Monday, January 06, 2014

သိပ္ပံနဲ့ နည်းပညာ၊ ပညာရေး စနစ်နဲ့ အပြောင်းအရွှေ့ အမိန့်များ



သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဋ္ဌာန (သပန ) မှာ အခု ရက်ပိုင်းအတွင်း ဆရာ၊ ဆရာမ ၁ ထောင်ကျော် အတွက်  ပြောင်းရွှေ့မိန့်တွေ ဆက်တိုက်ထွက်ပေါ်လာပါတယ်။ 

သပန ဆိုတာ အင်ဂျင်နီယာတွေကို မွေး ထုတ်နေတဲ့ ဝန်ကြီးဌာန တခုဆိုရင် လည်း မမှားပါဘူး။ သပန က အကြောင်း တွေနဲ့ ပတ်သက်လို့ ဧရာဝတီက စာတစောင်လက်ခံ ရရှိထားပါတယ်။ အပြည့်အစုံကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

ရာထူးတိုး မညီမျှမှုနဲ့ နစ်နာမှု 

ရာထူး အဆင့်အဆင့်တိုးတဲ့နေရာမှာ သရုပ်ပြ၊ နည်းပြ၊ လ/ထ ကထိက၊ ကထိက၊ ဒုပါမောက္ခ၊ ပါမောက္ခ ဆိုပြီး အစဉ်လိုက်ပေါ့။ သရုပ်ပြရာထူးနဲ့ လုပ်သက် (၅)နှစ်ရှိရင် နည်းပြ။ နည်းပြရာထူးနဲ့ လုပ်သက်(၅)နှစ် ရှိရင် လ/ထ ကထိက ဆိုပြီး ရာထူးတိုး သတ်မှတ်ချက် အဆင့်ဆင့် ရှိတယ်။

ဒီသတ်မှတ်ချက်ကလည်း ၂၀၁၂ ခု ကမှ အတည်တကျ ထွက်လာတာ။ အဲဒီသတ်မှတ်ချက် မထွက်ခင်က ရာထူးတိုး မညီမျှ မှု ကို ပြောပါအုံးမယ်။

အရင်အစိုးရလက်ထက် ဦးသောင်း ဝန်ကြီးလုပ်တုန်းက ပုံမှန် A.G.T.I လက်မှတ်နဲ့၊ B.A/B.Sc စတဲ့ ဘွဲ့ လက်မှတ်တွေနဲ့ ဝင်လာတဲ့သူတွေကို သတ်မှတ် ရာထူးတိုးနှစ်တွေ ပြည့်နေပေမဲ့ မတိုးပေးဘူး။

အရင်တုံးက ဆိုရင် (၇)နှစ်ဆိုရင် လ/ထ ကထိက ရာထူး ရတယ်။ ခု မရတော့ဘူး။ ခုဆိုရင် တစ်ချို့ ဆရာ/ဆရာမကြီးတွေဆိုရင် လုပ်သက် (၂၀)ကျော်ပေမဲ့ နည်းပြ အဆင့်လောက်သာ ရနေကြပါတယ်။

လုပ်သက်တွေအရဆိုရင် လ/ထ ကထိက ရာထူးထိရကြရမှာ။ ပင်စင်နားနီးတဲ့ ဆရာ/ဆရာမကြီးတွေဖြစ် ရင် တော်တော် နစ်နာကြတယ်။ နည်းပြ အဆင့်လောက်သာ ရကြတာကလည်း ရာထူးတိုးသတ်မှတ်ချက် ထွက်ပြီး ၂၀၁၃ နှစ်ကုန်နီးမှ ပေး လို့ ရကြတာပါ။

ဒါ က ပုံမှန် အပြင်တက္ကသိုလ်၊ ကျောင်းတွေက ကိုယ့်စရိတ်နဲ့တက်ပြီး အလွတ် ဝင်လာကြတဲ့ ဆရာ/ ဆရာမ တွေ ရဲ့ ရာထူးတိုးမှုပါ။

ဦးသောင်း မွေးထုတ်ခဲ့ တဲ့ ဆရာဖြစ်သင်တန်းကဆင်းတဲ့ ဆရာ/ဆရာမတွေဆိုတာ အတန်းအစား တစ်ခု ရှိတယ်။ တနည်း အားဖြင့် ပြောရရင် ကျောင်းစတက်ကထည်းက ဝန်ထမ်းလခ ရပြီး ကျောင်းတက်ရတဲ့ သူတွေပေါ့။

ဆယ်တန်းအောင် ကျောင်းဆက်တက်ကထည်းက လခရ ဝန်ထမ်းလို့ သတ်မှတ်ထားတဲ့သူတွေ ပါ။ ကျောင်းတက်ကတည်း ကပင် ရာထူး အတော်အတန်ပေးထားခဲ့တယ်။ ကျောင်းလည်းပြီးရော ဘွဲ့အနိမ့်အမြင့်လိုက် ရာထူး ကို ပေးသွားတာ။ အနည်းဆုံး လ/ထ ကထိက အများဆုံး ဒုပါမောက္ခထိပေါ့။

၈၈ မျိုးဆက်လို့ သတ်မှတ်ထားတဲ့ အသက်အရွယ်ရှိတဲ့ ဆရာ/ဆရာမတွေကိုဆိုရင် ချောင်ထိုးထားလေ့ရှိ တယ်။ ရာထူး မပေး ဘူး။ ရာထူးတိုး တင်ပေးတဲ့ ကျောင်းအုပ်ဆိုရင် ပြစ်ဒဏ်ပေး နယ်နှင်ခံရတယ်။

ဦးသောင်း မွေးထုတ်ခဲ့တဲ့ ဆရာ အဖြစ် နဲ့ ကျောင်းတက်ခဲ့တဲ့ သူတွေဆိုရင် ရာထူးက ဒု-ပါမောက္ခ ရနေပေမဲ့ အသက်က တစ်ချို့ဆိုရင် ၂၈ နှစ်လောက်ပဲ ရှိသေးတာ။

ရာထူးတိုးသတ်မှတ်ချက်စည်းကမ်းနဲ့ဆိုရင် အဲဒီ ဒု-ပါမောက္ခ တွေက ဒု-ပါမောက္ခ ရဖို့ နေနေသာသာ လ/ထ ကထိက လောက်ပဲ ရနေမဲ့ အခြေအနေပါ။ မွေးထားတဲ့သူတွေမိုလို့ ရာထူးကြီးကြီး တွေ ပေးထား တယ်။

လုပ်သက်များပြီး ရာထူးတိုးမှာ ရသင့်တဲ့ရာထူးကိုမရတဲ့ နစ်နာမှုရှိနေတဲ့ ဆရာ/ဆရာမတွေကို မနစ်နာ ရအောင် ကြည့်သင့် ပေမယ့် မကြည့်ကြပါဘူး။ ရာထူးတိုးပြီး ရာထူးတိုးအခွင့်အရေး မခံစားရသေးခင် ဝန်ခံကတိ ရေးရတယ်။

ကိုယ်ရောက်နေတဲ့ကျောင်းမှာ လုပ်သက် (၅)နှစ်နဲ့ အထက် ကြာနေသူတွေကို နယ်စွန်နယ်ဖျားမှာ ရှိတဲ့ ကျောင်း(၃)ကျောင်း အရွေးခိုင်း ပါတယ်။

တကယ်လို့ အပြောင်းအရွှေ့ပို့ရင် အဲဒီ(၃)ကျောင်းထဲ က ကျောင်း တစ်ကျောင်းကို သွားပါမယ်ဆို တဲ့ ဒေသ မရွေး တာဝန် ထမ်းပါမည်ဆိုတဲ့ ဝန်ခံ ကထိပေါ့။ ရာထူးတိုးတိုးချင်း ကတိဝန်ခံချက် ထိုးထားရ တယ်။

အရွေးခိုင်းတဲ့ နယ်စွန်နယ်ဖျား ဝေးလံ ခေါင် သီ တဲ့နေရာက ကျောင်းတွေကို ဦးစီးဌာနက အဆင် သင့် ဖော်ပြပေးထား တယ်။ အပြောင်းရွှေ့တွေကိုလည်း တင်ခိုင်းတာ ပေါ့။ အပြောင်းအရွှေ့ တင်ခိုင်း တာတော့ ရာထူး တိုးမလာခင်ကထည်းက တင်ခိုင်း ထားတယ်။

ရည်ရွယ်ချက်က ထင်တာတော့ ဝေးတဲ့နေရာမှာ ကြာနေတဲ့ ဆရာ/ဆရာမတွေကို ပြည်မထဲကို ပြန်ပို့ဖို့၊ အဲဒီ နေရာ ကို ပြည်မက ရာထူးတိုးထားတဲ့ အနေကြာ ဆရာ/ဆရာမတွေကို ပြန်ပို့ဖို့ပဲ။

ပြည်မနဲ့ နယ်စွန်နယ်ဖျား၊ နယ်စွန် နယ် ဖျားနဲ့ ပြည်မ ဖလှယ်တဲ့သဘောပေါ့။ တဆက်ထည်း အဲဒီ ဝေးလံ တဲ့နေရာမှာရှိတဲ့ကျောင်းတွေမှာ ကျောင်းဖွင့်ထားပေမဲ့ တက်တဲ့ကျောင်းသားအရေအတွက်က အင်မတန်နည်း လွန်းတယ်။ ထိရောက်မှုမရှိဘူးပေါ့။

တစ်ချို့ကျောင်းတွေဆိုရင် ဆရာ/ဆရာမအင်အားက ကျောင်းတက်တဲ့ကျောင်းသား/သူတွေထက် ပိုများနေ တယ်။ ကျောင်းသား မရှိဘူးလေ။ ဒေသဖွံ့ဖြိုးရေးအကြောင်းပြပြီး ကျောင်းတွေဖွင့် ကျောင်းသား မရှိ၊ သင်ကြားရေးဝန်ထမ်းတွေ ဒုက္ခရောက်၊ ဝန်ထမ်းတွေ အပြစ်ပေးတဲ့ နေရာလို ဖြစ်နေတယ်။

ဦးသောင်းမွေးထုတ်ထားတဲ့ ဆရာ/ဆရာမတွေဆိုရင် အဲဒီလိုနေရာမျိုးကို မပို့ဘူး။ ပို့ရင်လည်း လပိုင်းလောက်နဲ့ ပြည်မထဲ ကို ပြန်ပြောင်းပေးတယ်။

ဘွဲ့နိမ့်၊ ရာထူးနိမ့်တဲ့ ဆရာ/ဆရာမတွေဆိုရင် အနဲဆုံး ၄ နှစ် ၅ နှစ်လောက် ဒုက္ခခံနေကြရတယ်။ မနေနိုင်၊ ဒုက္ခမခံနိုင်၊ စီးပွားပျက်တဲ့ ဆရာ/ဆရာမတွေက မထွက်ချင်ပေမဲ့ ဝန်ထမ်းကနေ ထွက်သွားကြတယ်။

ဒီရက်ပိုင်း အပြောင်းအရွှေ့ အမိန့်တွေနဲ့ ပတ်သက်လို့ 

ဇန်နဝါရီလ ၁ ရက်နေ့  ည ၇ နာရီကျော်ကနေ  ည ၁၂ နာရီ ထိ အပြောင်းအရွှေ့ အမိန့်တွေ ထွက်လာ တယ်။  ဇန်န၀ါရီလ ၂ ရက်နေ့မှာလည်း နောက်ထပ် ၃ ခု ထပ်ထွက်တယ်။

အပြောင်းအရွှေ့တွေကို ပေါင်းကြည့်လိုက်တော့ ၁၁၄၀ ယောက်ရှိတယ်။ ၇၀၀ လောက် ကျန်သေးတယ်။ တနင်္လာနေ့ ဆက် ထွက်မယ်လို့ သတင်းကြားတယ်။

အရင်ကြားထားတာက စုစုပေါင်း အပြောင်းအရွှေ့ဦးရေ ၁၅၉၃ ယောက်ထွက်မယ်လို့ကြားထားတာ။ ဘယ်လို ဖြစ်မယ် မသိသေးဘူး။

အပြောင်းအရွှေ့တော်တော်များများမှာ ဝေးလံတဲ့ နယ်စွန်နယ်ဖျားက ဆရာ/ဆရာမ၊ ဝန်ထမ်းတွေ ကို ပြည်မထဲ ဝန်ထမ်း တွေ လိုချင်တဲ့ကျောင်းတွေကို ပေးတယ်လို့ သိရတယ်။ တွေ့လည်းတွေ့တယ်။

ပြန်ဝင်လာတဲ့ ဆရာ/ဆရာမတွေနေရာကို ပြန်လွှတ်ဖို့ လိုလာပြီလေ။ ပြန်လွှတ်ဖို့ရွေးတဲ့နေရာမှာ ကျောင်း တကျောင်းမှာ (၅)နှစ်နဲ့အထက် အနေကြာပြီး လောလောလတ်လတ် ရာထူးတိုးထား တဲ့ ဆရာ/ ဆရာမ တွေကို ရာထူးတိုးစဉ်က ဝန်ခံကတိရေးထားတဲ့ စာအတိုင်း ပို့တော့တာပဲ။

တချို့ဆိုရင် ဘဝပျက် မတတ်ဖြစ်သွားတယ်။ မိသားစုစီးပွားရေး၊ ကလေးရဲ့ ပညာရေး၊ ဝန်ထမ်းကိုယ်တိုင် အပါအဝင် မိသားစု ရဲ့ ကျန်းမာရေး အကုန်လုံး ဘဝပျက်သလို ဖြစ်တဲ့သူတွေ အများကြီး ရှိတယ်။

အဝေးကို ပြောင်းရမယ် ဆိုတော့ ရှိတဲ့ ပစ္စည်းတွေကို သယ်သွားလို့ကလည်း မဖြစ်။ ပစ္စည်းတန်ကြေး ရဲ့ ၅ ပုံ ၁ ပုံ တန်ဘိုး လောက်နဲ့ရောင်းပြီး စရိတ်လုပ် သွားကြရတဲ့သူတွေ များပါတယ်။

တချို့ဆိုရင် ခရီးစရိတ်ကြီးလို့ မိသားစုကို မခေါ်နိုင် အဆင်ပြေနိုင်တဲ့ နေရာမှာ ထားသွားကြရတယ်။ မိသားစု တကွဲတပြား၊ စီးပွားရေးကလည်း ဘဝ ပျက်မတတ်ပါပဲ။ ဒီအပြောင်းအရွှေ့မှာပဲ ရာထူးကြီး၊ ဘွဲ့မြင့်တဲ့သူတွေလည်း ပြောင်းကြရတယ်။

ဒါပေမယ့် တစ်ချို့ သူတို့ပြောင်းတာ တစ်မျိုးပဲ။ လာဘ်ငွေ အများအပြားပေးပြီး ပြည်မထဲက ကိုယ်လိုချင် တဲ့ ကျောင်းကို ပြောင်းသွားကြတာ။ အဝေးကို မရောက်ကြဘူး။

ကြားတဲ့သတင်း အရ အထက်လူကြီး တစ်ယောက်ကို ရာထူးကြီး/ဘွဲ့မြင့်အပြောင်းခံ ၄ ယောက်က ကားတစ်စီးဝယ်ပြီး လာဘ်ထိုးကာ လိုချင်တဲ့ကျောင်းကို ပြောင်းသွားတယ်လို့ ကြားသိရတယ်။ ပညာရေးမူဝါဒလို့ ပြောရမလား။

၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပြောင်းလဲမှု 

ဒီနှစ် အခေါ်အဝေါ် အသုံးအနှုံး ပြောင်းတာကလွဲလို့ သင်ခန်းစာများ အပြောင်းအလဲ မရှိသလောက်။ တစ်ချို့ ဘာသာရပ် တွေ ကို သင်ခန်းစာ ထပ်တိုးတာ၊ သင်ခန်းစာ ဖြုတ်တာလောက်ပဲ နည်းနည်းရှိတယ်။ အတန်းကြီးတွေက သင်ခန်းစာအားလုံး လုံးဝ မပြောင်းလဲ။ အခေါ်အဝေါ် အသုံးအနှုံးကတော့ ပြောင်း သွားတယ်။

                   ယခင်အခေါ်                                                ယခုအခေါ်
         A.G.T.I Year 1 အဆင့်                                                    1G 1T

         A.G.T.I Year 2 အဆင့်                                                     2G 2T

(ပြီးခဲ့သည့်နှစ်အထိ ဒီအဆင့်မှာ စာမေးပွဲကို (*)ပါခဲ့ရင် အထူးအောင် သတ်မှတ်တယ်။ B.Tech ဆက် တက်ခွင့်ရှိတယ်။ B.Tech ဆိုတာ နိုင်ငံတကာမှာ မရှိဘူးလို့ ကြားသိရပါတယ်။ ဘွဲ့ပေးတဲ့အဆင့်ပါ။ ဘွဲ့ပါ။)

                  ယခင်အခေါ်                                                     ယခုအခေါ်

              B.Tech Year 1 အဆင့်                                              1T 3T
              B.Tech Year 2 အဆင့်                                              2T 4T

(ဒီအဆင့်မှာလည်း အထူးအောင်ခဲ့ရင် B.E ကို ဆက်တက်ခွင့်ရှိခဲ့ပါတယ်။)

မူဝါဒပြောင်းတဲ့ ဒီနှစ်မှာ A.G.T.I ကို ကျောင်းတိုင်းမှာ မထားတော့ ဘဲ ချောက်၊ ရေနံချောင်း၊ကျောက်ပန်းတောင်း နဲ့ ဝေးလံ တဲ့ ဂန့်ဂေါ စတဲ့ နေရာအပါအဝင် (၁၀) ကျောင်းလောက်မှာပဲ ဖွင့်တော့တယ်။

ပြည်မထဲမှာ ရှိတဲ့ GTU/GTC တွေမှာ ဖော်ပြထားတဲ့အတိုင်း A.G.T.I မရှိ B.Tech သင်တန်းသာ သင်ကြား ပါတော့တယ်။ သင်ခန်းစာတွေကတော့ လုံးဝ မပြောင်းလဲ။ အဟောင်းတွေပါပဲ။

နည်းပညာကျောင်းတွေမှာ မြန်မာလို သင်ကြားသင့် မသင်ကြားသင့်၊ အင်္ဂလိပ်လို သင်ကြားသင့် မသင် ကြား သင့်ဆိုတာကို မြင် သလောက် အမြင်ကို ပြောချင်တယ်။

ဟိုး အရင် RIT ခေတ်ကလို A.G.T.I အဆင့်မှာ လုပ်ငန်းခွင်သုံးဖြစ်တဲ့ အတွက် မြန်မာလိုသင်ကြားသင့် တယ်လို့ ထင်မိပါ တယ်။

နည်းပညာဘာသာရပ်တွေကို နည်းပညာကျောင်းတွေမှာ မြန်မာလိုသင်သင့်တယ်။ အင်္ဂလိပ်လို သင်ကြား ရင် အခက်အခဲ ရှိပါတယ်။ နည်းပညာဆရာတွေက နည်းပညာပိုင်းကိုအဓိက ထားတဲ့အတွက် အင်္ဂလိပ်စာ ကျွမ်းကျွမ်းကျင်ကျင် ရှိဖို့မလိုပါ။

အင်္ဂလိပ် လို သင်ကြားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘာသာပြန်တာ မတူ။ ဘာသာပြန်တာ မတူတော့။ နည်းပညာတမျိုး တည်းကို အဓိပ္ပါယ် အများကြီး ကွဲပြားသွားကြပါတယ်။

ပညာရှင်အဆင့်

အရင်တုံးကလိုဆိုရင် RIT အဆင့် ဆိုရင် ပထမနှစ်ကထည်းက အင်္ဂလိပ်လိုသင်ကြားသင့်ပါတယ်။ သူတို့ က အရာရှိတန်းကို သွားကြမဲ့သူတွေ ပညာရှင်တန်းမှာ နေကြမဲ့သူတွေ လို့ နားလည်ထားပါတယ်။

ဒါမှ နိုင်ငံတကာမှာရှိတဲ့ နည်းပညာတွေကို ဆက်လက် လေ့လာ ဆည်းပူးတဲ့အခါ အဆင်ပြေကြမှာ။ စာမေးပွဲ စနစ်မှာလည်း ဗဟိုဦးစီးစနစ်ကျင့်သုံးတဲ့အတွက် ကျောင်းသားတွေက ဆရာဆရာမတွေ ကို လေးစားမှုနဲလာတယ်။

အရင်တုံးကဆိုရင် နောက်ဆုံးနှစ်မှာတောင် အတန်းတင်စာမေးပွဲကိုပဲ ဦးစီးဌာနမှာစစ်တယ်။ ကျန် စာမေးပွဲတွေကို သင်ကြားတဲ့ဆရာဆရာမကပဲ မေးခွန်းထုတ်ပြီး ကျောင်းမှာပဲစစ်ဆေးတယ်။

အတန်းတင်မေးခွန်းကို ဦးစီးဌာနက ထုတ်ပြီး ကျောင်းမှာပဲစစ်ဆေးစေပါတယ်။ နောက်ဆုံးနှစ် အတန်းတင် တခုကိုပဲ ဦးစီးဌာနမှာ စစ်ဆေးစေပါတယ်။

ခုနောက်ပိုင်းမှာ စာမေးပွဲအားလုံးလိုလို ဦးစီးဌာန က မေးခွန်းထုတ် ဦးစီးဌာနမှာပဲစစ်ဆေး ပါတယ်။ စာစစ်တဲ့နေရာမှာလည်း စာစစ်လိုက်မဲ့ဆရာဆရာမတွေကို မလိုက် မနေရ ခေါ်ထားတဲ့ကျောင်းကဆရာ၊ ဆရာတွေက ငြင်းခွင့်မရှိ စာစစ်လိုက်ကြ ရတယ်။

စာစစ်ခကို တန်ရာတန်ကြေးမပေးတဲ့အပြင် သောက်ရေဖိုးဆိုပြီး ဖြတ်ပါသေးတယ်။ တစ်ခါတစ်လေ စာစစ်ခ တောင် မရတဲ့ နှစ်တွေလည်း ရှိခဲ့တယ်။

နည်းပညာကျောင်းတွေရဲ ပညာရေးအရှေ့တောင်အာရှမှာ ဦးမော့လာဖို့ဆိုရင် ဝန်ထမ်းတွေရဲ့ အပြောင်း  အရွှေ့၊ ရာထူး တိုးမှု၊ သင်ခန်းစာများ၊ ဖွင့်ဖို့ ကျောင်းသားမပြည့်မီတဲ့ကျောင်းတွေပိတ် နီးစပ်ရာ ကျောင်း
တွေ မှာ ပေါင်း၊ အာဏာရှင် ပညာရေးမဖြစ်ဖို့နဲ့ ခရိုနီပညာရေး မဖြစ်ဖို့ အဖက်ဖက်ကပြင်မှ ကျားတော့ မဖြစ်တော့ပေမဲ့ ဦးမော့လာမှာပါ။

ဧရာဝတီblog

No comments:

Post a Comment

My Blog List