Wednesday, January 15, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ ပြီးဆုံးမှသာ ရွေးကောက် ပွဲအောင်နိုင်ရေးနှင့် အစိုးရဖွဲ့ခြင်းတို့ကို တစ်ဆင့်ခြင်းမည်ကဲ့သို့ ချဉ်းကပ်မည်ကို ဆုံးဖြတ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ ပြီးဆုံးမှသာ ရွေးကောက်ပွဲအောင်နိုင်ရေး၊ အစိုးရဖွဲ့ခြင်း စသည့်ကိစ္စရပ်များကို တစ်ဆင့်ခြင်းမည်ကဲ့သို့ ချဉ်းကပ်ဆောင်ရွက်ရမည်ကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဇန်န၀ါရီ ၁၄ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် “လာမည့်ရွေးကောက်ပွဲ အပြီးတွင် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် ရည်မှန်းဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၊ ရွေးချယ်မှုများ ရှိပြီလား”ဟူသောမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ခြေဆိုတာ တစ်လှမ်းပြီးတစ်လှမ်း သွားရတယ်။ ပထမဦးဆုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို လုပ်ရမယ်။ ဒါမှ နောင်လာမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုပုံစံဖြစ်မလဲဆိုတာ ပေါ်မှာ။ ရွေးကောက်ပွဲဟာ ဘယ်လိုပုံစံ ဖြစ်မယ်ဆိုတာပေါ်မှ ဒီကိစ္စကို၊ ရွေးကောက်ပွဲကိစ္စကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတာ အန်တီတို့အနေနဲ့ ဆုံးဖြတ်ရမှာ” ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့သည်။

ထို့အပြင် လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ထားမှုနှင့် ပတ်သက်၍ မိမိ၏ ပါတီဝင်များအား တာဝန်ပေးကာ စောင့်ကြည့်လျက်ရှိကြောင်း၊ အရည်အချင်း ရှိသူကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း၊ အရည်အချင်း တူညီပါက အမျိုးသမီး၊ လူငယ်၊ တိုင်းရင်းသားတို့ကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း တပ်မတော်၏ အာဏာလွှဲအပ်ခြင်း မခံခဲ့ရသော ပါတီဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်မခံသဖြင့် ၂၀၁၀ ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရာ မဲဆန္ဒနယ် ၄၅ နေရာ၌ ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိရန် ရေပန်းအစားဆုံး ပါတီကြီးတစ်ခုလည်းဖြစ်သည်။

eleven media group 

No comments:

Post a Comment

My Blog List