Tuesday, January 14, 2014

ထိုင်းအတိုက်အခံ ဆန္ဒပြသူများက အစိုးရရုံးဌာနများကို ပစ်မှတ်ထား







ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ထောင်ပေါင်းများစွာသော အစိုးရအတိုက်အခံ ဆန္ဒပြသူများက အစိုးရရုံးဌာန အဆောက်အအုံများသို့ ယနေ့ ဦးတည်ချီတက်ခဲ့ကြသည်။ ရွေးကောက်ပွဲပျက်ပြားစေရန်နှင့် အစိုးရယန္တရားပြိုလဲစေရန် ရည်ရွယ်သည့် ဘန်ကောက်မြို့ပိတ်ဆို့ရေး အစီအစဉ်အရ အတိုက်အခံများက ယနေ့တွင် အစိုးရရုံးများကို ပစ်မှတ်ထား၍ ချီတက်ဆန္ဒပြကြခြင်းဖြစ်သည်။ ဆန္ဒပြသူများက အဓိကဝန်ကြီး ဌာနများ၏ အစိုးရဝန်ထမ်းများ ရုံးမတက်နိုင်ရန် တားဆီးပိတ်ဆို့မှုများပြုလုပ်ကာ ဝန်ကြီးချုပ်ယင်လတ် အစိုးရအား ဖိအားပေးလျက်ရှိသည်။ 

အတိုက်အခံ လွှတ်တော်အမတ်ဟောင်း ဦးဆောင်သော ဆန္ဒပြသူများက ဝန်ကြီးချုပ်ယင်လတ်အား ရာထူးမှနုတ်ထွက်ရန်လိုလားပြီး ပြည်သူ့ကောင်စီတစ်ရပ်ဖြင့် အစားထိုးကာ နိုင်ငံရေးအပြောင်းအလဲ ပြုလုပ်ရန် တောင်းဆိုကြသည်။ ထိုင်းနိုင်ငံတွင် ၂ လကြာမြင့်ခဲ့ပြီဖြစ်သည့် အတိုက်အခံများ၏ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ယင်လတ်အစိုးရက ဖေဖေါ်ဝါရီ ၂ ရက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ကမ်းလှမ်းခဲ့ရသည်။ 

သိုသော် ဆန္ဒပြသူများက ဝန်ကြီးချုပ်ယင်လတ်၏ ရွေးကောက်ပွဲကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး ယင်လတ် မိသားစုကို ထိုင်းနိုင်ငံရေးမှဖယ်ထုတ်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။ ထိုင်းနိုင်ငံရေးမှာ ယင်လတ်၏ အကိုဖြစ်သူ သက်ဆင်အား လွန်ခဲ့သည့် ၇ နှစ်က စစ်တပ်အာဏာသိမ်းမှုဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချ ခဲ့ပြီးနောက်ပိုင်း မတည်ငြိမ်မှုများ ဆက်တိုက်ပေါ်ပေါက်နေခဲ့သည်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင်အား ထိုင်းနိုင်ငံတွင်းသို့ တရားဝင်ပြန်လာနိုင်ရေး လမ်းပွင့်သွားစေမည့် နိုင်ငံရေးလွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းကို လွှတ်တော်တွင် အတည်ပြုနိုင်ရန် ယင်လတ်အစိုးရက ကြိုးပမ်းခဲ့ရာမှ အစပြု၍ ယခုဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ အရှိန်မြင့်ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။ 

ယနေ့ နံနက်အစောပိုင်းက ဆန္ဒပြသူအများအပြားသည် ထိုင်းအကောက်ခွန်ဌာန အပြင်ဘက်တွင် စုရုံး ခဲ့ကြပြီး ဝန်ထမ်းများအား ရုံးမတက်နိုင်ရန် တားဆီးပိတ်ပင်ရန် ကြိုးပးမ်ခဲ့ကြောင်း AFP သတင်းက ပြောကြားသည်။ ထိုင်းအလံများကိုင်ဆောင်ထားသည့် ဆန္ဒပြသူများက ဘန်ကောက်မြို့တွင် ထရပ်ကား များဖြင့် လှည့်လည်ကာ ဟစ်ကြွေးဆန္ဒပြခဲ့ကြသည်။ 

၎င်းတို့သည် အလုပ်သမားဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ကိုလည်း ဝိုင်းပတ်ပိတ်ဆို့ ဆန္ဒပြရန် စီစဉ်ထားကြောင်း သိရသည်။ ဘန်ကောက်မြို့၏ အဓိကလမ်းဆုံလမ်းခွများကို တနင်္လာနေ့တွင်စတင်၍ ဆန္ဒပြသူများက ပိတ်ဆို့ထားပြီး ဘန်ကောက်မြို့လယ်တွင် မတည်ငြိမ်မှုများ ပေါ်ပေါက်လျက်ရှိသည်။ 

ဝန်ကြီးချုပ်ယင်လတ် အနေဖြင့် ယခုရက်ပိုင်းအတွင်း ရာထူးမှ နုတ်ထွက်မပေးပါက စတော့အိတ်ချိန်းနှင့် လေကြောင်းထိန်းသိမ်းရေးဌာနကဲ့သို့ နေရာများကိုပါ ဝိုင်းပတ်ပိတ်ဆို့သွားမည်ဟု ဆန္ဒပြသူများက ပြောကြားထားသည်။

Planet Myanmar Network

No comments:

Post a Comment

My Blog List