Thursday, January 09, 2014

ဖလမ်းခရိုင် ရိဒ်ခေါရ်ဒါ မြို့နယ်ခွဲတွင်ရှိသော ရိဒ်ရေကန်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဆောင် ရွက်ပေးမည်




ချင်းပြည်နယ် ဖလမ်းခရိုင် ရိဒ်ခေါရ်ဒါ မြို့နယ်ခွဲတွင်ရှိသော ရိဒ်ရေကန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဆောင်ရွက်ပေးသွားမည်ဟု ဖလမ်းမြို့တွင် ကျင်းပသော လူထုတွေ့ဆုံပွဲတွင် ပြောကြားသည်။

ဇန်န၀ါရီ ၈ ရက် မွန်းလွဲ ၁ နာရီတွင် ဖလမ်းမြို့ ဟရန်ထီးယို ဘောလုံးကွင်းတွင် ဖလမ်းမြို့ ဒေသခံများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ရိဒ်ခေါရ်ဒါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌက ရိဒ်ရေကန်ဝန်းကျင်တွင် ချင်းပြည်နယ် ၀န်ကြီးချုပ်မှ ဦးဆောင်၍ သဘာဝ သစ်တောများကို ခုတ်ထွင်ရှင်းလင်းပြီး အိမ်ရာမြေကွက်များဖော်ဖို့ ကြိုးစားနေသည်ကို ကန့်ကွက်စာ တင်ထားခဲ့ကြောင်း၊ ယခုအခါတွင်လည်း ရွာသူရွာသားများအား စည်းရုံးပြီး သစ်ပင်များခုတ်ကာ မြေကွက်ဖော်ဖို့ ကြိုးစားနေသည်ဟု တင်ပြခဲ့ပြီး ရိဒ်ရေကန်အလှကို ထိန်းသိမ်းရန်အတွက် ပညာရှင်များနှင့် ပြန်လည် ထိန်းသိမ်းရန်အတွက် အကူအညီပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့သည်။ အဆိုပါ မေးမြန်းမှုကို ဖြေကြားရာတွင် “ရိဒ်ရေကန်ကို တစ်ခါမှ မမြင်ဖူးပေမယ့် အကြောင်းကြောင်းကြောင့် ရိဒ်ရေကန်ကို အရမ်းတန်ဖိုးထား၊ ရိဒ်ရေကန်ရဲ့ သဘာဝအလှ ပြန်လည် ထိန်းသိမ်းရေး ကိစ္စကို ကျွန်မကိုယ်တိုင် ဆောင်ရွက်ပါ့မယ်။ အမြန်ဆုံး ဆောင်ရွက်သွားပါ့မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။

ရိဒ်ရေကန်သည် အကျယ် ၂ ဒသမ ၅ မိုင်ရှိသော တောင်ပေါ် ရေကန်ကြီးတစ်ခုဖြစ်ပြီး ရိဒ်ရေကန်၏ ပတ်လည်တွင် မိုးမခပင်များက ခြံစည်းရိုးရှည်ကြီးသဖွယ် သဘာဝအလျောက် စီတန်းကာ ပေါက်ရောက် နေသည်။ ကန်အတွင်း ရေပြင်၏ ပျမ်းမျှအနက် မှာ ပေ ၅၀ ရှိပြီး အနက်ဆုံး နေရာများတွင် ပေ ၆၀ အထိ ရှိသည်ဟု သိရသည်။

 “ရိဒ်ရေကန်ဘေးမှာ အိမ်ရာမြေကွက်တွေ ဖော်ထုတ်ဖို့ လုပ်နေကြတယ်။ ပြည်နယ်ဝန်ကြီးအချို့ လာ ရောက်စည်းရုံး နေတာတွေ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ လက်မခံချင်ဘူး။ ဘာလို့လဲဆိုတော့ ရိဒ်ရေကန်ဟာ ကမ္ဘာပေါ်မှာ ရှားပါးရေကန်တစ်ခုပါ။ အရင် နှစ် ၅၀ ကျော်လောက်ဆိုရင် ရိဒ်ရေကန် ရဲ့အနားက လယ်ကွက်တွေအထိ ရှိတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိမ်ကော လာပါတယ်” ဟု ရိဒ်ဒေသခံ တစ်ဦးက ဆိုသည်။

ဖလမ်းမြို့ လူထုတွေ့ဆုံပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထွန်းထွန်းဟိန်နှင့် ဦးဌေးဦးတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများ ဟောပြောခဲ့ပြီး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောခဲ့သည်။

eleven media group

No comments:

Post a Comment

My Blog List