Friday, January 17, 2014

မြန်မာပြည်အနှံ့ စက်ဘီးဖြင့် အိပ်ခ်ျအိုင်ဗွီပညာပေးသူ ရှမ်းပြည်ရောက်ရှိ

မြန်မာပြည်အနှံ့ စက်ဘီးစီးပြီး အိပ်ခ်ျအိုင်ဗွီ ခုခံအားကျဆင်းရောဂါနဲ့ ပတ်သက်တဲ့ အသိပညာ၊ အားပေးနှစ် သိမ့်မှုတွေ လိုက်လံ ဆောင်ရွက်နေတဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင် မောင်စရကိုဟာ ရှမ်းပြည်တောင်ပိုင်း ဘက်ကို ရောက်ရှိနေပါတယ်။
မိမိကိုယ်တိုင်က အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ ဝေဒနာရှင် ဖြစ်ပေမယ့်လည်း စိတ်ဓာတ် ကျဆင်းတာနဲ့ အားငယ်တာတွေ မရှိဘဲ စက်ဘီး ၁ စီးနဲ့ ခရီးနှင်ပြီး ပရဟိတ ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေ သူ မောင်စရကိုဟာ ဇန်န၀ါရီ ၁၄ ရက်နေ့မှာ ရှမ်းပြည်နယ် တောင်ကြီးမြို့ကို ရောက်ရှိလာပါတယ်။

CFHIVဒီမတိုင်ခင်က ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ အောင်ပန်း၊ ပင်းတယနဲ့ ရပ်စောက် စတဲ့ ဒေ သတွေကို ရောက်ရှိခဲ့ပြီး ဇန်န၀ါရီ ၁၅ ရက်နေ့မှာ ကက္ကူမွေတော်၊ ဘန်းယဉ်၊ ဟိုပုန်းနဲ့ ဇန်န၀ါရီ ၁၇ ရက် ဒီနေ့မှာတော့ ပင်လုံမြို့ကို ဦးတည်စီးနင်းနေပါတယ်။

ဝေဒနာရှင်တယောက်အနေနဲ့ မိုင်ပေါင်းများစွာ ရှည်လျားတဲ့ ခရီးရှည်ကြီးကို စက်ဘီးစီးပြီး ထွက်ခွာရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး မောင်စရကိုက ဒီဗွီဘီကို အခုလို ပြောပြပါတယ်။

“သေဆုံးမှုတွေ၊ ကူးစက်မှုတွေ လျော့ကျဖို့ ရည်ရွယ်ချက်။ အဲလိုလျော့ကျဖို့ ကျနော်တို့ လူထုတွေ လွဲမှားနေတဲ့ အသိလေးတွေကို ဆင်ခြင်မှ ရမှာဖြစ်တဲ့အတွက် ကျနော်လေ့လာထားတာတွေ၊ ကျနော် ကိုယ်တွေ့ကြုံခဲ့တဲ့ ဝေမျှတဲ့ စကားဝိုင်းလေးတွေ လုပ်ဖို့ပါ။ စက်ဘီးနဲ့ မြန်မာတနိုင်ငံလုံးကို ပတ်ဖို့ စီစဉ် လိုက်တာပါ။ ကျနော်လည်း အိပ်ခ်ျအိုင်ဗွီ တယောက်ပဲ။ အိပ်ခ်ျအိုင်ဗွီ ခံစားနေရပြီး သေဆုံးသူတွေထဲမှာ ဘာမှမလုပ်နိုင်တော့ဘူးဆိုတဲ့ အသိတခုလည်းပါတယ်။ အဲဒါတွေကို တမြို့ကနေတမြို့ကို စက်ဘီးစီးရင် ဒီဟာကို လုပ်လို့ရတယ်၊ အားမငယ်ဖို့၊ စိတ်ဓာတ်မကျဖို့ကို ကျနော်က အပြောတွေထက် လက်တွေ့လုပ်ပြ တာပါ။”

ရောက်ရှိရာဒေသက ပညာပေး ဆွေးနွေးမှုတွေမှာ အဓိကအားဖြင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နည်းနဲ့ မကူးစက်နည်း၊ ဝေဒနာရှင်တွေအနေနဲ့ သက်တမ်းစေ့ နေနိုင်ရေး၊အလုပ်လုပ်နိုင်ခြင်းနဲ့ မလုပ်နိုင်ခြင်း၊ ဆေးရရှိမှုနဲ့ မရရှိမှု အခြေအနေ၊ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ဖြတ်သန်းခြင်း စတဲ့အကြောင်းတွေကို သူရဲ့ အတွေ့အကြုံ၊ ဥပမာတွေ၊ စကားဝိုင်းတွေနဲ့ ဟောပြော ဖလှယ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီ ခရီးစဉ်မှာ ဆေးကုသဖို့ အခက်အခဲ ရှိတဲ့သူတွေအတွက် ဆေးရရှိနိုင်မယ့်နေရာနဲ့ အကူအညီ ပေးနိုင် မယ့် အဖွဲ့အစည်းတွေကိုလည်း မိတ်ဆက် ရည်ညွန်းပေးခဲ့တယ်လို့ မောင်စရကိုက ပြောပါတယ်။

လက်ရှိ သူဝေဒနာအတွက် အေအာရ်ဗွီနဲ့ အားဆေးတွေကိုတော့ အန်အယ်လ်ဒီပါတီက ပြည်သူ့ လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ လူမှုကူညီရေးအဖွဲ့က ပံ့ပိုးပေးနေပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ကတော့ သူစီးနေတဲ့ စက်ဘီးနဲ့ ခရီးစဉ်က ပြည်သူတွေနဲ့ တွေ့ရှိဖို့ အနယ်နယ်အရပ်ရပ်က လူမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးခဲ့တယ်လို့ မောင်စရကိုက ပြောပါတယ်။

ဒီခရီးစဉ်ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ကနေ စတင်ထွက်ခွာခဲ့တာ ဖြစ်ပြီး ပထမဆုံး ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကို ရောက်ခဲ့ကြောင်း၊ အဲဒီကနေ တဆင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ပျဉ်းမနားနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း စတဲ့ဒေသ က နေရာပေါင်း ၄၀ ကျော်ကို ရောက်ရှိခဲ့တာမှာ ပညာပေး ဆွေးနွေးပွဲ လာရောက်သူ ပြည်သူ ၅ ထောင်ကျော်နဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်တယ်လို့ မောင်စရကိုက ပြောပါတယ်။

စက်ဘီးနင်း ခရီးစဉ်ကို ၁ နှစ် လျာထားပြီး ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်နဲ့ ရခိုင်စတဲ့ ပြည်နယ်တွေပါ စုစုပေါင်း ၂၅၈ နေရာအထိ သွားရောက်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List