Friday, January 17, 2014

အဆိုပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်းကသာ ပရိသတ် လက်ခံအားပေးမှုကို ပိုရရှိနိုင်တာပါလို့ ဆိုတဲ့ အဆိုတော် မို့မို့လွင်

၂၀၀၈ခုနှစ်ရဲ့ Melody World ပြိုင်ပွဲဝင် အဆိုတော်မို့မို့လွင်ကို သူမရဲ့ လတ်တလော အနုပညာ လှုပ်ရှား မှုတွေနဲ့အတူ ဂီတနဲ့ပတ်သက်ပြီး စိတ်ခံစားချက် အခြေအနေတွေကို မေးမြန်း ဖြစ်ခဲ့တာကတော့ ‘မို့မို့ အခု လတ်တလောမှာတော့ ရန်ကုန်နဲ့နယ်ရှိုးတွေ ဆိုဖြစ်နေပါတယ်။ နောက်ပြီး တီဗီကြော်ငြာနဲ့ရုပ်ရှင်သီချင်းနောက်ခံတွေ ဆိုဖြစ်နေပါတယ်။ 


အတွဲအခွေတွေမှာ ဆိုဖြစ်နေပါတယ်။ နောက်ပြီး မို့မို့ရဲ့ Singelအခွေအတွက်လည်း လုပ်နေပါတယ်။ Singelအခွေကလည်း ပြီးမယ်၊ ပြီးမယ်နဲ့ ကြာနေတာ အခုထိ ပြီးကို မပြီးနိုင်ဘူး ဖြစ်နေတယ်။ ပထမတုန်းကတော့ မို့မို့ ကိုယ့်ဘာသာကိုယ် လုပ်နေတာပါ။ ကုမ္မဏီတစ်ခုကနေ producer လုပ်ဖို့ လာကမ်းလှမ်းတာနဲ့ လက်ခံဖြစ်လိုက်တယ်။

နောက်ပိုင်းကျတော့ အကြောင်းကြောင်းကြောင့် သူတို့ဘက်ကနေ ပျက်ကွက်သွားခဲ့တယ်။ အဲဒီအချိန်တွေ က တစ်နှစ်လောက် အချိန်တွေကုန်သွားခဲ့တယ်။ မို့မို့ အဲဒီအချိန်မှာ အရမ်းစိတ်မကောင်းဖြစ်ခဲ့ရ တယ်။ နောက်ပြီးအချိန်တွေ လည်းကြန့်ကြာ သွားခဲ့ရတယ်လေ။ အဲဒီအတွက် ပရိသတ်တွေကိုလည်း အရမ်းကိုပဲ အားနာခဲ့ရပါတယ်။ အခုတော့ Melody World ပိုင်ရှင်ဦးချိုပြုးနဲ့ပဲ လုပ်ဖြစ်နေပါတယ်။ အခွေလည်း သိပ်မကြာခင်မှာ ပရိသတ်ရှေ့ကို အမြန်ဆုံးချပြနိုင်အောင်လို့ ကြိုးစားနေပါတယ်။ မို့မို့ရဲ့ အခွေလေးထဲမှာ pop၊ pop rock၊  rock၊ r&b၊ country ဂီတအမျိုးအစားအစုံပါမယ်။ popကတော့ ပိုများ မှာပေါ့။’လို့ သူမ ပြောပါတယ်။

ခုဆို အဆိုပြိုင်ပွဲတွေ အများအပြား ပေါ်ပေါက်လာတာကြောင့် Melody World ကို လူစိတ်ဝင်စားမှု နည်းသွားရတဲ့အကြောင်းနဲ့ ဂီတအပေါ်ထားတဲ့ သူမရဲ့စိတ်ခံစားမှုတွေကိုတော့ သူမက ‘အခုဆို အဆိုပြိုင် ပွဲတွေက အရမ်းပေါများလာတာလည်းပါတယ်။ နောက်ပြီး အိမ်မက်ဆုံရာက ကလေးတွေက လည်း ကောင်းကြတာတွေ့ရပါတယ်။ သူက အဆိုအပြင်၊ performance အပိုင်းတွေပါ ပါတယ် ဆိုတော့လေ အိမ်မက်ဆုံရာကိုပိုပြီးတော့ ပရိသတ်ကစိတ်ဝင်စားကြတယ်လို့ မို့မို့ထင်ပါတယ်။ 

ဒါပေမဲ့ Melody World ကိုလည်းပရိသတ် တွေက လုံးဝမကြည့်ဘူးတော့ မဟုတ်ပါဘူး။ ပြိုင်ပွဲတွေ လုပ်လာကြ တာတော့ ကောင်းပါတယ်။ အစ်မလည်း ဒီလိုအဆိုပြိုင်ပွဲကနေ ဝင်ပြိုင်ရင်းနဲ့မှ အခုလိုမို့မို့လွင် ဆိုပြီးတော့ ပရိသတ်ရဲ့ အသိအမှတ်ပြုခြင်း ခံခဲ့ရတာလေ။ ဘာပဲဖြစ်ဖြစ် အဲဒီလိုအဆိုပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင် ခြင်းကသာ ပိုပြီးတော့ပရိသတ်တွေရဲ့ လက်ခံအားပေးမှု ရရှိနိုင်မယ်လို့ မို့မို့ထင်ပါတယ်။ အဆို ပညာနဲ့ ပတ်သက်ရင်တော့ ဓါးဆိုတာက မသွေးရင် မထက်သလိုပဲပေါ့။ ကိုယ့်ကိုယ်ကိုယ် ငါတော်တယ်။ တတ်တယ်ဆိုတဲ့ စိတ်မျိုးမထားပဲနဲ့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီးတော့ အမြဲကြိုးစားနေရမယ်။ ကိုယ်မသိသေး တဲ့ အရာမှန်သမျှကို လေ့လာရမယ် ဆိုတဲ့စိတ်ကို အမြဲထည့်ထားတယ်။ အသံကောင်းတိုင်း အဆိုတော် မဖြစ်နိုင်ပါဘူး။ ကိုယ့်ရဲ့ ကံနဲ့စန်းရှိဖို့လည်း လိုပါတယ်။ ဂီတကို ငယ်ငယ်ကတည်းက ရူးသွပ်တယ်။ သီချင်းနဲ့ ပတ်သက်ရင် ငယ်ငယ်ကတည်းက အရမ်းစီးမျောလိုက်ပါမှုရှိတယ်။ အရမ်းကိုဝါသနာကြီးတယ် လို့ပြောလို့ရပါတယ်။ သီချင်းဆိုနေရရင် ကို ပျော်နေတာပါ’တဲ့။

Trend Myanmar

No comments:

Post a Comment

My Blog List