ယခုဆောင်းပါးကို သင်စတင်ဖတ်နေချိန်မှာ ဘန်ကောက်မြို့ကြီးကတော့ သူ၏အကြမ်းတမ်းဆုံး နေ့ရက် တစ်ရက်ကို စတင်ဖြတ်သန်းနေပြီဖြစ်သည်။
“ဖရဲသီးနိုင်ငံရေး”ဟု ဆိုရလောက်အောင် တချို့အသီးက အတွင်းကအ၀ါ၊ တချို့အသီးက အတွင်းကနီနေ သည့် ထိုင်းနိုင်ငံရေးပဋိပက္ခက သမိုင်းမှာ (၁၈)ကြိမ် အာဏာသိမ်းခဲ့ပြီးဖြစ်သည့် ထိုင်းစစ်တပ်အား သူတို့ တင့်ကားတွေကို နောက်တစ်ကြိမ်အင်ဂျင်စနှိုးထားဖို့ ဖိအားပေးနေပါပြီ။
ဖေဖော်ဝါရီ ၂ ရက်နေ့ ရွေးကောက်ပွဲကိုငြင်းဆန်သည့် အတိုက်အခံခေါင်းဆောင် ဆူသက်သောင်ဆူဘန် နှင့် “အ၀ါ” များက အစိုးရနုတ်ထွက်ပေးဖို့အတွက် ဘန်ကောက်မြို့ကြီးကို ဒီကနေ့ ၀ိုင်းဝန်းပိတ်ဆို့ကြမည် ဖြစ်သည်။ Bangkok Shut Down ဟု သူတို့ခေါ်ဆိုသည့် စစ်ဆင်ရေးက နိုင်ငံ၏စီးပွားရေးအရ နှလုံးသည်း ပွတ်ဖြစ်သည့် ဘန်ကောက်ကိုထိန်းချုပ်လိုက်ခြင်းဖြင့် လူ့အဖွဲ့အစည်း၏ ယန္တရားတစ်ခုလုံးကို လည်မျို ညှစ်လိုက်ခြင်းပင်။
၂၀၀၆ ခုနှစ်က ၀န်ကြီးချုပ်သက်ဆင်ကို စစ်တပ်ကအာဏာသိမ်းခဲ့သည့်အချိန်က စတင်သည့် သက်ဆင် လိုလားသူ အနီများနှင့် မလိုလားသူအ၀ါများ၏ နိုင်ငံရေးတိုက်ပွဲက ခုနစ်နှစ်ကျော်ကြာသည့်အချိန်မှာ အရှိန်အဟုန်ပိုအားကောင်းလာခဲ့ပါပြီ။ ထိုင်းနိုင်ငံရေးကို အဝေးက ရီမုတ်ကွန်ထရိုးနှင့် ချုပ်ကိုင်နေသည့် သက်ဆင်ကလည်း ရွေးကောက်ပွဲမှာ အနိုင်ရသူ သူ့လူများကို “သက်ဆင်မိသားစုအကျိုးစီးပွား”အတွက်သာ အလုပ်လုပ်စေသည်။ ရွေးကောက်ပွဲမှာ အနိုင်မရသည့်အတွက် ဧကရာဇ်၏အရောင်“အ၀ါ”ကိုခြုံပြီး စစ်တပ်မသိကျိုးကျွံပြုမှုအောက်မှာ ဘန်ကောက်လမ်းများကို ထိန်းချုပ်တတ်သည့် ဒီမိုကရက်များကလည်း ဒီမိုကရေစီမကျသည့်နည်းလမ်းများဖြင့် အာဏာကို လွှဲပြောင်းဖို့ အားထုတ်ကြသည်။
နိုင်ငံရေးမရင့်ကျက်သည့် ပြိုင်ဘက်နှစ်ဖွဲ့အကြားမှာ ထိုင်းနိုင်ငံကတော့ နိုင်ငံရေး၊ စီးပွားရေးအရ အကြီး အကျယ် ထိခိုက်နစ်နာသွားခဲ့ပါပြီ။
အမေရိကန်ဒုသမ္မတဟောင်းအယ်လ်ဂိုးကို ဘန်ကောက်မှာ အရေးတကြီးအလိုရှိနေပါသည်။ ဒုသမ္မတ အယ်လ်ဂိုးနှင့် တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျော့ခ်ျဒဗလျူဘုရှ်တို့ယှဉ်ပြိုင်သည့် ၂၀၀၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲက သမိုင်းမှာ အကြိတ်အနယ်အဖြစ်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည်။
ဒုသမ္မတအယ်လ်ဂိုးကလည်း သမ္မတကလင်တန်၏တွဲဖက်အဖြစ် ရှစ်နှစ်ကြာစွမ်းဆောင်ပြနိုင်ခဲ့သူ။ ဂျော့ခ်ျဒဗလျူဘုရှ်ကလည်း သမ္မတဟောင်းဂျော့ခ်ျဘုရှ် (အကြီး)၏ သားဖြစ်သည့်အတွက် အသိုင်းအ၀ိုင်း အင်အား တောင့်တင်းလှသူ။ နှစ်ဖက်စလုံး၏ ရွေးကောက်ပွဲမန်နေဂျာများ၊ စည်းရုံးရေးမှူးများ၊ ထောက်ခံသူ များကလည်း နောက်ဆုံးအချိန်အထိ ရေကုန်ရေခန်း ပြိုင်ဆိုင်သွားခဲ့ကြသည့် ရွေးကောက်ပွဲဖြစ်ခဲ့သည်။
ပြည်နယ်တစ်ခုချင်းစီက မဲများရေတွက်ကြေညာသည့်အခါလည်း ရလဒ်က ဘတစ်ပြန်ကျားတစ်ပြန်။ ရုပ်မြင်သံကြားပေါ်က အမေရိကန်မြေပုံကြီးမှာ ဒီမိုကရက်အယ်လ်ဂိုးက နိုင်သည့်ပြည်နယ်များကို အပြာရောင်ဖြင့်ပြပြီး ရီပက်ဘလေကန်ဂျော့ခ်ျဒဗလျူဘုရှ်နိုင်သည့်ပြည်နယ်ကို အနီဖြင့်ပြသည်။
မြေပုံပေါ်မှာ အပြာနှင့်အနီက တစ်ကွက်ချင်း နယ်လုနေခဲ့သည့်ပြကွက်။
နောက်ဆုံးတော့ အဆုံးအဖြတ်က ဖလော်ရီဒါပြည်နယ်ကိုရောက်လာသည်။ ဖလော်ရီဒါမှာနိုင်တဲ့သူ သမ္မတဖြစ်ပြီ။ ပြဿနာက ဒီနေရာမှာစပါသည်။ ဖလော်ရီဒါမဲရုံကထွက်လာသူများကို မေးမြန်းသည့် အပေါ်မှာ အခြေခံပြီး“အယ်လ်ဂိုးနိုင်ပြီ”ဟု ရုပ်မြင်သံကြားအချို့က ကြိုတင်ခန့်မှန်းကြသည်။
နောက်ပိုင်းမှာ “ဘုရှ်”နိုင်ပြီဟု ပြောင်းလဲခန့်မှန်းလောက်အောင် နှာတစ်ဖျားအသာ ယှဉ်ပြိုင်ကြသည်။ နောက်ဆုံးမဲရေတွက်ရာမှာ ရာဂဏန်းမျှဖြင့် ဘုရှ်နိုင်သည်။ သို့သော် ဒီမိုကရက်များကို အစဉ်တစိုက် အားပေးသည့် ခရိုင်သုံးနေရာမှာ မဲရေတွက်မှုပြဿနာရှိနေသည်။ အယ်လ်ဂိုးကိုထည့်သည့် မဲခုနစ်သောင်းကျော်ကို မဲရေတွက်သည့်စက်က ပယ်မဲလုပ်ထားသည်။ အယ်လ်ဂိုးက မဲပြန်ရေတွက် ပေးဖို့တောင်းဆိုသည်။
ဖလော်ရီဒါတရားရုံးချုပ်က ပထမတော့ခွင့်ပြုလိုက်သည်။ တစ်နိုင်ငံလုံးက ရင်တမမနှင့်ကြည့်နေကြသည်။ အယ်လ်ဂိုးကို ထောက်ခံသူများကတော့ မျှော်လင့်ခြင်းများစွာဖြင့် စောင့်စားလျက်။ သို့သော် နောက်ဆုံးမှာ
ပြည်ထောင်စုတရားသူကြီးချုပ်အဖွဲ့ဝင်ငါးဦးက ပြန်လည်ရေတွက်မှုကိုရပ်စဲလိုက်ပြီး “ဘ်ုရှ်”ကို အနိုင်ပေး လိုက်သည်။
တကယ်တော့ တရားသူကြီးငါးဦးက ကွန်ဆာဗေးတစ်ရီပက်ဘလေကန်သစ္စာတော်ခံများ။ တစ်နိုင်ငံလုံးမှာ မဲငါးသိန်းကျော်အသာနှင့် အနိုင်ရလျက် ရှုံးရသည့်အတွက် နိုင်ငံအ၀န်း အယ်လ်ဂိုးထောက်ခံသူများက မကျေနပ်ကြ။
သူတို့မျက်နှာပေါ်ကမျက်ရည်များက တစ်စုံတစ်ခုကို အရေးယူဆောင်ရွက်ဖို့ တောင်းဆိုနေခဲ့ကြသည်။ အားလုံးက အယ်လ်ဂိုးမျက်နှာကိုကြည့်ကြသည်။ မတရားသည့်ဆုံးဖြတ်ချက်ကို အယ်လ်ဂိုး ဘယ်လိုတုံ့ပြန်မလဲ။ ဆူသက်နှင့် သက်ဆင်သာ အယ်လ်ဂိုး၏အကြံပေးများဆိုလျှင်တော့ နယူးယောက်ကို သိမ်းလိုက်၊ ဝေါစထရိကိုပိတ်ဆို့ထား၊ မက်ဒီဆင်စကွဲယားကိုဝင်စီး၊ ၀ါရှင်တန်မှာ အိမ်ဖြူတော်ထဲကို “ဘုရှ်”မ၀င်နိုင်အောင်တားထားဟု အကြံပေးကြပါလိမ့်မည်။
သို့သော် အယ်လ်ဂိုးက သက်ဆင်မဟုတ်သလို၊ ဆူသက်လည်းမဟုတ်ခဲ့ပါ။ တရားသူကြီးများ၏ဆုံးဖြတ် ချက်က မမျှတသည့်တိုင် သူတို့၏လုပ်ပိုင်ခွင့်များကို လေးစားလိုက်နာရမည်ဟု သူဆုံးဖြတ်ခဲ့သည်။ တကယ် တော့ သူ့ကိုထောက်ခံသည့် နိုင်ငံလူဦးရေထက်ဝက်ကျော်ကို လမ်းများပေါ်သို့ သူခေါ်ထုတ်လာခဲ့လို့ ရသည်။
သူမလုပ်ခဲ့ပါ။ သူလုပ်ခဲ့လျှင် အမေရိကန်လူ့အဖွဲ့အစည်း ထက်ခြမ်းကွဲသွားမည်ဆိုတာကို သူနားလည်ခဲ့ သည်။ တရားသူကြီးများ၏အဆုံးအဖြတ်ကို လက်ခံဖို့ ပြည်သူတွေကို သူဖျောင်းဖျခဲ့သည်။ နိုင်ငံရေး ပြဿနာကြားမှာ တိုင်းပြည်ညက်ညက်ကြေသွားမည့်လမ်းကို သူမရွေးခဲ့ပါ။
၂၀၀၀ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က ရုပ်သံပေါ်မှာ တည်ကြည်ရင့်ကျက်စွာ စကားပြောသွားသည့် အယ်လ်ဂိုး ကိုကြည့်ပြီး ကျွန်တော်ကြက်သီးထသွားမိခဲ့သည်။
“အမေရိကန်ပြည်ထောင်စုဆိုတာ ဒါပါပဲ။ ကျွန်တော်တို့ဟာ ပါတီအရေးထက် နိုင်ငံ့အရေးကို ရှေ့တန်းတင် ပါတယ်”
နယူးယောက်တိုင်းမ်သတင်းစာကြီး၏ ပင်တိုင်ဆောင်းပါးရှင် သောမတ်စ်ဖရီးမင်းက ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်က သူ့ကော်လံမှာ အခုလိုရေးခဲ့သည်။
“အကယ်၍သာ တရုတ်နှင့် ရုရှားစပိုင်များက ၀ါရှင်တန်ဆီက အဖိုးတန်ဆုံးလျှို့ဝှက်ချက်တစ်ခုကို ခိုးယူဖို့စောင့်ကြည့်နေခဲ့ကြသည်ဆိုလျှင်တော့ အကြံပေးလိုက်ပါမည်။ အယ်လ်ဂိုး၏မိန့်ခွန်းကိုသာ ခိုးယူပါတော့”
တရားသူကြီးငါးဦး၏ဆုံးဖြတ်ချက်ဖြင့် ဂျော့ခ်ျဒဗလျူဘုရှ်ရရှိသွားခဲ့သည်က သမ္မတရာထူးဖြစ်ပြီး အယ်လ်ဂိုးရရှိသွားတာကတော့ တိုင်းပြည်ခေါင်းဆောင်ဆိုသည့်ဂုဏ်ပုဒ်ဖြစ်ပါသည်။ ဒီမိုကရေစီကို ချစ်ဖို့အတွက် သဘောထားကြီးမှုက အရေးကြီးကြောင်း သူက နမူနာပြသခဲ့သည်။
ကံဆိုးစွာနှင့် ဘန်ကောက်မှာ အယ်လ်ဂိုးရှိမနေခဲ့ပါ။ ဖရဲသီးနိုင်ငံရေးဆိုသည်က အတွင်းက၀ါသည်ဖြစ်စေ၊ နီသည်ဖြစ်စေ၊အ၀ါနှင့်အနီကို ချုပ်ကိုင်ထားသည်ကတော့ တောင့်တင်းထူထဲလှသည့် အစိမ်းရောင်ထုထည် ကြီးသာဖြစ်ပါသည်။ ဆူသက်သောင်ဆူဘန်၏စပွန်ဆာဖြင့် (၁၉)ကြိမ်မြောက် အာဏာသိမ်းမည့် အစိမ်းရောင်ထိုင်းစစ်တပ်ကတော့ တင့်ကားအင်ဂျင်စက်များကို နှိုးကောင်းနှိုးနေကြမည်ဖြစ်သည်။ အယ်လ်ဂိုးကို ဘန်ကောက်မှာ အရေးတကြီးအလိုရှိနေပါသည်။
7Day News Journal
No comments:
Post a Comment