Thursday, January 09, 2014

မလေးရှားတွင် အင်ဒိုနီးရှားအလုပ်သမားများနှင့် ပဋိပက္ခဖြစ်ပွားပြီး ပိတ်မိနေသည့် မြန်မာအလုပ် သမား ၆၅ ဦး ပြန်လည်ရောက်ရှိ၊ အလုပ်သမားလေးဦးမှာ မလေးရှားလေဆိပ်တွင် ထွက်ပြေးသွား



မလေးရှားနိုင်ငံတွင် အင်ဒိုနီးရှား အလုပ်သမားများနှင့် ပြဿနာဖြစ်ပွားခဲ့ပြီး ဂိုဒေါင်ထဲတွင် ပိတ်မိနေသည့် မြန်မာအလုပ်သမား ၉၈ ဦးအနက် အလုပ်သမား ၆၅ ဦး ဇန်န၀ါ ရီ ၈ ရက်တွင် Air Asia လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ပိတ်မိနေသည့် အလုပ်သမား ၉၈ ဦး အနက် ၄၈ ဦးကို နံနက် ၈ နာရီလေယာဉ်၊ ၂၁ ဦးကို နံနက် ၁၁ နာရီ ၁၅ မိနစ် လေယာဉ်တို့ဖြင့် အသီးသီးရောက်ရှိခဲ့ပြီး အလုပ်သမားလေးဦးမှာမူ မလေးရှားလေဆိပ်တွင် လေယာဉ်စောင့်ချိန် ထွက်ပြေးသွားကြောင်း အဆိုပါ အလုပ်သမားများအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့သည့် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်းမှ အမှုဆောင် ဦးကိုလေးက ပြောကြားသည်။

“အလုပ်သမားလေးဦးက မလေးရှား လေဆိပ်မှာ ဒီကိုပြန်လာဖို့ လေယာဉ်စောင့်နေတဲ့အချိန်မှာ ထွက်ပြေး သွားတာပါ။ သူတို့ထွက်ပြေးသွားတာကို နံနက် ၄ နာရီလောက်မှ သိရတာပါ။ မြန်မာသံရုံးကနေ အလုပ် သမားတွေကို ထမင်းစားဖို့ ရင်းဂစ် ၁၀၀၀ လာပေး တဲ့အချိန်မှာ အလုပ်သမားတွေကို ငါးယောက်တစ်ဖွဲ့ ပိုက်ဆံခွဲပေးနေတုန်း လေးယောက် ပျောက်သွားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပတ် (စ်) ပို့တွေကို ကျွန်တော် ၀ှက်ပြီး ယူလာရတယ်” ဟု ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်း အမှုဆောင် (မလေးရှား ဆပ်ကော်မတီ) ဦးကိုလေးက ဆိုသည်။

“ သူတို့ ဘာကြောင့် ထွက်ပြေးတယ်ဆို တာကိုတော့ မပြောတတ်ဘူး။ သူတို့က အခုဟိုမှာ Overstay ဖြစ်သွားပြီ။ တရားမ၀င် အလုပ်လုပ်မယ်ဆိုရင် သူတို့အဖမ်းခံရမယ်။ ပြီးရင်ထောင်ကျမယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခုပြန်လည်ရောက်ရှိလာသည့် အလုပ်သမားများကို အာဘာဖီ ပြည်ပအလုပ်အကိုင်အေဂျင်စီ၊  ဟာမိုနီပြည်ပအလုပ်အကိုင်အေဂျင်စီ၊Star Triangle အေဂျင်စီတို့မှ မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများမှာ အလုပ်ရှင်နှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်း သုံးနှစ်မပြည့်သေးသည့်အတွက် အလုပ်ရှင်အား သိန်းတစ်ထောင်ကျော် ပေးလျော်ရမည်ဖြစ်ကြောင်း၊ ယင်းလျော်ကြေးကို အေဂျင်စီမှ တာဝန်ယူပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 မလေးရှားတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် နှင့်ပတ်သက်၍ အလုပ်သမားတစ်ဦးဖြစ်သူ ကိုဖြိုးဝေကလည်း “ကျွန်တော်တို့ ပြန်လာတဲ့အချိန် အင်ဒိုသုံးယောက်က အဆောင်ထဲဝင်ပြီး သောင်းကျန်းနေတယ်။ အဆောင် ထဲကို ၀င်ကြည့်တော့ စက်ဘီး၊ ဖိနပ်၊ အ၀တ် အစား ကျွန်တော်တို့ ပစ္စည်းတွေအားလုံး မီးရှို့ခံထားရတယ်။ အလုပ်ကပြန်လာပြီး အပြင်ထွက်ပြီး ရေတောင်မချိုးရဲဘူး။ လုံခြုံရေးတွေရှိတဲ့ကြားထဲက ကျွန်တော်တို့ အဆောင်ကို အင်ဒိုနီးရှားအလုပ်သမားတွေက ခဲတွေနဲ့ထုတယ်။ မနက်မိုးလင်းတော့ အားလုံးမနေရဲလို့ ဂိုဒေါင်ထဲမှာ ပြောင်းနေရတယ်” ဟု  The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယခုပြန်လည်ရောက်ရှိလာသည့် အလုပ်သမားများအနေဖြင့် ပြည်တွင်း၌ အလုပ်လုပ်ကိုင်လိုပါက ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်းသို့ လာရောက် ဆက်သွယ်နိုင်ပြီး ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လိုပါကလည်း အကူအညီပေးမည်  ဖြစ်ကြောင်းသိရသည်။

မလေးရှား-ဘရူနိုင်းနယ်စပ်၊ ဆာရာဝပ် ပြည်နယ်ရှိ သင်္ဘောကျင်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦး နှင့် အင်ဒိုနီးရှား အလုပ်သမားတို့ ဒီဇင်ဘာ ၂၃ ရက့် ပြဿနာစဖြစ်ရာမှ အင်ဒိုနီးရှားအလုပ်သမားများ လက်နက်မျိုးစုံဖြင့် ရန်ပြုရန် ကြိုးပမ်းခဲ့သည့်အတွက် မြန်မာအလုပ်သမား ၉၈ ဦးမှာ သင်္ဘောကျင်းအနီးရှိ  ဂိုဒေါင်တစ်ခုတွင် ပုန်းအောင်းနေထိုင်ခဲ့ရပြီး ပိတ်မိနေခဲ့ရာမှ ဆက်လက် အလုပ်မလုပ်ကိုင်ရဲတော့ဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ၌ ၂၀၁၃ ခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက်သတ်ဖြတ်ခံနေရပြီး  ဒီဇင်ဘာ ၃၀ ရက်က မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ ဂျာလန်းဘာရူ မြို့၌ မြန်မာအမျိုးသမီးနှစ်ဦး အသတ်ခံခဲ့ရပြီး ဇန်န၀ါရီ ၁ ရက် နံနက်အစောပိုင်းတွင်လည်း မလက္ကာမြို့ရှိ Pandan Malim ပလာဇာ အစားအသောက် ရောင်းချသည့်နေရာ၌ ဖြစ်ပွားခဲ့သည့် ရန်ပွဲကြောင့် မြန်မာအလုပ်သမားတစ်ဦး ထပ်မံသတ်ဖြတ်ခံခဲ့ရသည်။

eleven media group

No comments:

Post a Comment

My Blog List