Thursday, January 09, 2014

အခြေခံဥပဒေ ပြင်ဆင်ရေး တိုင်းရင်းသားများ ပါဝင်ရန် ဒေါ်အောင်ဆန်း စုကြည် ပြောကြား



နိုင်ငံရေးပါတီများ အားလုံးက ပြင်ဆင်ရန် သဘောတူညီထားသော၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးတွင် တိုင်းရင်းသားများ ပါဝင်စေလိုကြောင်း ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ဇန်နဝါရီလ ၇ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲတွင် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော အချက်များမှာ မိမိတို့ နိုင်ငံကို စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ပေးနိုင်သော အချက်များ မဟုတ်ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ပြည်သူ့ဆန္ဒခံယူပွဲမှာ မတရားကြောင်း၊ ပြည်သူများ၏ ဆန္ဒနှင့် ရောင်ပြန်မဟပ်ကြောင်း ဒီမိုကရေစီ နည်းမကျဘဲ အာဏာရှင်စနစ်အရ အထက်မှ လူများ သဘောကျ ရေးဆွဲ ထားခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“အဓိက ကျတာက ဘာလဲဆိုတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ ကြားထဲမှာ ညီညွတ်မှု ရှိအောင်လို့ လုပ်ပေးတဲ့ ဥပဒေ မဟုတ်ပါဘူး။ ပြည်သူတွေနဲ့ တပ်မတော် ကြားထဲမှာလည်း ညီညွှတ်မှုရှိအောင် မလုပ်ပေးဘူး။ ကျွန်မတို့ တိုင်းရင်းသားတွေ ကြားထဲမှာလည်း ညီညွတ်မှု ရှိအောင် မလုပ်ပေးဘူး။ ဒီဥပဒေဟာ ကျွန်မတို့ အချင်းချင်းကြားထဲမှာ စိတ်ဝမ်းကွဲအောင် လုပ်ပေးတဲ့ ဥပဒေတစ်ခုလို့ ကျွန်မတို့ ဒီလိုမြင်ပါတယ်၊ ၉၂ ရာခိုင်နှုန်းက ထောက်ခံ ခဲ့တယ်ဆိုတာ ဟုတ်ကို မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ယင်းတွေ့ဆုံပွဲတွင် တက်ရောက်လာသော ဒေသခံ ၃၀၀၀ ခန့် ရှိပြီး ၎င်းတို့ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးအတွက် ဆန္ဒခံယူခဲ့ရာ ၉၇ ရာခိုင်နှုန်းက ပြင်ဆင်ရန် ထောက်ခံခဲ့ကြောင်း အထက်ပါ အခမ်းအနား တာဝန်ရှိသူများထံမှ သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်သူလူထု၏ သဘောထား ရယူရန်အတွက် သွားရောက်ရန် ပြည်နယ်နှင့် တောင်ပေါ်ဒေသသို့ ပထမဆုံးအဖြစ် ချင်းပြည်နယ်သို့ ဇန်နဝါရီလ ၇ ရက်နေ့တွင် စတင်ထွက်ခွာခဲ့ပြီး တီးတိန်၊ ဖလမ်းနှင့် ဟားခါးမြို့များတွင် လူထုတွေ့ဆုံပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List