Saturday, January 18, 2014

စတုတ္ထမဏ္ဍိုင်ကို အာဏာနှင့် မခြိမ်းခြောက်ရန်နှင့် မျှတမှန်ကန်သည့် တရားစီရင်ရေး လုပ်ဆောင်ပေးရန် တောင်းဆို ဆန္ဒထုတ်ဖော်မှု ပန်းတနော်မြို့နယ် ဒေသခံများ ပြုလုပ်



စတုတ္ထမဏ္ဍိုင်ကို အာဏာနှင့် မခြိမ်းခြောက်ရန် မျှတမှန်ကန်သည့် တရားစီရင်ရေး လုပ်ဆောင်ပေးရန် အပါအဝင် ပန်းတနော်မြို့နယ်ရှိ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်များ မျှတမှန်ကန် ကောင်းမွန်စေရန် တောင်းဆိုဆန္ဒ ထုတ်ဖော်မှုကို ပန်းတနော်မြို့နယ် ဒေသခံများက ဇန်နဝါရီ ၁၇ ရက်က ပန်းတနော်မြို့တွင် ပြုလုပ်ခဲ့သည်။

Eleven Media Group ၏ နယ်သတင်းထောက် ပန်းတနော်မြို့သူ မခိုင် (ခ) နော်ခိုင်ခိုင် အေးချိုအား လွိုင်ကော်တရားရုံးက မတရားအမိန့်ချမှတ်ကာ ထောင်ချထားခြင်းအပြင် ပန်းတနော်မြို့နယ်တွင်လည်း သတင်းရယူသည့် သတင်းထောက် အချို့ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွား ဖျက်ဆီးမှုတို့နှင့် တရားစွဲဆိုထားသည့်အပေါ် မှန်ကန်သည့် တရားစီရင်မှုပေးရန်၊ ပန်းတနော် ဒေသခံများက သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ဖြင်း ဖြစ်သည်။

“ဒီမိုကရေစီ ဒီမိုကရေစီလို့ ဘယ်လောက်ပဲ ပြောနေ ပြောနေ ယနေ့အချိန်အထိ ကျွန်တော်တို့ သတင်း မီဒီယာသမားတွေ အဖိနှိပ်ခံနေရဆဲပါ။ ထင်ရှားတဲ့ဥပမာက  ပန်းတနော်သူ တစ်ဦးဖြစ်တဲ့ နော်ခိုင် ခိုင်အေးချိုကို ပုဒ်မအမျိုးမျိုးတပ်ပြီး လွိုင်ကော်တရားရုံးက ပြစ်ဒဏ်ချခဲ့တာ ဒီနေ့ဆိုရင် တစ်လပြည့်ပါပြီ။ ကျွန်တော် ကိုယ်တိုင်လည်း

လက်ရှိတရားရင်ဆိုင် နေရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၂ ဒီဇင်ဘာမှာ အင်းသမားနဲ့ ဒေသခံ ပြည်သူတွေ ဖြစ်ပေါ်တဲ့ ပြဿနာကို သွားရောက် သတင်းယူမိတဲ့အတွက် ပိုင်နက်ကျူးလွန်ပါတယ်။ အကျိုးစီးပွား ပျက်ပြားပါတယ်ဆိုပြီး တရားစွဲဆို ခံထားရသူပါ။ တရားကို နတ်စောင့်တယ်ဆိုတာ ဘယ်အချိန် ကာလကျမှ ကျွန်တော်တို့ သိရမလဲ မသိဘူး”ဟု ပန်းတနော် နယ်သတင်းထောက် ကိုအောင်ကျော်ခိုင်က
 ပြောပါသည်။

ဆန္ဒထုတ်ဖော်မှုတွင် ပန်းတနော်ဒေသခံ တစ်ရာကျော် ပါဝင်ခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အနီးမှစတင်ကာ ပန်းတနော်မြို့နယ် တရားရုံးရှေ့အထိ လမ်းလျှောက်ပြီး “စတုတ္ထမဏ္ဍိုင်ကို အာဏာဖြင့် မခြိမ်းခြောက်ပါနှင့်”၊ “မှန်ကန်သော တရားစီရင်ရေး ချက်ချင်းလုပ်ဆောင်ပေး”၊ “လွတ်လပ်စွာ သတင်းရယူခွင့်သည် ဒီမိုကရေစီ၏ အသက်ဖြစ်သည်”စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

“သတင်းထောက် မခိုင်ရဲ့အမှု ဖြစ်စဉ်အပေါ် မူတည်ပြီးတော့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်တွေ အနေနဲ့ လိုအပ်နေတာတွေကို ပြုပြင်စေချင်တဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်မှု လုပ်တာပါ။ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပြုသလို တရားဥပဒေ စိုးမိုးမှုက အားနည်းတယ်။ တချို့နေရာတွေက တော်တော်လေး ပျက်နေတယ်။ လုံးဝမရှိဘူးလည်း မဟုတ်ဘူး။ ကိုယ်ကျင့်တရားကို တန်ဖိုးမထားကြဘဲ ငွေနဲ့ အာဏာ၊ လက်နက်ပဲ တန်ဖိုးထားတဲ့ စိတ်ဓာတ်တွေ ဖြစ်နေတယ်”ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သည့် ပန်းတနော်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမန်းညွန့်သိန်းက ပြောကြားသည်။

ထို့အပြင် ဒေသခံများ ပိုင်ဆိုင်သည့် လယ်ယာမြေများကို သိမ်းဆည်းမှုများ၊ ဒေသအာဏာပိုင်များနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များက ဒေသခံများကို တရားစွဲဆို ထားမှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ ဖြေရှင်းပေးရန်နှင့် မြေအသိမ်းခံ တောင်သူများ၊ တရားစွဲဆို ခံထားရသူများက တောင်းဆိုမှု ပြုလုပ်ခဲ့သည်။

“တိုင်းလွှတ်တော် ကိုယ်စားလှယ် တစ်ဦးရဲ့သား ဦးသန်းဆွေက ဒါကို အင်းနယ်နိမိတ်ဆိုပြီး ဆည်မြောင်းဌာန ပိုင်တဲ့ဟာကိုပိတ်ပြီး ငါးဖမ်းတာပေါ့။ ငါးဖမ်းတော့ ရေကအနိမ့်အမြင့် ဖြစ်တော့ ဟိုဘက်တောင်သူတွေက စိုက်ဖို့ပျိုးဖို့ ရေအတွက် တောင်သူတွေက ပိတ်ထားတာကို ဖျက်တာပေါ့။ မနှစ်ကပေါ့။ ဖျက်တော့သူက တရားစွဲတာပေါ့။ ဒီနေ့အထိ ဆည်မြောင်းဌာန ပိုင်တဲ့နေရာကို တမံတုပ်ပြီးတော့ လုပ်နေတယ်။ တရားအစွဲ ခံထားရတဲ့ တောင်သူတွေက မျှတတဲ့ တရားစီရင်မှုရဖို့ တောင်းဆိုကြတာပေါ့”ဟု ဦးမန်းညွန့်သိန်းက ဆိုသည်။

အိမ်ကျော်နင်းမှု၊ အသရေဖျက်မှု၊ ညစ်ညမ်းစွာ ပြောဆိုမှုစသည့် စွပ်စွဲမှုများဖြင့် တိုင်ကြားခံရသည့် Eleven Media Groupလွိုင်ကော်သတင်းထောက် မခိုင်အား လွိုင်ကော်တရားရုံးမှ ပုဒ်မသုံးခုဖြင့် ထောင်ဒဏ်သုံးလ ကျခံစေရန် အမိန့်ချမှတ် ခဲ့ခြင်းမှာ ဇန်နဝါရီ ၁၇ ရက်တွင် တစ်လပြည့်မြောက်ခဲ့သည်။

သတင်းထောက် မခိုင်အား ပြစ်ဒဏ်ချမှတ်မှုနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ သတင်းမီဒီယာ များမှလည်း ပြစ်ဒဏ်အား ပြန်လည်သုံးသပ်ပေးရန် နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာတရားစီရင်ရေး အဖွဲ့ အစည်းများအား တောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်ထိ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိသေးပေ။

eleven media group

No comments:

Post a Comment

My Blog List