Tuesday, January 14, 2014

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် အများဆုံး ပါဝင်သော အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီမှ ကော်မတီဝင်အချို့ အခြေခံဥပဒေအား လုံးဝမပြင်ချင် ကြသော်လည်း ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်လိုသည့် အရေအတွက် ပိုမိုများပြားကြောင်း သူရဦးအောင်ကို ပြောကြား



ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ပါဝင်သည့် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ အချို့က ဖွဲ့စည်းပုံ အခြေခံဥပဒေအား လုံးဝမပြင်ချင် လိုသော်လည်း ပြည်ထောင်စု လွှတ်တော်မှ အကောင်းဆုံး ပြင်ဆင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြား စာများ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ဇန်န၀ါရီ ၁၃ ရက်တွင် သတင်းထောက်များအား ပြောကြား ခဲ့သည်။

“လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှာ ပြည်ခိုင်ဖြိုးပါတီက အများဆုံးပါဝင်တယ်။ အချို့က လုံးဝမပြင်ချင်ဘူး။ အချို့က အကန့်အသတ်နဲ့ အဆင့်လိုက် ပြင်ချင်တယ်။ အချို့က လူထုဆန္ဒနဲ့အညီ ကျယ်ကျယ်ပြန့်ပြန့် ပြင်ချင်ကြတယ်လို့ သုံးသပ်ရပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ပြင်ချင်တဲ့ အရေအတွက်က ပိုများမယ်ထင်တယ်” ဟု သူရဦးအောင်ကိုက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီ အနေဖြင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၇ ရက်တွင် စုံညီအစည်းအဝေး ကျင်းပကာ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ ဥပဒေ ပညာရှင်များ၊ နိုင်ငံတကာမှ ပေးပို့လာသည့် အကြံပြုချက်များကို အခြေခံကာ သုံးသပ်ချက် အစီရင်ခံစာအား ဇန်န၀ါရီ ၃၁ ရက် မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည်ဟု သိရသည်။

ဆက်လက်၍ သူရဦးအောင်ကိုက ဖွဲ့ စည်းပုံ အခြေခံဥပဒေပါ သမ္မတလောင်း အရည်အချင်းတွင် စစ်ရေးအမြင် ရှိရမည်ဟု ပြဋ္ဌာန်းထားခြင်းနှင့် ပတ်သက်၍ “သမ္မတလောင်း အရည်အချင်း သတ်မှတ်ချက်မှာ စစ်ရေးအမြင် ရှိရမယ်ဆိုတာ ပြည့်စုံမှုမရှိဘူး။ ကာကွယ်ရေး အမြင်ဆိုရင် ပိုမိုသင့်လျော်နိုင်မယ်လို့ ယူဆပါတယ်။ နိုင်ငံတစ်ခုကို ကာကွယ်တဲ့ နေရာမှာ စစ်ရေးအမြင် သာမကဘဲ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ သံတမန်ရေးရာ အမြင်စတဲ့ နည်းမျိုးစုံနဲ့ ကာကွယ်နိုင်ပါတယ်။ စစ်ရေးအမြင်က နည်းဗျူဟာကို ကိုယ်စားပြုပြီးတော့ ကာကွယ်ရေး အမြင်ကတော့ မဟာဗျူဟာကို ကိုယ်စားပြုတယ်” ဟု သူရဦးအောင်ကိုက ဆိုသည်။

“စစ်ရေးအမြင် တစ်ခုတည်းနဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းအောင်၊ အေးချမ်းအောင် မစွမ်းဆောင် နိုင်ဘူးဆိုတာ ဒီနေ့ဖြစ်စဉ်တွေအရ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ပြည်တွင်းစစ် မြန်မြန်ပြီးဆုံးဖို့ဆိုရင် နိုင်ငံရေးအမြင်နဲ့ စစ်ရေးအမြင်ပေါင်းစပ်စီမံနိုင်တဲ့ ခေါင်းဆောင်ဘယ်နှဦး ပေါ်ပေါက်ခဲ့ပြီလဲ ရှင်းနေပါတယ်” ဟု သူရဦးအောင်ကိုက ဖြည့်စွက် ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ရောက်ရှိခဲ့သည့် ပြည်သူများထံမှ အကြံပြုချက်များအနက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁)ပါ နိုင်ငံတော်၏ အခြေခံမူများကို ပြင်ဆင်ရန် အကြံပြုချက်သည် အများဆုံး ဖြစ်ကြောင်း အဆိုပါ ကော်မတီမှ ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List