Wednesday, January 15, 2014

(၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ





မြန်မာနိုင်ငံက ပထမအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခွင့်ရရှိသည့်(၇)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းတွင် ဇန်န၀ါရီ ၁၄ ရက် ညနေပိုင်းက စည်ကား သိုက်မြိုက်စွာ ဆင်နွှဲကျင်းပခဲ့သည်။
ယခု (၇) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကြီးကို (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပပြီးနောက် သုံးပတ်အကြာတွင် အိမ်ရှင်အဖြစ် ထပ်မံကျင်းပနိုင်ခြင်း ဖြစ်သည်။

ဤပြိုင်ပွဲကြီးကို ချစ်ခင်ရင်းနှီးမှု၊ တန်းတူညီမျှရှိမှုနှင့် စုစည်းညီညွတ်မှုတို့ အတွက် ရည်ရွယ်ကျင်းပခြင်း ;ဖြစ်ပြီး တစ်နည်းဆိုရသော် နိုင်ငံသားအချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် မသန်စွမ်းအားကစား သမားများ၏ အခွင့်အရေး တန်းတူရရှိမှုကို ဖော်ထုတ်ပြသသည့် ပွဲလည်းဖြစ်သည်။

တစ်နည်းဆိုရလျှင် အရှေ့တောင်အာရှနိုင်ငံများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူဝါဒကို ဖော်ဆောင်ခြင်း ဖြစ်သကဲ့သို့ အားကစားပြိုင်ပွဲများ ဖြစ်သည်နှင့်အညီ အရှေ့တောင် အာရှနိုင်ငံများ၏ အားကစား စိတ်ဓာတ်၊ အားကစားအရည်အသွေးနှင့် ဂုဏ်သိက္ခာများကို ဖော်ထုတ်ပြသသည့် ပွဲလည်းဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားကို အစီအစဉ် (၁၅) ခုဖြင့် ပြုလုပ်ခဲ့ပြီး ၎င်းအစီအစဉ်များ မတိုင်မီ တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြသည်။
ဖျော်ဖြေရေးအစီအစဉ်တွင် တေးဆို ဦးကျော်ဆွေနှင့် ခိုင်သဇင်သင်းတို့က “ပွဲပျော်ဒိုး” ၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ကျောင်းသား ကျောင်းသူများက “စွမ်းစွမ်းတမံ အာဆီယံ” ၊ တေးသံရှင် ခေမီကိုက “ရောင်စုံ ရောင်ဝါ”၊ တေးသံရှင် စိုးမိုးထက်က “It Means To All”၊ တေးသံရှင် စိုးပြည့်သဇင်က “ချစ်သူရွေးမယ်”၊ ခဝဲခြံ မျက်မမြင်ကျောင်းမှ ကျောင်းသားကျောင်းသူများက “ ကမ္ပည်းသစ် သမိုင်းသစ်”၊ တေးသံရှင် နန်းဆုရတီစိုးက “ရှေ့ဆက်သွားမှာပဲ”၊ တေးသံရှင် ဆလိုင်း၊ အိမ့်ချစ်နှင့် ကေကေမိုးတို့က “လာပါ လာပါ”၊ တေးသံရှင် စန္ဒီမြင့်လွင်က “အနားနား ရှိတဲ့အခိုက်”နှင့်တေးသံရှင် ဖရက်နှင့်ဒီကာတို့က “အာဆီယံ ပါရာဂိမ်း” တေးသီချင်းများကိုဖျော်ဖြေရေးစင်မြင့်၌ သီဆိုဖျော်ဖြေတင်ဆက်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး ဒေါ်နန်းရွှေမှုန်၊ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး ဒေါ်ခင်လေးသက်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဝင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင်၊ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ အာဆီယံမသန်စွမ်း အားကစားအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အာဆီယံဒေသတွင်း ပြိုင်ပွဲဝင်နိုင်ငံများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ၊ ဧည့်ပရိသတ်များ၊ မီဒီယာများ၊ ဆက်ဆံရေး အရာရှိများနှင့် လုပ်အားပေးလူငယ်များ၊ ဖွင့်ပွဲအခမ်းအနားကြီးကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး ကြီးကျယ်ခမ်းနားအောင် တာဝန်ယူပေးသော ပြည်တွင်းပြည်ပ အသိပညာရှင်၊ အတတ် ပညာရှင်များနှင့် ဖိတ်ကြား ထားသူများ စုစုပေါင်း (၂၀၀၀၀) ကျော် တက်ရောက်အားပေး ကြသည်။

ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ရာတွင် ကွင်းအတွင်း စင်မြင့်ထက်မှ LED Board ၌အမှတ်စဉ် တစ်ဆယ်မှ တစ်အထိ ရေတွက်စတင်ပြီး မီးရှူးမီးပန်းများ ဂုဏ်ပြုပစ်ဖောက်ကြသည်။အမှတ်စဉ်ရေတွက်မှုမပြုမီ အနက်ရောင်ဝတ်စုံပြည့် ဝတ်ဆင်ထားသော ကျောင်းသား (၁၂၀၀)ကျော် တို့က ဓာတ်မီးများအသုံးပြု၍ LED Board ၌ ဂဏန်းရေတွက်မှုအတိုင်း ပုံစံပြောင်းခြင်း၊ မီးရှူးမီးပန်း ပစ်လွှတ်သည်နှင့် တစ်ချိန်တည်းတွင် မီးပန်းများအသုံးပြု၍ ASEAN PARA GAMES စာတန်းပုံစံကို ပုံဖော်ခြင်းတို့ကို ပြသကြသည်။

ဖွင့်ပွဲအခမ်းအနားစတင်ပြီးချိန်တွင် မြန်မာတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် အမျိုးသမီးငယ်လေးများ၏ ဆိုင်းဝိုင်း၊ ကြည့်မြင်တိုင် မျက်မမြင်ဆိုင်းဝိုင်းနှင့် တယော တူရိယာတီးဝိုင်းတို့ဖြင့် အလှဆင်ယာဉ်များပေါ်မှ ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ ASEAN Para Sports Federation အလံနှင့် (၇) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲမြန်မာအလံတို့ကို လွှင့်တင်သည်။ဆက်လက်၍ အလံကိုင်တပ်ဖွဲ့နှင့်အတူ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ အားကစားသမား များက အစဉ်လိုက်ချီတက်ကာ ကွင်းအတွင်း နေရာယူကြသည်။

ယခုအားကစားပြိုင်ပွဲတွင် ဘရူနိုင်းနိုင်ငံမှ (၄၈)ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှ (၃၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ (၁၉၅)ဦး၊ လာအိုနိုင်ငံမှ (၄၈)ဦး၊ မလေးရှားနိုင်ငံမှ (၂၃၂)ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ (၇၉)ဦး၊ စင်ကာပူနိုင်ငံမှ (၈၈)ဦး၊ ထိုင်းနိုင်ငံမှ (၃၂၃)ဦး၊ ဗီယက်နမ်နိုင်ငံမှ (၁၆၈)ဦး၊ မြန်မာနိုင်ငံမှ (၂၆၉)ဦး စုစုပေါင်း(၁၄၈၂)ဦး ပါဝင်ကြသည်။

ယင်းနောက် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပွဲတော်ဆိုင်ရာများကို တင်ပြသည်။

ထိုသို့ ပြောကြားရာတွင် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ကျင်းပခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာမြင့်မားရေး တစ်ခုတည်းအတွက် ရည်ရွယ်ပြီး ကျင်းပခြင်း သက်သက်မဟုတ်ဘဲ လူ့ဘောင် အဖွဲ့အစည်း အတွင်း မသန်စွမ်းသူများကိုလည်း တန်းတူအခွင့်အရေးပေးခြင်း၊ ကိုယ်ချင်းစာနာစိတ်ထားရှိခြင်း၊ အားကစားဖြင့် အာဆီယံဒေသအတွင်း မသန်စွမ်းသူများအကြား ချစ်ခင်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးပွားလာစေခြင်း၊ ထိုမှတစ်ဆင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား အပြန်အလှန် ယုံကြည်မှုနှင့်အတူ မသန်စွမ်းသူ လူ့အဖွဲ့အစည်းနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက်ပါ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ် ၍ တိုင်းပြည်၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်ကိုပါ တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုစေမည် ဖြစ်ပါကြောင်း။

ဤအားကစားပြိုင်ပွဲများကြောင့် မသန်စွမ်းသူများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ကျန်းမာကြံ့ခိုင်ရေးအပိုင်းများကိုပါ တိုးတက်လာစေပြီး လူ့အဖွဲ့အစည်းအတွင်း မသန်စွမ်းသူများကို ကိုယ်ချင်းစာနားလည်ချစ်ခင်စေခြင်းနှင့် ညီတူညီမျှ ဆက်ဆံပြုမူခြင်းအားဖြင့် စည်းလုံးညီညွတ်သည့် လူမှုအဖွဲ့အစည်းတစ်ရပ်ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ထားရှိကာ (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲများကို ကျင်းပမည် ဖြစ်ပါကြောင်းဖြင့် တင်ပြခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတကိုယ်စား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက မြန်မာနိုင်ငံ အနေဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်အဖြစ် စတင်လျှောက်လှမ်းနေသည့်ကာလ၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူကာစ ကာလတွင် ယခင်က (၄၄)နှစ်ကြာမကျင်းပနိုင်ခဲ့သော အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို နိုင်ငံတကာက အံ့ဩချီးကျူးရလောက်အောင် အိမ်ရှင်အဖြစ် တရားမျှတ အောင်မြင်စွာ လက်ခံကျင်းပအပြီး ယခု (၇) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကြီးကို အိမ်ရှင် အဖြစ် ဆက်လက်လက်ခံကျင်းပခြင်းပင်ဖြစ်ပါကြောင်း။

ဤပြိုင်ပွဲကို ကျင်းပပြီးစီးခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၏ အဆင့် အတန်းထက် မနိမ့်ကျအောင် ကျင်းပနိုင်ရန်နှင့် မသန်စွမ်းသူများ အဆင်ပြေအောင် တာဝန်ရှိသူအားလုံးက အဘက်ဘက်မှ ကြိုးစားပြင်ဆင် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကို လာရောက်ကြသည့် ဧည့်သည်တော်များနှင့် အားကစား အဖွဲ့များအားလုံး၊ ခေတ်မီအားကစား အထောက်အကူ ပစ္စည်းများ တပ်ဆင်ထားသော နိုင်ငံတကာအဆင့်မီ အားကစားကွင်းများတွင် မိမိတို့ကြိုးစား လေ့ကျင့်ထားသမျှကို ဖော်ထုတ်ပြသယှဉ်ပြိုင်ခွင့်၊ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင် ပြိုင်ပွဲဝင်နိုင်ခွင့် ရရှိကြတော့မည်ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံ၏ ရှည်လျား မြင့်မားသော သမိုင်းကြောင်း အစဉ်အလာများ၊မြန်မာလူမျိုးတို့၏ ဖော်ရွေ ယဉ်ကျေးမှုများ၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေ မှန်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို မျက်မြင်လေ့လာခွင့် ရနိုင်တော့မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အကြောင်းကြောင်းကြောင့် ကိုယ်အင်္ဂါ မသန်စွမ်းကြသူများကို တန်းတူရည်တူ အခွင့်ရေးပေးပြီး မသန်သော်လည်း စွမ်းဆောင်နိုင်ကြောင်း အခွင့်အလမ်းများ ပြသနိုင်ရန်အတွက် အဘက်ဘက်မှ ဖန်တီးပေးထားပြီးဖြစ်၍ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အနုပညာနယ်ပယ်၊ အားကစား နယ်ပယ်မှ ထူးချွန်မှုများကို တွေ့မြင်လေ့လာခွင့် ရရှိကြမည်ဖြစ် ပါကြောင်း။

ထို့ကြောင့် ပြိုင်ပွဲကို လာရောက်ကြသော ဧည့်သည်တော်များအနေဖြင့်မြန်မာနိုင်ငံ၏ ပကတိ အခြေအနေမှန်များကို လေ့လာဆန်း စစ် သွားကြပါ။ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများနှင့် ဒိုင်/ဂျူရီများအနေဖြင့် အကောင်းဆုံးသူကိုသာ အနိုင်ရရှိစေရေး၊ ဝိုင်းဝန်းကြိုး စားပေးကြပါ။ ပြိုင်ပွဲကို ဝင်ရောက်မည့် အားကစား အဖွဲ့များအနေဖြင့်"Friendship, Equality, Unity" ဆိုသည့် ပြိုင်ပွဲ၏ ဆောင်ပုဒ်နှင့်အညီ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ကြိုးစားယှဉ်ပြိုင်သွားကြပါ၊ ပြိုင်ပွဲကို ကြည့်ရှုအားပေးကြသည့် ပရိသတ် များအနေဖြင့် မသန်စွမ်းသော်လည်း နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ရန် ကြိုးစားနေကြသော အားကစားသမားများ၏ မွန်မြတ်သောစိတ်ဓာတ်များကို အသိအမှတ်ပြုသောအားဖြင့် အင်တိုက်အားတိုက် အားပေးကြပါ။ ပါဝင်ကြမည့် စေတနာရှင်၊ အလှူရှင်များနှင့် Sponsor များ၊ လုပ်အားပေးလူငယ်များအနေဖြင့် ကိုယ်ချင်းစာနာသော စိတ်ဖြင့် ကရုဏာထား၊ ဖေးမကူညီကြပါ။ မီဒီယာများအနေဖြင့် မသန်စွမ်းအားကစားသမားများ၏ အစွမ်းအစ များကို နိုင်ငံတကာကသိအောင် မိမိတို့တတ်စွမ်းသောပညာဖြင့် အစွမ်းကုန်ဖော်ထုတ်ပေးကြပါဟု တိုက်တွန်း နှိုးဆော်ရင်း “(၇)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ယခုအချိန်ကစပြီး ဖွင့်လှစ်ပေးလိုက် သည်”ဟု ကြေညာရာ မီးရှူးမီးပန်းများဖြင့် ပစ်ဖောက်ဂုဏ်ပြုသည်။
 
ထို့နောက် အားကစား အဓိဋ္ဌာန်ပြုကြရာ စားပွဲတင်တင်းနစ် အားကစားသမား ဦးမင်းမင်းဖြိုးက အားကစားသမား များကိုယ်စားနှင့် ဒိုင်လူကြီးဒေါ်မြလေးဖြူက ဒိုင်လူကြီးများနှင့် ပြိုင်ပွဲကြီးကြပ်သူများကိုယ်စား အာဆီယံနိုင်ငံ အလံများခြံရံလျက် သတ်မှတ်စင်မြင့်၌ အားကစား သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြသည်။

ယင်းနောက် ASEAN Para Sports Federation ဥက္ကဋ္ဌ Mr. Dato Zainal Abu Zarin က ယခုကျင်းပသည့် (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကြီးကို ပြိုင်ပွဲကျင်းပရေး စည်းမျဉ်း နှင့်အညီ အားကစားနည်း (၁၂) မျိုးကို ထည့်သွင်း ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ဤအားကစားပြိုင်ပွဲကြီးကို ၂၀၀၁ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ပထမအကြိမ် ကျင်းပခဲ့ပါကြောင်း၊ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ကျင်းပပြီး သုံးပတ်အကြာတွင် ကျင်းပလေ့ရှိပါကြောင်း၊ ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲများတွင်လည်း ဤအစဉ်အလာ အတိုင်း ကျင်းပပါကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများမှ အားကစားသမား (၁၄၀၀) ကျော် ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ပါကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ အနေဖြင့် မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်က ချမှတ်ထားသော Friendship, Equality, Unity ဟူသည့် ဆောင်ပုဒ်နှင့်အညီ တရားမျှတသန့်ရှင်းစွာ ပါဝင် ယှဉ်ပြိုင်သွားကြပါစို့ဟု မှာကြားလိုပါကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ယင်းနောက် မီးထွန်းညှိတိုင်ကို နိုင်ငံတကာ မသန်စွမ်း အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် (၂) ခု၊ ငွေတံဆိပ် (၂) ခုနှင့် ကြေးတံဆိပ် (၂) ခုရရှိခဲ့သည့် ဦးဇော်ဝင်း၊ နိုင်ငံတကာမသန်စွမ်း အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် (၂) ခု၊ ငွေတံဆိပ်(၅)ခုနှင့် ကြေးတံဆိပ် (၃) ခုရရှိခဲ့သည့် ဦးအေးလှိုင်၊ နိုင်ငံတကာ မသန်စွမ်းအားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ် (၁) ခုနှင့် ကြေးတံဆိပ်(၁)ခုရရှိခဲ့သည့် ဦးအေးကိုကို၊ နိုင်ငံတကာ မသန်စွမ်းအားကစားပြိုင်ပွဲများတွင် ငွေတံဆိပ်(၂)ခုနှင့် ကြေးတံဆိပ် (၂) ခုရရှိခဲ့သည့် ဦးတင်မြင့်၊ နိုင်ငံတကာ မသန်စွမ်းရေကူးအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် (၃) ခု ရရှိခဲ့သည့် ဦးစိုးလွင်၊ နိုင်ငံတကာမသန်စွမ်း ပြေးခုန်ပစ်အားကစားပြိုင်ပွဲများတွင် ငွေတံဆိပ် (၁) ခုနှင့် ကြေးတံဆိပ် (၂) ခုရရှိခဲ့သည့် ဦးခင်သန်းမောင်၊ နိုင်ငံတကာ မသန်စွမ်း ပြေးခုန်ပစ် အားကစားပြိုင်ပွဲ များတွင် ရွှေတံဆိပ် (၆) ခု၊ ငွေတံဆိပ် (၃) ခုနှင့် ကြေးတံဆိပ် (၂) ခုရရှိခဲ့သည့် ဒေါ်ခင်ဖြူဝင်း၊ နိုင်ငံတကာမသန်စွမ်း ပြေးခုန်ပစ် အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၄) ခုနှင့် ကြေးတံဆိပ် (၄) ခု ရရှိခဲ့သည့် ဦးဘုန်းကျော်၊ နိုင်ငံတကာ မသန်စွမ်း ပြေးခုန်ပစ်အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် (၄) ခုနှင့် ငွေတံဆိပ် (၄) ခုရရှိခဲ့သည့် ဒေါ်ညွန့်ညွန့်ဝင်း၊ နိုင်ငံတကာ မသန်စွမ်း အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၃) ခုနှင့် ကြေးတံဆိပ် (၁) ခုရရှိခဲ့သည့် ဦးသန့်ဇင်၊ နိုင်ငံတကာမသန်စွမ်း ပြေးခုန်ပစ် အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်(၁၁)ခု၊ ငွေတံဆိပ် (၆) ခုနှင့် ကြေးတံဆိပ် (၁) ခုရရှိခဲ့သည့် ဦးကျော်ခိုင်တို့က လက်ဆင့်ကမ်း သယ်ဆောင်ကြပြီး နိုင်ငံတကာ မသန်စွမ်း အားကစားပြိုင်ပွဲ များတွင် ရွှေတံဆိပ် (၁၁) ခု၊ ငွေတံဆိပ် (၄) ခုနှင့် ကြေးတံဆိပ် (၂) ခုရရှိခဲ့သည့် ဦးတင်ငွေက ပင်မမီးရှူးတိုင်ကို လှံတံပစ်၍ မီးထွန်းညှိရာ မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ဂုဏ်ပြုသည်။

ထို့နောက် နိုင်ငံတော်ဘင်ခရာတပ်ဖွဲ့၊ အလံကိုင်တပ်ဖွဲ့နှင့် အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာကြသည်။
ဆက်လက်၍ ဆီမီးအလှခေတ်အင်းဝ၊ ပန်းရည်ဘဏ်တိုက်၊ ပြည်ထောင်စုရဲ့ ထာဝရအလှ များနှင့် မြန်မာ့သိုင်း အစီအစဉ်များကို တေးသရုပ်ဖော် ကကွက်လှုပ်ရှားမှုများဖြင့် ပုံဖော်ဖျော်ဖြေတင်ဆက်ပြီး ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာဖြင့် ရုပ်သိမ်းခဲ့သည်။

ဆီမီးအလှ ခေတ်အင်းဝအစီအစဉ်တွင် ကပြဖျော်ဖြေသူ (၁၅၀) ပါဝင်ပြီး အင်းဝခေတ် ဆီမီးခွက်အကနှင့် ဒေသိယဆီမီးမျှောပွဲ အလှတို့ကို ကကြိုးကကွက်များဖွဲ့သီကာ တင်ဆက်ခဲ့သည်။
 
ပန်းရည်ဘဏ်တိုက် အစီအစဉ်တွင် မေရီချက် (ပ) မင်း နားမကြားသော ကလေးများကျောင်းမှ ကျောင်းသား ကျောင်းသူလေး များနှင့် အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ကြပြီး တေးသံရှင် ရွှန်းလဲ့အောင်က သီဆိုဖျော်ဖြေသည်။ ထိုသို့ဖျော်ဖြေရာတွင် ကျောင်းသား ကျောင်းသူလေးများမှာ ဂီတသံကိုမခံစား၊ စည်းကို မကြား၊ ဝါးကိုမသိ၊ အကြားအာရုံချို့တဲ့ကြသော်လည်း စည်းကိုက်၊ ဝါးကိုက်၊ နရီကျကျ၊ လှပညီညာစွာ ကပြဖျော်ဖြေကြသည်ကို တွေ့ရသည်။
 
ပြည်ထောင်စုရဲ့ ထာဝရ အလှများအစီအစဉ်တွင် သရုပ်ဖော် တင်ဆက်သူ (၁၉၀) ကျော်ပါဝင်ပြီး မြန်မာနိုင်ငံအတွင်းတွင် လူမျိုးပေါင်း (၁၀၀) ကျော်တို့ ဥမကွဲ သိုက်မပျက် စည်းလုံးညီညွတ်စွာ အတူလက်တွဲ နေထိုင်ပုံ၊ ပြည်ထောင်စုကြီး ထာဝရလှပတည်တံ့ ခိုင်မြဲမှုတို့ကို ဂုဏ်ပြုတင်ဆက်ခဲ့သည်။

မြန်မာ့သိုင်းအစီအစဉ်တွင် တင်ဆက်သူ (၂၀၀) ကျော်ပါဝင်ပြီး တုတ်သိုင်း၊ ဓားသိုင်း၊ လက်သိုင်းတို့ ပါဝင်သည့် မြန်မာ့သိုင်း အတတ်ပညာကို ယဉ်ကျေးမှု အမွေအနှစ် ပညာရပ်တစ်ခုအဖြစ် လက်ဆင့်ကမ်း အသုံးပြုခဲ့ကာ စိတ်ဓာတ်ခွန်အား နိုးကြားစေပုံကို ပြသခဲ့သည်။

အားကစား ပြိုင်ပွဲအားလုံးကို ယနေ့မှ ဇန်နဝါရီ (၂၀) ရက်အထိ နေပြည်တော်၌ ကျင်းပမည်ဖြစ်ပြီး မြားပစ်၊ ပြေးခုန်ပစ်၊ ဘိုစီယာ၊ စစ်တုရင်၊ ဘောလုံး (တစ်ဖက်ငါးယောက်)၊ ဘောလုံး (တစ်ဖက်ခုနစ်ယောက်)၊ ဂိုးလ်ဘော၊ အလေးမ၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက်ဘော်လီဘော၊ ဘီးတပ်ဘတ်စကက်ဘော အားကစားနည်းများကိုထည့်သွင်းကာ ရွှေတံဆိပ်(၃၃၉)ခု၊ ငွေတံဆိပ် (၃၃၉ )ခုနှင့် ကြေးတံဆိပ် (၃၅၉)ခု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment

My Blog List