Thursday, January 16, 2014

မန္တလေးတွင် ပြုလုပ်သော အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) ဖွဲ့စည်းခြင်းနှင့် သြ၀ါဒခံယူပွဲ အခမ်းအနားသို့ သံဃာအပါး သောင်းဂဏန်းတက်ရောက်



အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သြ၀ါဒခံယူပွဲအား မန္တလေးမြို့ရှိ မဟာ အတုလဝေယန် ကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပြီး သံဃာတော် အပါးသုံးသောင်းကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ဇန်န၀ါရီ ၁၅ ရက်က မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ရန်ကုန်မြို့ရှိ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်မှ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ၊ နိုင်ငံတော် သြ၀ါဒစရိယ၊ အဂ္ဂမဟာပဏ္ဍိတ အရှင်တိလောကဘိဝံသ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများ၏ အဓိပတိ မဟာနာယကချုပ်၊ အဂ္ဂမဟာပဏ္ဍိတ၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော် ဒေါက်တာအရှင် ဉာဏိဿရ၊ မန္တလေးမြို့မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံအတွင်းရှိ ဆရာတော်၊ သံဃာတော်များ စုစုပေါင်း သံဃာတော်ဦးရေ သုံးသောင်းကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအား မွန်းလွဲ ၁ နာရီခန့်မှ စတင်ခဲ့ပြီး အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီးနောက် တက်ရောက်လာကြသည့် ဆရာတော်များက ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းတွင် ကျဆုံးသွားခဲ့သည့် သံဃာတော်များ၊ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်အရေးအခင်းတွင် ကျဆုံးသွားခဲ့ရသည့် ရဟန်းပြည်သူများနှင့် ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အရေးအခင်းများတွင် အသက်စွန့်ခဲ့ ကြရသည့်သူများအတွက် စက္ကန့် ၃၀ ခန့် ငြိမ်သက်ကာ တရားနှလုံးသွင်းခဲ့ကြသည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သြ၀ါဒခံယူပွဲတွင် တက်ရောက်လာခဲ့သည့် သီတဂူဆရာတော် ဒေါက်တာအရှင် ဉာဏိဿရက “ဗုဒ္ဓဘာသာကို ကိုးကွယ်နေကြတဲ့ ဗမာလူမျိုးတွေဟာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြတာ အခြားဘာသာတွေထက် စောပါတယ်။ ဒါကြောင့် အိမ်ရှင်ဖြစ်သူကို ရိုသေလေးစားကြဖို့ လိုအပ်တယ်။ ဥပမာပြောရရင် ဧရာဝတီမြစ်ကို ပြောရမယ်။ ဧရာဝတီဟာ မေခ၊ မေလိခကနေ မြစ်ဖျားခံ စီးဆင်းခဲ့တယ်။ ဧရာဝတီမြစ်ထဲမှာ မေခ၊ မေလိခ၊ ရွှေလီ၊ ဒုဋ္ဌ၀တီ၊ ချင်းတွင်း စတဲ့မြစ်တွေဟာ ဧရာဝတီမြစ်ထဲမှာပဲ ပေါင်းဆုံစီးဆင်း သွားကြတယ်။ ဧရာဝတီမြစ်ထဲကို ပေါင်းစုံစီးဆင်းသွားတဲ့ အချိန်မှာ အားလုံးရဲ့ မြစ်တွေနာမည် မရှိတော့ဘူး။ တူညီတာတစ်ခုကတော့ အားလုံးရေအဖြစ်နဲ့ ပေါင်းစုံစီးဆင်းသွားကြတယ်။ စုပေါင်းညီညာမှ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်မှာပါ။ ဒါကြောင့် ဧရာဝတီစိတ်ဓာတ် ထားကြပါလို့ ပြောချင်ပါတယ်” ဟု မိန့်ကြားသည်။

အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်မှ ဆရာတော် အရှင်တိလောကဘိဝံသက “အမျိုးဘာသာ သာသနာအတွက် အမျိုးစောင့် ဥပဒေကို လွှတ်တော်ကနေတစ်ဆင့် ပြဋ္ဌာန်းပေးဖို့ လိုပါတယ်။ ရန်ကုန်မှာလုပ်ခဲ့တဲ့ အမျိုးဘာသာသာသနာအတွက် မျိုးစောင့်ဥပဒေမှာ ပါဝင်တဲ့ အချက်ကိုးချက်ကိုလည်း ထောက်ခံပေးဖို့ လိုအပ်ပါတယ်” ဟုလည်း မိန့်ကြားသည်။

အဆိုပါ အခမ်းအနားတွင် တက်ရောက်လာကြသည့် ဆရာတော်ကြီးများနှင့် သံဃာတော်များက အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး၊ အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေးတို့ကို သဘောတူညီခဲ့ကြပြီး ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးပွဲမှ သဘောထားများအား ထောက်ခံသဘောတူညီခဲ့ကြပြီးနောက် အတုမရှိ သံဃာ့ညီလာခံကြီး၏ သဘောထားကြေညာချက် ၁၀ ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။

ကြေညာချက်မှာ ၁။ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများ အကျိုးစီးပွားအတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ဆက်လက်ကာကွယ် စောင့်ရှောက်ရန် တိုက်တွန်းသည်။ ၂။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရာ၌ ပုဂ္ဂလဓိဌာန်နှင့် လက်တလော အခြေအနေကို မကြည့်ဘဲ နိုင်ငံနှင့်နိုင်ငံသားများ၏ ရှေရှည်အကျိုးစီးပွားကိုသာ ကြည့်ရှုဆောင်ရွက်ရန် တိုက်တွန်းသည်။ ၃။ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံစနစ်၌ တိုင်းရင်းသားစာရင်း၌ မပါဝင်သော လူမျိုးစုနှင့် အဖွဲ့အစည်းများအား ကူညီပံ့ပိုး အားပေးအားမြှောက် ပြုနေကြသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၏ လုပ်ရပ်မှန်သမျှကို နိုင်ငံတော်၏ အချုပ်အခြာအာဏာ ထိပါးစေနိုင်သဖြင့် ကန့်ကွက်သည်။ ၄။ တည်ဆဲဥပဒေနှင့် မညီညွတ်သော တိုင်းရင်းသားစာရင်း၌ မပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ်များအား ပြည်လည်စိစစ်၍ ဥပဒေနှင့်အညီသာ ဆောင်ရွက်ပေးရန် တိုက်တွန်းသည်။ ၅။ တိုင်းရင်းသားအခွင့်အရေးနှင့် နိုင်ငံသား အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ရွေးကောက်ပွဲတိုင်းတွင် ဥပဒေနှင့် မညီညွတ်သည့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ၏ ဆန္ဒမဲပေးပိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းသင့်ကြောင်း အကြံပြု တိုက်တွန်းသည်။ ၆။ အမျိုးဘာသာသာသနာ အဖွဲ့အစည်း (မ.ဘ.သ) ခေါ် ၀ံသပါလအဖွဲ့အတွက် အင်အားဖြစ်စေသော အားပေးစကားများကို ပြောကြားခဲ့သည့် နိုင်ငံတော် အကြီးအကဲများ၊ နိုင်ငံခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအား ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်သည်။ ၇။ သတင်းမီဒီယာများသည် နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင် ဖြစ်သည့်အလျောက် သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ နိုင်ငံတော်နှင့် အမျိုးဘာသာသာသနာ၏ အကျိုးစီးပွားကို မထိခိုက်အောင် မှန်ကန်မျှတစွာ ဖော်ပြကြရန်နှင့် မမှန်မကန်ဖော်ပြမှု၊ အဂတိလိုက်စားမှုများ ရှောင်ကြဉ်ကြရန် အထူးတိုက်တွန်းသည်။ ၈။ မြန်မာနိုင်ငံသူ နိုင်ငံသားများသည် မိမိ/သူတစ်ပါး၏ အမျိုးဘာသာကို ထိခိုက်စေမည့် ဟောပြောမှု၊ လှုံ့ဆော်မှုနှင့် တုံ့ပြန်မှုများကို ရှောင်ကြဉ်ကြရန် အထူးတိုက်တွန်းသည်။ ၉။ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) ခေါ် ၀ံသပါလအဖွဲ့သည် သာသနာ့ဥသျှောင်၊ သံဃာ့ဥသျှောင် ဆရာတော်ကြီးများ၏ သြ၀ါဒကို ခံယူလျက် အမှီအခိုကင်းပြီး လွတ်လပ်သည့် အမျိုးသားရေး အင်အားစုကြီး တစ်ရပ်သာဖြစ်ကြောင်း သိစေအပ်သည်။ ၁၀။ အကာအကွယ်မဲ့နေကြသည့် မြန်မာ့အမျိုးကောင်းသား အမျိုးကောင်းသမီးများအား ကာကွယ်စောင့်ရှောက်နိုင်မည့် အမျိုးစောင့်ဥပဒေ အတည်ပြု ပြဋ္ဌာန်းပေးနိုင်သည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဤညီလာခံကြီးက အဓိဋ္ဌာန်ပြုသည်တို့ ဖြစ်သည်။

မလှိုင်မြို့နယ်၊ ပန်းအိုင်ကန်စွဲ ပရိယတ္တိစာသင်တိုက်မှ သက်တော်ရှည် ဆရာတော်ကြီး ဘဒ္ဒန္တကေသရက “မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကြီး အဓွန့်ရှည် တည်တံ့နိုင်ဖို့အတွက် ယခုကဲ့သို့ ပြုလုပ်ကြသည့်အတွက် များစွာဝမ်းမြောက်ကြောင်း ပြောဆိုလိုပါတယ်။ နောင်လည်း အမျိုးကိုချစ်တတ်သော မဟာမေတ္တာ တရားသာသနာတော်ကို မြတ်နိုးသဖြင့် စောင့်ရှောက်လိုသည့် သဒ္ဓါတရားကို အခြေခံထားပြီး အကြောင်းကိစ္စရှိပါက ကြွရောက်ဖို့အတွက် နှိုးဆော်သတိပေးလိုပါတယ်။ သံဃာတော်များအတွက် ရဟန်းအသုံးအဆောင် ပစ္စည်းတွေကို လှူဒါန်းနေကြတဲ့ ဒါယကာ၊ ဒါယိကာမတွေကို ပစ်မထားရဘူးလို့ မြတ်စွာဘုရားကလည်း မိန့်ကြားထားပါတယ်။ ဒကာ၊ ဒကာမတွေ အနေနဲ့ မီးတွေတောက်လောင်လာတဲ့ အခါမှာ ဦးဇင်းတို့အနေနဲ့ ပုတီးစိတ်နေကြတာကို ခဏထားပြီး မီးတွေကိုလိုက်ပြီး ငြှိမ်းကြရဦးမှာပါလို့ ပြေချင်ပါတယ်” ဟု မိန့်ကြားသည်။  

Eleven Media Group

No comments:

Post a Comment

My Blog List