Friday, January 17, 2014

သိုး၏ သွေးရည်ကြည်မှ ထုတ်လုပ်သော မြွေဆိပ် ဖြေဆေးသည် မြွေပွေး အဆိပ်သင့် လူနာများအား ကုသရာတွင်  ဘေးထွက်ဆိုးကျိုး မရှိကြောင်း သုတေသနပြု တွေ့ရှိရသဖြင့် အမှတ်(၁) ဆေးဝါးစက်ရုံ (ရန်ကုန်)တွင်  ထုတ်လုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာပြည်တွင် စပါးကြီးက လူကို အန္တရာယ်ပြုမှု မည်မျှရှိသည်ကို မသိရသေးသော်လည်း အဆိပ်ပြင်းလွန်းသည့်  မြွေပွေး၊ မြွေဟောက်၊ ငန်းတော်ကျား မြွေအမျိုးအစား တို့ကြောင့် သေဆုံး မှုနှုန်း မြင့်မားလျက်ရှိသည် (ဓာတ်ပုံ - ကောင်းညီဟန်/ဧရာဝတီ)
 -
၁၉၆၅ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံတွင် မြင်းမှ မြွေဆိပ်ဖြေဆေးကို စတင် ထုတ်လုပ်ခဲ့ပြီး နှစ်စဉ် ဆေး ထုတ်လုပ်ရန် မြင်းကောင်ရေ ၄၀၀ မှ ၅၀၀ အထိ လိုအပ်လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများမှ အဆင့်မြင့် မြင်းများ မှာယူသော်လည်း   မြင်းများ ရှားပါးလာမှုကြောင့် သိုးမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန် သုတေသနပြုရာမှ အောင်မြင်စွာ ထုတ်လုပ်နိုင်ကြောင်း သိရသည်။

 အဆိပ်ဖြေမှု စွမ်းအားတွင် သိုးများသည် မြွေဆိပ် ဒဏ်အား မြင်းများထက် ပိုမို ခံနိုင်ရည် ရှိကြောင်း တွေ့ရှိ ရသည်ဟု ဆိုသည်။  သိုး၏ သွေးရည်ကြည်မှ ထုတ်လုပ်သော မြွေပွေး အဆိပ်ဖြေဆေး (1 ml) သည် မြွေပွေးအဆိပ်(1.0 mg) ကို ချေဖျက် နိုင်စွမ်းရှိကြောင်း လေ့လာ တွေ့ရှိချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် လယ်ယာ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်လျက်ရှိသော နိုင်ငံ ဖြစ်ခြင်းကြောင့် ကမ္ဘာပေါ်တွင် မြွေကိုက်ခံရမှု ဖြစ်ပွားမှုနှုန်း မြင့်မားသော နိုင်ငံများထဲတွင် ပါဝင်သည်ဟု ကျန်းမာရေး ဦးစီးဌာန၏ မှတ်တမ်းများ အရ သိရသည်။ မြန်မာနိုင်ငံတွင် အဓိက ရင်ဆိုင်နေရသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများတွင် မြွေအန္တရာယ်သည် တခုအပါအဝင် ဖြစ်သည်ဟု အဆိုပါ မှတ်တမ်းတွင် ဖော်ပြထားသည်။

ပြည်ပ နိုင်ငံများမှ မြွေဆိပ် ဖြေဆေး မှာယူရာတွင် ဈေးနှုန်း ကြီးမြင့်မှု ရှိခြင်း၊ ဆေးပမာဏ ထိရောက်မှု အားနည်းခြင်းကြောင့် ဆေးပမာဏကို သတ်မှတ် အလုံးရေထက် ပိုမို သုံးစွဲရခြင်းများ ရှိသဖြင့် သိုးမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန် ၂၀၁၁ ခုနှစ်အတွင်းက လေ့လာစမ်းသပ်ခဲ့ပြီး ရန်ကုန်မြို့ သင်္ကန်းကျွန်း စံပြဆေးရုံရှိ မြွေကိုက် ခံရသော လူနာများအား ကုသရာတွင် အောင်မြင်မှု ရခဲ့ကြောင်း သိရသည်။

သိုးရည်ကြည်မှ ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးသည် မြင်းမှ ထုတ်လုပ်သော မြွေဆိပ် ဖြေဆေး ထက် ဈေးနှုန်း ကျပ်ငါးထောင်ခန့် သက်သာသော်လည်း မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန် သွေး ရည်ကြည် ပြန်လည်ရရှိမှုနှုန်းသည် ကွာခြားချက်များရှိသောကြောင့် သိုးနှင့်မြင်း နှစ်မျိုးလုံးမှ ထုတ်လုပ် မည်ဟု ဆိုသည်။  

ကျန်းမာရေး ဘဏ္ဍာငွေ အသုံးစရိတ် လျာထားချက်အရ တနှစ်လျှင် သိုးနှင့်မြင်းမှ မြွေဆိပ်ဖြေဆေး ၅၂,၀၀၀ ခန့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီblog

No comments:

Post a Comment

My Blog List