ရန်ကုန်မြို့၊ တွံတေးမြို့နယ်၊ ပန်းလှိုင်တံတားဝန်းကျင်မှာ နေထိုင်နေတဲ့ ကျူးကျော်အိမ်ခြေပေါင်း ၃၀၀၀ ကျော်ကို ဇန်န၀ါရီလ ၁၄ရက်နေ့ မနက်အစောပိုင်းမှာ ရာနဲ့ချီတဲ့ လုံထိမ်းတွေနဲ့ သက်ဆိုင်ရာမြို့နယ်က အရာရှိတွေ အင်အားသုံးပြီး ဖျက်ဆီးခဲ့တယ်လို့ ဖျက်ဆီးခံခဲ့ရတဲ့ ကျူးကျော်နေထိုင်သူတွေက ပြောပါတယ်။
အဲဒီလို ကျူးကျော်အိမ်တွေ ဖျက်ဆီးခံခဲ့ရတာနဲ့ ပက်သက်ပြီး အိမ်ဖျက်ဆီးခံခဲ့ရသူတစ်ဦးဖြစ်တဲ့ မသီတာဦး က အခုလို ပြောပြပါတယ်။
“၃ နာရီလောက်ဝင်လာပြီး ဖျက်ဖျက်ဆိုပြီး လူ ၅၀၀ လောက်ရှိမယ်။ ရပ်ကွက်က လူရယ်၊ မီးသတ်ရယ်၊ ရဲရယ်၊ ဝင်လာပြီး ဖျက်ဖျက်ဆိုပြီး အတင်း သူတို့က ဓါးတွေနဲ့ လှိမ့်ခုတ်တာ။ ထပ်ဖျက်မယ်လို့ လည်းကြားတယ်။ သူတို့လည်း မပြန်သေးဘူး လမ်းတွေ အကုန်ပိတ်ထားတယ်။”
ပန်းလှိုင်တံတားဝန်းကျင်မှာ ကျူးကျော်နေထိုင်တဲ့ အိမ်ခြေပေါင်း ၁၀၀၀၀ လောက်ရှိပြီး လမ်းမကြီးများ ဥပဒေအရ ရက်ပိုင်းအတွင်း အပြီးသတ် ဖျက်ဆီးပစ်ရမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက
ပြောဆိုခဲ့ပါတယ်။
အခုလို မဖျက်ဆီးခင်မှာ အာဏာပိုင်တွေဖက်က သုံးလ အချိန်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် နေအိမ် ဖျက်ဆီးခံခဲ့ရသူတွေဟာ ဒေသတွင်း နေထိုင်သူ တစ်ချို့ရဲ့ လိမ်လည်ရောင်းချမှု တွေကြောင့်ဖြစ်ရတာဖြစ်ပြီး အများစုမှာ ကျပ် ၂ သိန်း ဝန်းကျင်နဲ့ ဝယ်ယူနေထိုင်ခဲ့သူ တွေဖြစ်ကြသလို လပိုင်းအတွင်းကမှ ပြောင်းရွှေ့ခဲ့သူတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ ပါတီတစ်ချို့က ဦးဆောင်ပြီး မြေနေရာအတွက် အခကြေး ကောက်ခံခဲ့မှုတွေလည်း ရှိခဲ့တယ်လို့ အိမ်ဖျက်ဆီးခံခဲ့ရတဲ့ မအူပင်က ပြောင်းရွှေ့လာသူ ဒေါ်ပဲဝါးက ပြောပါတယ်။“သူတို့က ဒီနေ
ရာကို ပေးပြီးတော့ ဒီစာရွက် ထုတ်ပေးတယ်။ ဒီစာရွက်ထုတ်ပေးတော့ တစ်သောင်းပေးရတယ်။ ဒီမှာနေခွင့်ပြုတယ်။ မြေကို မဲနှိက်တယ်။ အန်တီက တစ်ယောက်ထဲဆိုတော့ သနားလို့ အဲဒီမြေ ကွက်ပေးတာ။ အဲဒါဆောက်တာ အန်တီက လက်သမား လိုက်လုပ် ခြံခတ်ရတဲ့ ပိုက်ဆံနဲ့ ဆောက်တာ။ အဲဒါ ၂ သိန်းနီးပါးလောက်ကုန်တယ်။ ဝါးဖိုးတင်။”သက်ဆိုင်ရာဘက်ကတော့ ပြန်လည်နေရာချထားပေးဖို့ စီစဉ်ထားတာမရှိသေးတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဒေါ်ပဲဝါးက ပြောပြပါတယ်။
တည်ဆဲ ဥပဒေဖြစ်တဲ့ လမ်းမကြီးများ ဥပဒေအရ လမ်းနယ်အတွင်းမှာ ကျူးကျော်နေထိုင်ပါက ထောင်ဒဏ် ၃ နှစ် ဒါမှမဟုတ်ရင် ငွေဒဏ် ကျခံဖို့နဲ့ ဒဏ် ၂ ရပ်လုံး အပစ်ပေးခံရနိုင်တယ်လို့ ထုတ်ပြန်ထားတဲ့ အကြောင်း စည်ပင်သာယာရေးဦးစီးဌာနက သိရပါတယ်။
ဒီသတင်းကို ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှ က သတင်းပေးပို့ထားတာဖြစ်ပါတယ်။
ABC
No comments:
Post a Comment