Friday, January 17, 2014

တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများတွင် ကျောင်းသူ/ကျောင်းသားများ မူးယစ်ဆေးဝါးသုံးစွဲမှုများကို ရဲတပ်ဖွဲ့က စောင့်ကြည့်


ပြည်တွင်းရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများတွင် တက်ရောက်နေသော ကျောင်းသူ၊ ကျောင်းသားများအား မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပညာပေးဟောပြောပွဲများကို ဆက်တိုက် ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးမြင့်သိန်းက ဇန်န၀ါရီ ၁၅ ရက် နံနက်ပိုင်းတွင် ပြောကြားချက်အရ သိရှိရသည်။
ထို့အပြင် အဆိုပါကောလိပ်၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများတွင် မူးယစ်ဆေးဝါးများကို ရောင်းဝယ်သုံးစွဲမှုများ ရှိ၊ မရှိစောင့်ကြည့်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး မူးယစ်အဖွဲ့မှ ရဲမှူးခင်မောင်သိန်းထံမှ သိရသည်။

“အခု အိမ်သုံးဆေးဝါးတွေဖြစ်တဲ့ ဒိုင်ယာဗီတဆင်၊ လိုတက်၊ မူးယစ်စေတဲ့ ဆေးဝါးတွေကို ကျောင်းသားတွေအနေနဲ့ သုံးစွဲနေတာမျိုးတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတယ်။ ဒါကြောင့် ကျောင်းတွေ အသီးသီးမှာ ပညာပေးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်။ ကျောင်းသားတွေအနေနဲ့ မူးယစ်ဆေးသုံးစွဲတာမျိုးတွေ့ရင်တော့ ဥပဒေအရ ဖမ်းဆီးအရေးယူသွားမှာပါ။ တချို့နိုင်ငံခြားဆေးတွေဆိုရင် မူးယစ်ရဲတပ်ဖွဲ့အနေနဲ့ ကန့်သတ်ထားတဲ့ ဆေးတွေရှိပါတယ်”ဟု ရဲမှူးခင်မောင်သိန်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုသို့ ရဲတပ်ဖွဲ့မှ တားမြစ်ထားသည့် မူးယစ်စေသည့်အိမ်သုံးဆေးဝါးများကို ဆေးဝါးကုမ္ပဏီ အချို့မှ ဆေးအမည်ပြောင်းလဲ၍ နယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ တရားမ၀င် တင်သွင်းမှုများရှိနေကြောင်း သိရသည်။ကောလိပ်၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများတွင် မူးယစ်ဆေးဝါးများကို သုံးစွဲနေမှု များအား အဆိုပါကျောင်းများရှိ ကျောင်းစည်းကမ်းထိန်းသိမ်းရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ မူးယစ်ရဲတပ်ဖွဲ့အနေနဲ့ တက္ကသိုလ်တွေ၊ အခြေခံအထက်တန်းကျောင်းတွေမှာ ပညာပေးဟောပြောပွဲတွေကို ဆက်တိုက်တိုးမြှင့် ဆောင်ရွက်ပေးနေတယ်။ အကယ်၍ သုံးစွဲတယ်လို့ စစ်ဆေးတွေ့ရှိရင်တော့ မည်သူမဆို ဥပဒေအရ ဖမ်းဆီးပြီးတော့ အရေးယူသွားမှာပါ”ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးနှင့်အန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုမှ ဌာနမှူးဖြစ်သူရဲမှူးကြီး မြင့်သိန်းက ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List