Thursday, January 16, 2014

ခင်ဦးမြို့နယ်တွင် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများကို ဒေသခံပြည်သူများက သုံးရက်ကြာဆန္ဒပြ



ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ဇန်န၀ါရီ ၁၃ ရက်မှစတင်၍ သုံးရက်ကြာ တရားစီရင်ရေး၊ အုပ်ချုပ်ရေးပိုင်း နှင့် မြေစာရင်း တာဝန်ရှိသူများအား ဒေသခံပြည်သူများက ကန့်ကွက်ဆန္ဒပြမှု ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

ခင်ဦးမြို့နယ်တွင်း ဖြစ်ပွားလျက်ရှိသည့် မြေယာပြဿနာများ၊ တရားစီရင်ရေး အဂတိလိုက်စားမှုများနှင့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်လစ်ဟင်းမှုများကြောင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒပြသည့် ဒေသခံတောင်သူများက ပြောကြားသည်။

“ခင်ဦးမြို့နယ်ထဲမှာ မမျှတတဲ့ တရားစီရင်မှုတွေ၊ မူလလယ်ပိုင်ရှင်တောင်သူ မသိပဲ မြေယာရောင်းချ ထားတဲ့ ဖြစ်ရပ်တွေနဲ့ အငြင်းပွား မြေယာပြဿနာတွေ၊ ကျေးရွာရန်ပုံငွေစာရင်း ရှင်းတမ်းမထုတ်ပြန်မှုတွေ အများကြီးဖြစ်နေတယ်။ ကျွန်တော့်ဆီမှာရှိတဲ့ အချက်အလက်ကိုက အတော်များပါတယ်။ မသိနိုင်တဲ့ ပြဿနာတွေလည်း အများကြီး ရှိဦးမှာပါ။ အဲဒါကြောင့် ဒီပြဿနာတွေမှာ အဓိက တာဝန်ရှိသူတွေအပေါ် ပြည်သူတွေရဲ့ ဆန္ဒကို ထုတ်ဖော်ရတာပါ” ဟု ဦးသိန်းအောင်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်ရာတွင် မြို့နယ်တရားသူကြီး၊ မြို့နယ်စီမံခန့်ခွဲရေး ဥက္ကဋ္ဌနှင့် မြေစာရင်း ဦးစီးအရာရှိတို့အား အလိုမရှိကြောင်း စာတန်းများ ကိုင်ဆောင်ခဲ့ကြပြီး ခင်ဦးမြို့လယ် လမ်းတစ်လျှောက်နှင့် သက်ဆိုင်ရာ ရုံးဌာနများသို့ လှည့်လည်ခဲ့ကြောင်း သိရသည်။

“ဆန္ဒထုတ်ဖော်ဖို့ တရားဝင်ခွင့်ပြုချက် နှစ်ကြိမ်တောင်းခံခဲ့ပေမယ့် နှစ်ကြိမ်လုံး ငြင်းပယ်ခံခဲ့ရတယ်။ ရဲစခန်း တာဝန်ရှိသူတွေကတော့ ဒါကိုသူတို့ငြင်းပယ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ဆန္ဒပြတဲ့ မြို့နယ်အုပ်ချုပ် ရေးမှူးက ငြင်းပယ်တာလို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ဆန္ဒထုတ်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် တောင်သူတစ်ဦးက ပြောကြားခဲ့သည်။     

“ကျွန်တော်တို့က တိုင်းရုံးကို အယူခံဝင်ဖို့ ပြောပါတယ်။ ဒါပေမဲ့သူတို့က ဆန္ဒထုတ်ဖော်မှုလုပ်ခဲ့တယ်။ ဒါကို နေပြည်တော်အထိ သတင်းပို့ တင်ပြပြီးသွားပါပြီ” ဟု ခင်ဦးမြို့နယ်ရဲမှူး ဦးသန်းဝင်းက ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုအား ဇန်န၀ါရီ ၁၃ ရက်မှ ၁၅ ရက်အထိ ပြုလုပ်ခဲ့ပြီး ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း (ခင်ဦးရုံးခွဲ)မှ ဦးဆောင်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။  


Eleven Media Group

No comments:

Post a Comment

My Blog List