Tuesday, January 14, 2014

၂၀၁၄ ခုနှစ် မေလတွင် The News Light of Myanmar သတင်းစာအား ပြန်ကြားရေး ၀န်ကြီးဌာနနှင့် Global Direct Link ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းထုတ်ဝေမည်



၂၀၁၄ ခုနှစ် မေလတွင် The News Light of Myanmar သတင်းစာအား ပြန်ကြားရေး ၀န်ကြီးဌာနနှင့် Global Direct Link မ္ပဏီတို့ အကျိုးတူ ပူးပေါင်းထုတ်ဝေ သွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၁၃ ရက်က ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာနနှင့် Global Direct Link ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် Joint Venture ကုမ္ပဏီအဖြစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုချက်ရယူပြီး Joint Venture ကုမ္ပဏီဖြစ်သော Global News Light of Myanmar သည် The News Light of Myanmar သတင်းစာ အမည်ဖြင့် လက်ရှိ Broad Sheet Size အရွယ်အစားသို့ ပြောင်းလဲထုတ်ဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးက "ကျွန်တော်တို့ Global Direct Link ကုမ္ပဏီနဲ့ သတင်းနှင့် စာနယ်ဇင်း နှစ်ဖွဲ့ကနေပြီး အကျိုးတူ လုပ်နေပါတယ်။ ကျွန်တော်တို့ လုပ်တဲ့နေရာမှာ ထည့်ဝင်မှုကတော့ ကျွန်တော်တို့ဌာန အနေနဲ့ ၅၁ ရာခိုင်နှုန်း ဖြစ်ပြီးတော့ Global Direct Link ကုမ္ပဏီအနေနဲ့ ၄၉ ရာခိုင်နှုန်း ထည့်ဝင်ပြီး ဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့က အယ်ဒီတာပိုင်းဆိုင်ရာ၊ ၀န်ထမ်းပိုင်းဆိုင်ရာ၊ ယာဉ်တွေကအစ ကျွန်တော်တို့ ထည့်ဝင်ပါတယ်။ အဆောက်အအုံ ဆောက်တဲ့မြေကို နှစ်ကာလ တစ်ခုအနေနဲ့ ထည့်ဝင်ထားတာ ဖြစ်ပါတယ်။ ကုမ္ပဏီ အနေနဲ့ကတော့ စက်ရုံတည်ဆောက်မယ့် အဆောက်အအုံနဲ့ သတင်းစာ ရိုက်နှိပ်မယ့် ဂျပန်နိုင်ငံကစက်နဲ့ လည်ပတ်မယ့် ကုန်ကြမ်းတွေကို ထည့်ဝင်ပါတယ်" ဟု ပြောကြားသည်။

The News Light of Myanmar သတင်းစာ ထုတ်ဝေမည့် မြေနေရာသည် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၏ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း ၉ ရပ်ကွက်၊ အမှတ် (၃၉၂/၃၉၆) ရှိ ဂါးဒီးယန်း သတင်းစာတိုက်ဟောင်း၊ နှစ်ထပ်အာစီ အဆောက်အအုံ ဧရိယာ စတုရန်းပေ ၁၈၂၀၀ ကို ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းသို့ လွှဲပြောင်းပေးခဲ့ပြီး ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၏ ဗဟန်းမြို့နယ် ငါးထပ်ကြီး ဘုရားလမ်း အမှတ် ၁၅၀ ရှိ စက်ရုံပိုင်မြေမှ အဆောက်အအုံတစ်လုံး၊ ဂိုဒေါင်သုံးလုံးပါ မြေနေရာ ၀ ဒသမ ၈၉၉၈ ဧက နေရာတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

The News Light of Myanmar သတင်းစာကို အင်္ဂလိပ်ဘာသာ သတင်းစာအပြင် မြန်မာဘာသာဖြင့် နှစ်စောင်ထုတ်ဝေ၍ အများပြည်သူ ဖတ်ရှုနိုင်အောင် ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ချိသွားမည် ဖြစ်ကြောင်း၊ လက်ရှိ ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိရန် အသွင်သဏ္ဌာန် အနှစ်အရသာများနှင့် နိုင်ငံတကာအဆင့်မီ ထုတ်ဝေသွားမည် ဖြစ်ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေး က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List