Saturday, January 18, 2014

ကျူးကျော်များ ရှင်းပြီးနောက် ပန်းလှိုင်တံတားတွင် လုံခြုံရေး တိုးမြှင့် ချထား




ထောင်နှင့်ချီသော ကျူးကျော် နေအိမ်များကို သက်ဆိုင်ရာ အာဏာပိုင်များက ရှင်းလင်း ဖယ်ရှားပြီးသည့် နောက်တွင် လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့နယ် အကြားရှိ ပန်းလှိုင် မြစ်ကူးတံတားတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားလျက် ရှိကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ နေရာသို့ ကျူးကျော်နေထိုင်သူများ ထပ်ရောက်လာခြင်း မရှိစေရန် ဇန်နဝါရီလ ၁၄ ရက်နေ့မှစ၍ ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့ဝင် ၄၀ ခန့်ဖြင့် နေ့ရောညပါ လုံခြုံရေး ချထားကြောင်း အဆိုပါ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

“အခုထိကတော့ ပြန်လာနေမယ့် အရိပ်အယောင်တော့ မရှိပါဘူး။ ဒါပေမဲ့ ဖျက်ထားတဲ့ နေအိမ်တွေ ရှင်းလင်းမပြီး မချင်းတော့ ဆက်စောင့်နေရဦးမယ်” ဟု ၎င်းကဆိုသည်။

လှိုင်သာယာ၊ တွံတေးကားလမ်းမ တစ်လျှောက်နှင့် ပန်းလှိုင် မြစ်ကမ်းဘေးရှိ မြေနုကျွန်းများပေါ်ရှိ ကျူးကျော်နေအိမ် သုံးထောင် ဝန်းကျင်ကို ရဲတပ်ဖွဲ့၊ မြို့တော်စည်ပင်၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများ ပူးပေါင်း၍ ဇန်နဝါရီလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် ဖျက်ဆီး ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျူးကျော် နေထိုင်သူများသည် ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းက စတင်ရောက်ရှိလာပြီး ၎င်းတို့ကို ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ လှိုင်သာယာမြို့နယ် တာဝန်ခံ ဦးကျော်ထက်နိုင်က ခေါ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း၊ မြေနေရာတစ်ခုလျှင် ငွေကျပ်တစ်သောင်း ကောက်ခံကာ ဆောက်လုပ် နေထိုင်စေခြင်း ဖြစ်သည်ဆိုသော သတင်းများ ထွက်ပေါ်နေသည်။

သို့ရာတွင် ၎င်းအနေဖြင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ပါတီဝင်တစ်ဦး အဖြစ်ဖြင့် ဆောင်ရွက်ခြင်း မဟုတ်ဘဲ မိမိ၏ ဆန္ဒသဘောဖြင့် အိုးအိမ်မဲ့ ပြည်သူများအတွက် မြေနုကျွန်းများပေါ်တွင် နေထိုင်နိုင်ရန် ကူညီပေးခြင်း ဖြစ်ပြီး ငွေကျပ်တစ်သောင်း ကောက်ခံသည် ဆိုခြင်းမှာ မဟုတ်မှန် ကြောင်း ဦးကျော်ထက်နိုင်က The Voice ၏ ဆက်သွယ် မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။

၎င်းကယင်းသို့ ပြောဆိုထားရာတွင် ဦးကျော်ထက်နိုင်ကို အဆိုပါ ကျူးကျော် ပြဿနာများ စတင်ပေါ်ပေါက်ချိန်ကတည်းက ပါတီမှထုတ်ပယ်ထားပြီး ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ဒီမို ကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးတင့်နိုင်က ပြောကြားသည်။

“ကျော်ထက်နိုင်ဟာ အရင်ကတော့ ပါတီဝင်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ပါတီစည်းကမ်း မလိုက်နာလို့ ဒီဇင်ဘာလ ၃ ရက်နေ့ကတည်းက ပါတီကနေ ထုတ်ပယ် ထားပြီးသားပါ၊ သူ့ရဲ့ လုပ်ရပ်တွေ အားလုံးက ပါတီနဲ့ မသက်ဆိုင်ပါဘူး။ သူ့ဟာသူ ပါတီနာမည်ကို အလွဲသုံးစား လုပ်နေတာပါ” ဟု အဆိုပါ ပါတီမှ လှိုင်သာယာမြို့နယ် ဥက္ကဋ္ဌ ဦးတင့်နိုင်က ပြောသည်။

ယင်းအပြင် ဦးကျော်ထက်နိုင်သည် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ပါတီဝင် မဖြစ်မီက အမှတ် (၅၃၂) ခြေမြန်တပ်ရင်း၏ အမာခံ သတင်းပေးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးကြောင်း အဆိုပါ ပါတီဝင်များက ပြောကြားသည်။

ကျူးကျော် နေအိမ်များ အင်အားသုံး ရှင်းလင်းခြင်းကို ဟန့်တား နှောင့်ယှက်သည့် လူ ၁၄ ဦးကို ခြေချုပ်နှင့် ခံဝန်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) တို့ဖြင့် အင်းစိန်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ သောင်ကြီး (လှိုင်သာ ယာမြို့နယ်) နှင့် တက်သစ် (ထန်းတပင်မြို့နယ်) ရဲစခန်းများက အမှုဖွင့်စစ်ဆေး နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List