ပိုင်းအတွင်း အသက်ဆုံးရှုံး၊ အိုးအိမ်တွေ ပျက်စီးရမယ့် အန္တရာယ် ရှိနေပါတယ်။ ဒီလိုအနေအထားတွေ ရှိနေပါလျက် မြစ်ဆုံစီမံကိန်းကို ဆက်လုပ်ဖို့ ကြိုးစားနေတာဟာ ဘာကြောင့်လို့  ဆရာထင်သလဲ။

ဖြေ ။ တကယ်တော့ မြန်မာနိုင်ငံကို မျက်စိကျနေတဲ့ နိုင်ငံတွေ အနီးဆုံး နေရာတွေမှာ အများကြီး ရှိနေကြတယ်။ မြန်မာနိုင်ငံက ပတ်ဝန်းကျင် နိုင်ငံတွေကို မှီခိုပြီးတော့ ရပ်တည်နေရတာ။ ဘေးအိမ်နီးချင်း နိုင်ငံတွေရဲ့ ထုတ်ကုန်တွေကို မှီခိုနေကြရတယ်။ ကိုယ့်နိုင်ငံက ကုန်ကြမ်းတွေကို တံခါးမရှိ၊ ဓားမရှိ သယ်သွားတယ်။ ကိုယ့်နိုင်ငံက သယံဇာတတွေ အများကြီး သယ်သွားခြင်း ခံရပြီး ကိုယ့်နိုင်ငံကို ၀င်လာတဲ့ ခပ်ညံ့ညံ့ပစ္စည်းတွေကို မှီခိုမှု၊ လွှမ်းမိုးမှုတွေ အများကြီးရှိကြတာ အားလုံးက သိကြတယ်။ အဲဒီတော့ မြန်မာနိုင်ငံ ဘက်ကနေပြီး ပေးဆပ်လိုက်ရတဲ့ပစ္စည်း အတိုင်းအတာ ဆုံးရှုံးမှုတွေက အတော်များနေပြီ။ အဲဒါတွေကို ကာကွယ်နိုင်မှု စွမ်းအားလည်း မရှိဘူး။ ကိုယ့်နိုင်ငံကထွက်တဲ့ တွင်းထွက်ရတနာအပြင် နိုင်ငံရဲ့ သစ်တောထွက် ပစ္စည်းတွေ အပါအ၀င် နောက်ဆုံးမှာ တိရစ္ဆာန်တွေပါ အပါအ၀င် တံခါးမရှိ၊ ဓားမရှိ သိမ်းကျုံးယူသွားတာ မျိုးတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ သိပ်မရှိခဲ့ဘူး။ အဲဒါမျိုးတွေ နောက်ဆုံးမှာ မြန်မာနိုင်ငံရဲ့ တကယ့်တန်ဖိုးရှိတဲ့ သယံဇာတတွင်းထွက်တွေရှိတဲ့ မြန်မာပြည်ရဲ့ အထက်ပိုင်းကို အများဆုံး ဖြစ်ပေါ်နေတယ်။ လုပ်ငန်းတစ်ခု စီမံကိန်း ဆိုတာနဲ့တင် အဲဒီနေရာကို ၀င်ခွင့်ဘယ်သူမှ မရတော့ဘူး။ စပြီးတည်တဲ့ အချိန်မှာ တွေ့ခဲ့တယ်။ ဘယ်သူမှသွားပြီး လေ့လာလို့ မရတော့ဘူး။ လွှတ်တော်ကိုယ်စားလှယ်  ကျွန်တော်ကိုယ်တိုင်ကို သွားခွင့်မရလို့ မသွားခဲ့ဘူး။ စီမံကိန်း လုပ်တာနဲ့ ဘယ်သူမှ ၀င်ခွင့်မရတော့ဘူး။ ဒေသခံတွေ အနေနဲ့ ဆုံးရှုံးမှုတွေ ဖြစ်တယ်။ ဒီနေရာကြီးကို သူတို့အပိုင် သိမ်းလိုက်သလိုပဲ။ ဆိုလိုတာက မြန်မာနိုင်ငံမြေပုံရဲ့ခေါင်းပိုင်းက ပြတ်ထွက်သွားပြီး အုပ်ချုပ်ရေး အပါအ၀င် စီရင်ပိုင်ခွင့်တွေ ဆုံးရှုံးသွားနိုင်တယ်။ အဲဒါက ကိုယ့်နိုင်ငံရဲ့ အစိတ်အပိုင်းကို သူများကို ပေးလိုက်ရတာနဲ့ အတူတူပဲ။ အဲတော့ ဒါကိုကာကွယ်ဖို့ လိုအပ်သလို တခြားနိုင်ငံက သူတို့အကျိုးစီးပွားအတွက် သစ်ကုလားအုတ်ပုံပြင်လို ခေါင်းလေးဝင်လို့ရရင် ခေါင်းလေးတစ်ကိုယ်လုံး ၀င်လို့ရရင် တစ်ကိုယ်လုံးဝင်မှာပဲ။ မြစ်ဆုံစီမံကိန်းကို လုပ်လိုက်တာနဲ့ ဘာတွေပိုင်သွားမယ်ဆိုတာ စဉ်းစားလို့ရပါတယ်။ ဒီနေရာက ရေ၀င်ဧရိယာဖြစ်တယ်။ သတ်မှတ်တဲ့ရွာတွေ အကုန်ဖယ်ရတော့မယ်။ ရေ၀င်ဧရိယာတွေ အားလုံးက သူတို့ပိုင်နက်ဖြစ်သွားပြီ။ အဲဒီအပြင် ဘေးနားက ရွာတွေနေလို့ မရတော့ဘူး။ ပြည်ပထွက်သွားရတော့မလို ဖြစ်သွားကြလိမ့်မယ်။ ပြီးတော့ဘေးမှာ လက်ကျန်ဘာမှ မရှိနိုင်တော့ဘူး။ ရှိတဲ့နေရာတွေက ကိုယ်ပိုင်ဖို့ ခဲယဉ်းသွားပြီ။ ဒီကထွက်တဲ့ လက်ရှိသယံဇာတတွေကိုတောင် မတားဆီးနိုင်တဲ့ ကိစ္စမှာ ဒီနေရာတွေကို သူတို့ရဲ့ အုပ်ချုပ်ရေးကအစ သူတို့ရဲ့ လုံခြုံရေး၊ တားဆီးမှုတွေ ကိုယ့်လုပ်ပိုင်ခွင့် မရှိတော့ဘူးဆိုရင် ဒါနဲ့ပတ်သက်လို့ကိုယ့်မှာ လုပ်ပိုင်ခွင့်အားလုံး ပျောက်သွားလိမ့်မယ်။ ဒါကတိုင်းပြည် တစ်ခုကို အပိုင်းလိုက်ပေး လိုက်ရသလို ဖြစ်သွားနိုင်တယ်။

မေး ။ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ စီမံကိန်းက ၅၃ ခုကျော် ရှိ နေပါတယ်။ အဲဒီထဲမှာ မြစ်ဆုံ၊ လက်ပံတောင်းနဲ့ ကျောက်ဖြူရေနံနှင့် သဘာဝပိုက်လိုင်း သုံးခုက အဓိက ကျပါတယ်။ လက်ပံတောင်းကိုတော့ ပေးလိုက်ရပါပြီ။ မြစ်ဆုံကတော့ ယာယီရပ်ထားတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ကျောက်ဖြူ ရေနံပိုက်လိုင်းက ရေနံနဲ့ သဘာဓာတ်ငွေ့တွေ စလွှတ်နေပြီ။ နောက်တစ်ဆင့်တက်ပြီး ပိုက်လိုင်းတစ်လျှောက် ရထားလမ်း ဖောက်ဖို့လည်း ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံ ခါးလယ်ကိုဖြတ်ပြီး ရထားလမ်းဖောက်မှာပါ။ ဒါပေမဲ့ အဲဒါတွေကို ဆက်မလုပ်ဖို့ ပြည်သူတွေက ကန့်ကွက်နေကြပါတယ်။ အမျိုးသား လုံခြုံရေးကိစ္စ အပါအ၀င် တခြားဘာကိစ္စတွေကြောင့် ကန့်ကွက်နေကြသလဲလို့ ထင်ပါသလဲ။

တကယ်တော့ ဥပဒေတစ်ခုလိုပဲ ဖြစ်တယ်။ လွှတ်တော်က အတည်ပြုထား တဲ့ဟာတွေ မှန်သမျှ အစိုးရက ဆောင်ရွက်သွားရမှာ ဖြစ်သလို နောက်တက်လာတဲ့ အစိုးရကလည်း ရှေ့ကရှိနေတဲ့ ဥပဒေတွေ၊ အမိန့်တွေကို လိုက်နာပြီး ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်  .   .   .

ဖြေ ။ ဒီအခုလက်ရှိ လုပ်နေတဲ့ စီမံကိန်းတွေက ပြည်သူလူထု အကျိုးအတွက် အတော်ကြီးကို မည်မည်ရရ ဖော်ပြနိုင်တာ မရှိဘူး။ အတော်ကြီးကို နည်းပါးတယ်လို့ ပြောလို့ရသလို ပြည်သူလူထုအတွက် သေချာတဲ့ ညီညွတ်မျှတတဲ့ ခံစားခွင့်နဲ့ ပတ်သက်လို့ အာမခံချက် မရှိဘူး။ ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့သူတွေပဲဖြစ်စေ၊ ပညာရှင်တွေပဲဖြစ်စေ၊ မစ်ရှင်အဖွဲ့လို့ ပြောတာပဲဖြစ်စေ၊ အဖွဲ့အချို့က လွှတ်တော် ကိုယ်စားလှယ်တွေကို သုံး၊ လေးကြိမ် လာတွေ့ဆုံဖူးပါတယ်။ စကားပြောဖူးပါတယ်။ အဲလိုပြောတဲ့ အခါမှာ တိုင်းရင်းသားပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ ရှိကြပါတယ်။

ကျောက်ဖြူက ရထားလမ်းစီမံကိန်းနဲ့ ပတ်သက်လို့ ပြောတယ်။ သူတို့က နှစ်စဉ် ယွမ်ငွေခြောက်သိန်း ဖြစ်မယ်။ အဲဒါကို ဒေသဖွံ့ဖြိုးရေးအတွက် ပေးဖို့ သူတို့က အစိုးရကို ပြောကြားတယ်။ ဒေသခံတွေက သူတို့ရဲ့ဒေသနဲ့ ပတ်သက်ပြီး သူတို့ ဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ပေးပါ။ ဖန်တီးပေးပါဆိုရင် ခင်ဗျားတို့ ဖန်တီးပေးမလား အဲလိုမေးတော့ ဒါက ငါတို့တာဝန် မဟုတ်ဘူး။ မင်းတို့ အစိုးရ လုပ်ပေးရမယ့်တာဝန်။ ဟုတ်ပြီ ငါတို့က အစိုးရကို မခိုင်းဘူး။ မင်းတို့က ဒီမှာ လာလုပ်နေတာ ဖြစ်တဲ့အတွက် မင်းတို့လုပ်ပေးပါလို့ တောင်းဆိုရင် လုပ်ပေးမှာလား။ ငါတို့လုပ်မပေးနိုင်ဘူး။ မင်းတို့ အစိုးရကိုပဲ တောင်းဆိုလို့ ပြောတယ်။ အဲလိုဆိုရင် မင်းတို့ဘာလို့ ဒီကိုလာသေးတာလဲ။ ငါတို့က မင်းတို့အစိုးရနဲ့ စာချုပ် ချုပ်ပြီးမှ လာလုပ်တာလို့ ပြောတယ်။ အဲဒီအချိန်မှာ စကားတွေ တစ်ယောက် တစ်ပေါက်နဲ့ ထပြီး အကြီးအကျယ် ပြောဖြစ်ကြတယ်။ အဲလိုပြောဖြစ်တဲ့ အထဲမှာ စကားတစ်ခုက အဲလိုပြည်သူ မျက်နှာကို မကြည့်ဘဲ လုပ်ချင်ရာလုပ်တဲ့ အစိုးရကို ဖြုတ်မယ့် လွှတ်တော် ကိုယ်စားလှယ်တွေက ငါတို့ကွလို့ ပြောလိုက်တဲ့သူရှိတယ်။ ငါ့နာမည်က ဘယ်သူကွဆိုပြီး ပြောလိုက်တဲ့ သူရှိတယ်။ နောက်တစ်ယောက်က ငါတို့နိုင်ငံက ဒေသခံ ပြည်သူတွေကို မျက်နှာမကြည့်ဘဲနဲ့ အစိုးရ မျက်နှာပဲ ကြည့်မယ်ဆိုရင်တော့ ငါတို့နိုင်ငံကို မလာနဲ့၊ မလာနဲ့လို့ ပြောတယ်။ ကချင်ပြည်နယ်က ကိုယ်စားလှယ် တစ်ဦးက မင်းတို့က ငါတို့နိုင်ငံက ပြည်သူတွေက လက်မခံဘဲ လာလုပ်ခွင့် မရဘူးလို့ ပြောတာရှိပါတယ်။ အဲတော့ အဲဒီမစ်ရှင်အဖွဲ့ ခြောက်ယောက် ပြန်သွားကြတယ်။

မေး ။ အခု မြစ်ဆုံစီမံကိန်းဟာ တစ်ကျော့ပြန် ပြဿနာ ဖြစ်လာပါပြီ။ ဒီလိုဖြစ်လာတဲ့ အချိန်မှာ သုံးသပ်မှု အမျိုးမျိုးတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် စာချုပ်ကိစ္စပေါ့။ လွှတ်တော်က ဘာလုပ်နိုင်မလဲ။

ဖြေ ။ လွှတ်တော်မှာ ဒါနဲ့ပတ်သက်ပြီး ကြိုးစားခဲ့တာ မရှိသေးဘူး။ ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တော်တော်များများက သိချင်နေကြတယ်။ လွှတ်တော် ကိုယ်စားလှယ် ဆိုတာက ပြည်သူတွေက ရွေးကောက် တင်မြှောက်ထားတာ ဖြစ်တယ်။ ပြည်သူတွေကို နစ်နာစေမယ့် ဘယ်ကိစ္စကိုမဆို အရေးကြီးရင် အရေးကြီးသလို ပြည်သူရဲ့ရှေ့က မားမားမတ်မတ် ရပ်တည်ဖို့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေမှာ တာဝန်ရှိတယ်။ အဲတော့ လွှတ်တော် ကိုယ်စားလှယ်တွေ ကိုယ်တိုင်က စစ်အစိုးရ လုပ်ခဲ့တာဖြစ်စေ၊ လက်ရှိ အစိုးရ လုပ်တာဖြစ်စေ၊ ဘာမှမသိဘူးဆိုရင် ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လက်ရှိလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ အသံတွေ ဆူညံပွက်လော ရိုက်နေတာကို လျစ်လျူရှုထားရင် လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်က မကျေပွန်ဘူး။ အဲဒီတော့ ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီတာကို ဆက်လက် ဆောင်ရွက်တာမျိုး ဟုတ်၊ မဟုတ် အရင်က အစိုးရတွေ ဘာတွေလုပ်ခဲ့သလဲ။ အရင်အစိုးရ လုပ်ခဲ့တာတွေ နောက်အစိုးရ ဆက်ခံရမယ်။ မှန်တယ်။ သို့သော် ဒီလိုစာချုပ်ချုပ်ထားလို့ ဘယ်လိုသဘော တူညီမှုတွေ ရှိသလဲ။ အရင်တုန်းက အစိုးရတစ်ဖွဲ့တည်း ရှိတာဖြစ်တယ်။ အခု လွှတ်တော်နဲ့ ထိန်းကျောင်းရမှာ ဖြစ်တယ်။ ဒါ့ကြောင့် အရေးကြီးကိစ္စတွေ၊ စာရွက်စာတမ်းတွေ မသိလို့မရဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေ ကြည့်နိုင်ဖို့၊ သိဖို့ကို လွှတ်တော်အနေနဲ့ လက်ရှိအစိုးရကနေ လာရောက်ရှင်းပြပေးဖို့ သ၀ဏ်လွှာ ပို့တာမျိုး လုပ်သင့်ပြီ။ လွှတ်တော် အကြီးအကဲတွေက သ၀ဏ်လွှာ ပို့ပြီးတော့မှ အစိုးရအဖွဲ့က လာရောက်တင်ပြတဲ့ ကိစ္စမျိုး လုပ်သင့်ပြီ။ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ ကိစ္စတွေက ပွင့်လင်းမြင်သာမှုကို အခြေခံတယ်ဆိုရင် အရင်အစိုးရ လက်ထက်မှာ ချုပ်ခဲ့တဲ့ စာချုပ်ဖြစ်စေ၊ နောက်ထပ် စာချုပ်သက်တမ်းတိုးဖို့ ထပ်ချုပ်ရတာဖြစ်စေ ပြည်သူလူထုသိဖို့ အတွက်ကို အနီးကပ်ဆုံး လွှတ်တော်က မသိလို့မဖြစ်ဘူး။ လွှတ်တော်ကို လာရောက်ရှင်းပြဖို့ ဆောင်ရွက်သင့်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ အဆိုတင်သွင်း သင့်တယ်။

မေး ။ ဆရာ့အနေနဲ့ဆိုရင် အဆိုတင်သွင်းဖို့ ဆန္ဒရှိသလား။

ဖြေ  ။ ဒါက လုံးဝလုပ်သင့်တဲ့ ကိစ္စတစ်ရပ်ပဲ။ လိုအပ်ရင် လွှတ်တော်မှာ အဆိုတင်သွင်းပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်တယ်။

မေး ။ သမ္မတ ဦးသိန်းစိန်က သူ့အစိုးရ လက်ထက်မှာ ရပ်ထားမယ်လို့ပဲ ပြောထားတယ်။ လုံးဝရပ်ဆိုင်း သွားဖို့ဆိုရင် လွှတ်တော်က ဘာလုပ်နိုင်မလဲ။

ဖြေ ။ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပေါင်းစည်း ထားတဲ့ လွှတ်တော်တွေကနေ ပြည်သူ့ဆန္ဒနဲ့အညီ ဒီလုပ်ငန်းကို မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းဖို့အတွက် လွှတ်တော်မှာ ဆန္ဒရယူပြီးတော့မှ လွှတ်တော်ကနေ အများဆန္ဒနဲ့ နောင်အစိုးရ လက်ထက်မှာ ရပ်ဆိုင်းဖို့ သင့်တယ်လို့ မြင်တယ်။

လွှတ်တော်က ဆုံးဖြတ်ချက်တွေဟာ တကယ်တော့ ဥပဒေတစ်ခုလိုပဲ ဖြစ်တယ်။ လွှတ်တော်က အတည်ပြု ထားတဲ့ ဟာတွေမှန်သမျှ အစိုးရက ဆောင်ရွက်သွားရမှာ ဖြစ်သလို နောက်တက်လာတဲ့ အစိုးရကလည်း ရှေ့ကရှိနေတဲ့ ဥပဒေတွေ၊ အမိန့်တွေကို လိုက်နာပြီး ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒါဟာလွှတ်တော် တစ်ရပ်က ဆောင်ရွက်သွားမယ်ဆိုရင် နောက်အစိုးရက လွှတ်တော် အတည်ပြု ထားတာတွေကို လိုက်နာဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။

 နောက်ပြီး ဒါဟာလွှတ်တော် အကြီးအကဲတွေရဲ့ သဘောဆန္ဒတွေလည်း အရေးကြီးတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ မြစ်ဆုံကိစ္စကို လွှတ်တော်မှာ ဆွေးနွေးမှုတစ်ခု ရှိခဲ့တယ်။ အဲဒီဆွေးနွေးမှုမှာ ဒါနဲ့ပတ်သက်ပြီးတော့ ထောက်ခံသူတွေ တွေ့ခဲ့တယ်။ ဒါပေမဲ့ လွှတ်တော် အကြီးအကဲတွေရဲ့ သဘောဆန္ဒက ဘယ်လိုရှိမယ်၊ မရှိဘူးဆိုတဲ့ဟာပေါ် မူတည်ပြီး ပြောဆိုဆွေးနွေး ကြတာလည်း ပါတာပေါ့။ တစ်ခါတစ်ခါမှာ လွှတ်တော်အကြီးအကဲတွေက ဒါတော့လုပ်သင့်တဲ့ကိစ္စ ဖြစ်တယ်။ ဒါတော့ ရပ်သင့်တဲ့ ကိစ္စဖြစ်တယ်။ ဒါတော့ ဒီလိုသွားသင့်တယ်။ လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ အဲဒီလိုပဲ မြင်ပါတယ်ဆိုရင် များသောအားဖြင့်တော့ အဲဒီလွှတ်တော် ဥက္ကဋ္ဌတွေရဲ့ အကြံပြုချက်ကို လိုက်နာသွားကြတာကို တွေ့ရတယ်။ အဲဒါလို လုပ်သွားတဲ့ပုံစံမျိုး။ ဦးဆောင်ပြီးတော့ ပြောသွားတဲ့ ပုံစံမျိုးတွေကို နောက်ကနေ ကျန်တဲ့ပုဂ္ဂိုလ်တွေက လိုက်နာသွားတဲ့ ပုံစံမျိုးလည်း တွေ့ရတယ်။ အဲဒီလိုတွေ ရှိတဲ့အတွက် လွှတ်တော်ရဲ့ အစဉ်အလာ တချို့မှာ လွှတ်တော် အကြီးအကဲများရဲ့ ဦးဆောင်မှုက အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်တယ်လို့ မြင်တယ်။

မေး ။ လွှတ်တော်က နောင်အစိုးရ လက်ထက်မှာ လုံးဝရပ်ဆိုင်းဖို့  ဆုံးဖြတ်လိုက်ပြီဆိုရင် နောင်အစိုးရ ကလည်း ရပ်ဆိုင်းရမှာပဲ။ ဒီအခါမှာ ဥပဒေအရ ရင်ဆိုင်ရတာတွေရှိနိုင်သလို လျော်ကြေးကိစ္စတွေလည်း ဖြစ်လာနိုင်တယ်။ ဒီကိစ္စတွေကို  ဘယ်လိုကိုင်တွယ် သင့်သလဲ။

ဖြေ ။ ရပ်တယ်ဆိုတာက ပြည်သူ့ဆန္ဒ၊ ကိုယ့်နိုင်ငံရဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတစ်ခုလို့ မြင်တယ်။ ဥပဒေ ရေးရာကိစ္စက တစ်ဖက်က ဆောင်ရွက်သူတွေရဲ့ကိစ္စ။ ကိုယ့်ဘက်က ဒါကို ပြန်လည်ချေပနိုင်ဖို့၊ ကိုယ့်ဘက်က အကောင်းဆုံး ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားဖို့ ဒါပဲရှိတယ်။ ဖြစ်လာတဲ့ကိစ္စကို အကောင်း ဆုံး ဖြေရှင်းပေးမယ်။ အကောင်းဆုံး ဆောင်ရွက်ကြမယ်။ ဒီလိုပဲ ရင်ဝယ်ပိုက်ရမှာပေါ့။ ဘယ်လိုနည်းနဲ့ပဲ လာလာ ဖြေရှင်းရမှာပဲ။ ဆိုလိုတာက လုပ်ငန်းကတော့ ရပ်ထားလိုက်ပါ။ ရပ်ထားတာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ပြဿနာတွေကို ငါတို့ခံနိုင်ရမယ်ဆိုတဲ့ စိတ်မျိုးနဲ့ အဲဒီလိုပဲ ခံယူရမှာဖြစ်တယ်။ အဲဒါဟာ ဥပဒေကြောင်းအရ တုံ့ပြန်ရင် ဥပဒေကြောင်းအရပဲ ပြန်လည်ဖြေရှင်းသွားမယ်။ ဒါကို ခံနိုင်ရည် ရှိပါတယ်။ ဒါကတော့ ထည့်ပြီးတော့ စိုးရိမ်စရာ မလိုဘူး။ ကိုယ့်နိုင်ငံ ကိုယ့်မြေပေါ်မှာပဲ ကိုယ်ရပ်တည်တာပဲ။ (မြစ်ဆုံ စီမံကိန်း လုပ်ကိုင်ရန် သဘောတူညီချက်များ၌) ခြစားမှုတွေ ရှိလာရင်လည်း သူတို့ရဲ့ ဖြစ်လာတဲ့အပေါ် မူတည်ပြီး သူ့တာဝန် ရှိတဲ့သူက သူ့တာဝန် သူယူသူခံပေါ့။ ဒါပဲပေါ့။ ဒါကတော့ တာဝန်ခံရဲရမယ်။ တာဝန်ယူ ရဲရမယ်။

eleven media  group

No comments:

Post a Comment

My Blog List