Monday, January 13, 2014

အစိုးရအသုံးစရိတ် ဘတ်ဂျက်များ ခွဲဝေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ဥပဒေကြမ်းပေါင်း ၂၅ ခုဆွေးနွေးမည့် လွှတ်တော် အစည်းအဝေးများ ယနေ့စတင်မည်



အစိုးရအသုံးစရိတ် ဘတ်ဂျက်များ ခွဲဝေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ဥပဒေကြမ်းပေါင်း ၂၅ ခုဆွေးနွေးမည့် န၀မအကြိမ်လွှတ်တော်အစည်းအဝေးများကို ယနေ့(ဇန်န၀ါရီ ၁၃ ရက်)တွင် နေပြည်တော် ၌ စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ပြုလုပ်မည့် န၀မအကြိမ်မြောက် လွှတ်တော်အစည်းအဝေးများသည် ဘတ်ဂျက်အစည်းအဝေးများ ဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က တင်ပြလာမည့် ငွေလုံးငွေရင်း အသုံးစရိတ်များ၊ သာမန်အသုံးစရိတ်များ၊ ချေးငွေများနှင့် အခွန်အကောက်ဆိုင်ရာ ကိစ္စများကို အတည်ပြု ဆုံးဖြတ်ပေး ရမည်ဖြစ်သည်။

လွှတ်တော်သို့ တင်သွင်းမည့် ဘတ်ဂျက်ဥပဒေကြမ်းအရ လာမည့်ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေကျပ် ဘီလျံ ၂၇၀၀ ကျော် ရှိလာမည်ဖြစ်သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ နှစ်ဆကျော် ပိုမိုထောက်ပံ့မည်ဟု သိရသည်။

ဘတ်ဂျက်ဥပဒေကြမ်းပါ စိစစ်ပြီး စာရင်းများအရ ပြည်ထောင်စု၏ စုစုပေါင်းရငွေမှာ ကျပ် ၁၆၅၄၄ ဒသမ ၆၄၇ ဘီလျံ၊ စုစုပေါင်းသုံးငွေမှာ ကျပ် ၁၉၂၉၅ ဒသမ ၂၉၂ ဘီလျံဖြစ်၍ လိုငွေကျပ် ၂၇၅၀ ဒသမ ၆၄၅ ဘီလျံဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဥပဒေကြမ်းပေါင်း ၂၅ ခုအား ဆွေးနွေးရန်ရှိပြီး ၎င်းဥပဒေကြမ်းများတွင် နိုင်ငံတော်သမ္မတက လက်မှတ်မထိုးဘဲ ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်းနှစ်ခုဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် အထူးစီးပွားရေးဇုန် ဥပဒေကြမ်းတို့ ပါဝင်သည်။ ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင် အတည်ပြုနိုင်ခဲ့ခြင်းမရှိသည့် သတင်းမီဒီယာဆိုင်ရာ ဥပဒေများ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေများနှင့် . . . . .

ပညာရေးအသုံးစရိတ် အနေဖြင့် ယခင်နှစ်က စုစုပေါင်း အသုံးစရိတ်တွင် ပါဝင်မှုအချိုး ၅ ဒသမ ၄၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ၅ ဒသမ ၉၂ ရာခိုင်နှုန်းသို့လည်းကောင်း တိုးမြှင့်သုံးစွဲရန်ရှိကြောင်း၊ လာမည့်နှစ်တွင် အခြေခံပညာ အလယ်တန်းကိုလည်း အခမဲ့ပညာသင်ကြားခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး အသုံးစရိတ်အနေဖြင့် ယခင်နှစ်က စုစုပေါင်း အသုံးစရိတ်တွင် ပါဝင်မှုအချိုး ၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၃ ဒသမ ၃၈ ရာခိုင်နှုန်းသို့လည်းကောင်း တိုးမြှင့်သုံးစွဲရန် လျာထားကြောင်း သိရသည်။

လာမည့်ဘဏ္ဍာရေးနှစ်အတွင်း မမျှော်လင့်သော သဘာဝဘေးအန္တရာယ်များ၊ မဖြစ်မနေသုံးစွဲရန် လိုအပ်သည့် အသုံးစရိတ်များ၊ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲရန် မဖြစ်နိုင်သည့် အသုံးစရိတ်များအတွက် သီးသန့်ရန်ပုံငွေအဖြစ် ကျပ်ဘီလျံ ၁၀၀ ကိုလည်း ယခင်နှစ်အတိုင်း လျာထားကြောင်း သိရသည်။

၎င်းလျာထားဘတ်ဂျက်များကို လွှတ်တော်ကော်မတီများက သက်ဆိုင်ရာ ၀န်ကြီးဌာနများအလိုက် စိစစ်ခွင့်ပြုပေးရမည်ဖြစ်ပြီး ပြည်သူ့ဘဏ္ဍာအား အကျိုးရှိသော သုံးစွဲမှုဖြစ်စေရန် စနစ်တကျ စိစစ်မည်ဟု ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က ပြောကြားသည်။

ထိုပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခြင်း ပြုလုပ်မည်ဖြစ်သည်။ တင်သွင်းပြီးနောက် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို ခံယူကာ လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ခြင်းတို့ကိုပါ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဥပဒေကြမ်းပေါင်း ၂၅ ခုအား ဆွေးနွေးရန်ရှိပြီး ၎င်းဥပဒေကြမ်းများတွင် နိုင်ငံတော်သမ္မတက လက်မှတ်မထိုးဘဲ ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်းနှစ်ခုဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် အထူးစီးပွားရေးဇုန် ဥပဒေကြမ်းတို့ ပါဝင်သည်။

ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင် အတည်ပြုနိုင်ခဲ့ခြင်းမရှိသည့် သတင်းမီဒီယာဆိုင်ရာ ဥပဒေများ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေများနှင့် အခွန်ဆိုင်ရာ ဥပဒေများကို ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။ ထို့ပြင် တရားရုံးများ လေ့လာစောင့်ကြည့်ရေးဆိုင်ရာ ဥပဒေကြမ်းကိုလည်း တင်သွင်းရန်ရှိကြောင်း သိရသည်။

ယခုလွှတ်တော်တွင် ဆွေးနွေးမည့် ဥပဒေကြမ်းများအနက်မှ သူရဦးအောင်ကိုတင်သွင်းမည့် ပုဒ်မ ၁၈ ကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ထူးခြားသည့် ဥပဒေဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောကြားသည်။

လာမည့် ဘဏ္ဍာနှစ်မှစ၍ သမ္မတ၏ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မည့် အစီအစဉ်အား ယခုလွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ်အချို့ ကန့်ကွက်ဆွေးနွေးရန်ရှိကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

My Blog List