Monday, February 10, 2020

Facebook ရဲ့ ဘက်လိုက်နိုင်မှုတွေက ရွေးကောက်ပွဲအတွက် စိုးရိမ်စရာ ဖြစ်နေပြီလား

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးမြို့ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်မဲရုံမှ မဲရုံကြီးကြပ်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းအောင်)
“Facebook ပေါ်မှာရေးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ကြီးကြပ်ရေး စိစစ်ရေးအဖွဲ့တွေ ဖွဲ့သွားဖို့ရှိတယ်။ ရွေးကောက်ပွဲကို ထိခိုက်စေတဲ့ စကားလုံးတွေ၊ ရွေးကောက်ပွဲကို ပျက်ပြားစေအောင် တိုက်ခိုက်တဲ့ စကားလုံးတွေ၊ အမုန်းတရားကို ဖြစ်စေတဲ့ စကားလုံးတွေ ရေးမယ်ဆိုရင် ပယ်ဖျက်သွားဖို့ ရှိပါတယ်။ Facebook ကနေ တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးပြီးပြီ။ သူတို့ကိုယ်တိုင် သိရင်လည်း ပယ်ဖျက်သွားဖို့ ရှိသလို ကျွန်တော်တို့ကနေ တင်ပြသွားရင်လည်း ပယ်ဖျက်ပေးဖို့ ဆွေးနွေးပြီး ဖြစ်ပါတယ်”

ဒီစကားကို ဖေဖော်ဝါရီ ၆ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ကျင်းပတဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့တာပါ။
သူ့စကားထဲမှာ အချက်သုံးချက် ပါဝင်တာ တွေ့ရပါတယ်။ အဲဒီ အချက်သုံးချက်ကတော့ (၁) Facebook ပေါ်မှာ ရေးသားတာတွေနဲ့ ပတ်သက်လို့ ကြီးကြပ်ရေး စိစစ်ရေး အဖွဲ့တွေဖွဲ့မယ်။ (၂) ရွေးကောက်ပွဲကို ထိခိုက်ပျက်ပြားစေတဲ့ စကားလုံးတွေနဲ့ အမုန်းစကားတွေကို ပယ်ဖျက်ဖို့ Facebook တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီးသွားပြီ။ (၃) ဒီလိုပယ်ဖျက်ရာမှာ Facebook က သူတို့ကိုယ်တိုင်သိရင် သိသလို ပယ်ဖျက်သွားမှာ ဖြစ်သလို ကော်မရှင်က တင်ပြတဲ့ ဟာတွေကိုလည်း ပယ်ဖျက်ပေးဖို့ ဆွေးနွေးပြီးသွားပြီ ဆိုတာတွေပဲ ဖြစ်ပါတယ်။
ဒီအချက်သုံးချက်ထဲမှာ စိတ်ဝင်စားဖို့ကောင်းတာက နောက်ဆုံးအချက် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲကို ထိခိုက်ပျက်ပြားစေတဲ့ စကားလုံးတွေနဲ့ အမုန်းစကားတွေကို Facebook က သူကိုယ်တိုင် ပယ်ဖျက်သွားမှာ ဖြစ်သလို ကော်မရှင်ကနေ တင်ပြလာတာတွေကိုလည်း ပယ်ဖျက်ပေးဖို့ ကော်မရှင်နဲ့ Facebook ကြားမှာ ဆွေးနွေးသဘောတူပြီးတဲ့ အဆင့်ကို ရောက်ရှိနေတာကြောင့် ဖြစ်ပါတယ်။
ဒီနေရာမှာ မေးစရာရှိလာတာက ကော်မရှင်နဲ့ Facebook ကြားက ဆွေးနွေးသဘောတူခဲ့တဲ့ အချက်တွေက ဘာတွေလဲ။ နောက်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ထိခိုက်ပျက်ပြားစေတဲ့ စကားလုံးတွေအဖြစ် Facebook က ဘယ်လိုစကားလုံးတွေကို သတ်မှတ်ထားလဲ။ အမုန်းစကားနဲ့ ပတ်သက်ရင်လည်း ဘယ်လိုသတ်မှတ် ထားတာရှိလဲ စတာတွေက ၀ိ၀ါဒ ကွဲပြားစရာတွေ ဖြစ်လာပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီမေးခွန်းတွေကို Facebook အနေနဲ့ တရားဝင် သေချာရှင်းလင်း ချပြခြင်း မရှိဘဲ ရွေးကောက်ပွဲ မရောက်ခင် ကာလမှာ ငါ့မြင်းငါ့စိုင်း စစ်ကိုင်းရောက်ရောက် လုပ်မယ်ဆိုရင်တော့ Facebook ရဲ့ သမာသမတ်ကျမှုအပေါ် အားလုံးက မေးခွန်းထုတ်ကြပါလိမ့်မယ်။
Facebook က ဘာတွေ ပြင်ဆင်ထားလဲ
“အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲတုန်းကလို ကိစ္စမျိုးတွေကို သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်မြောက်လာစေရေး ဆက်လုပ်သွားမှာပါ” လို့ Facebook မဟာဗျုဟာမြောက် တုံ့ပြန်ဖြေရှင်းရေးအဖွဲ့ အရှေ့တောင်အာရှရေးရာ ဒေသတွင်း Program Manager ဖြစ်သူ Sarah Oh က ပြောပါတယ်။
ရန်ကုန်မြို့ ပြည်လမ်းပေါ်က နိုဗိုတယ်ဟိုတယ်မှာ ၂၀၁၉ ခုနှစ် သြဂုတ် ၅ ရက်က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ Facebook က ဘာတွေလုပ်နေလဲ ဆိုတာကို မီဒီယာတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ သူက ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံက ၂၀၂၀ မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် Facebook အနေနဲ့  ၂၀၁၉ ကတည်းက ပြင်ဆင်နေပြီ ဖြစ်တယ်လို့ တွေ့ဆုံပွဲမှာ ပြောကြားပါတယ်။ ဒီလို ပြင်ဆင်ရာမှာ မြန်မာဘာသာစကားနဲ့ ရေးသားထားတဲ့ အကြောင်းအရာတိုင်းကို စစ်ဆေးပေးနိုင်တဲ့ မြန်မာဝန်ထမ်း အယောက် ၁၀၀ ကျော် ခန့်အပ်ထားတယ်လို့ အရှေ့တောင်အာရှဒေသ၊ အများပြည်သူဆိုင်ရာ မူဝါဒ ချမှတ်ရေးအဖွဲ့ ဒါရိုက်တာ Rafael Frankel က ဆိုပါတယ်။
မြန်မာဝန်ထမ်းတွေအနေနဲ့ Facebook ရဲ့ လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းများ (Community Standards) တွေကို ကြေညက်နေပြီး မြန်မာဘာသာစကားနဲ့ တင်သမျှတွေကို ဒီစံနှုန်းတွေနဲ့ ညီ မညီ စစ်ဆေးနေနိုင်ပြီလို့လည်း သူကပြောပါတယ်။
ဒါ့အပြင် အခြားအဖွဲ့ (Third Party)  တွေနဲ့ သတင်းတုတွေ၊ သတင်းမှားတွေကို အတည်ပြုတာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။ သတင်းမှန်၊ သတင်းမှားနဲ့ ပတ်သက်လို့ ဆုံးဖြတ်ရာမှာ အားလုံးကို Facebook စံနှုန်း (Community Standards) ကို ချိုးဖောက်ခြင်း၊ မချိုးဖောက်ခြင်းပေါ်မှာပဲ မူတည်ပြီး ဆုံးဖြတ်သွားမယ်လို့  ဒါရိုက်တာ Rafael Frankel က ဆိုပါတယ်။
ဝေဖန်ခံနေရတဲ့ Facebook စံနှုန်း
Facebooရဲ့ စံနှုန်း (Community Standards) တွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ဝေဖန်မှုတွေက မြင့်တက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ လူမှုကွန်ရက် သုံးစွဲသူတွေတင်တဲ့ ပို့စ်တွေကို Facebook က ဘယ်လိုစံနှုန်း (Community Standards) တွေနဲ့ ဖြုတ်ချတာ၊ အကောင့်ယာယီပိတ်တာ၊ အကောင့်တွေကို ပိတ်ပစ်လိုက်တာတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ များပြားလာတာ ဖြစ်ပါတယ်။
ဒီလို Facebook ပိတ်လိုက်တဲ့ ပို့စ်တွေထဲမှာ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပို့စ်တွေလည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းရဲ့ Facebook အကောင့်ကို ပို့စ်တင်တာနဲ့ မျှဝေမှုအပေါ် Facebook က ယာယီပိတ်လိုက်ပါတယ်။ ဒီလိုပိတ်လိုက် ပေမဲ့လည်း သူရေးတဲ့ ပို့စ်တွေဟာ Facebook ရဲ့ Community Standards တွေနဲ့ ဘယ်လိုငြိသလဲ ဆိုတာတောင် မသိဘူးလို့ ဒေါက်တာရန်မျိုးသိမ်းက ဆိုပါတယ်။
“Facebook ကနေ ဒီနေ့ နေ့လယ် ၂ နာရီ ၅၁ မိနစ်မှာ ကျွန်တော့်ကို အရေးယူမှု ထပ်မံလုပ်ခဲ့ပါတယ်။ ကျွန်တော် စီမံခန့်ခွဲတာ မလုပ်တဲ့ Facebook အုပ်စုတွေကို မျှဝေတာ၊ ပို့စ်တင်တာတွေ လုပ်တာကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက် ကြာသပတေးနေ့ နေ့လယ် ၂ နာရီ ၅၁ မိနစ်အထိ ယာယီပိတ်လိုက်တာပဲ ဖြစ်ပါတယ်။ ကျွန်တော့်ပို့စ်တွေဟာ Facebook ရဲ့ Community Standards နဲ့ ဘယ်လိုဆက်စပ်၊ ဆက်နွှယ်၊ ဖောက်ဖျက်သလဲဆိုတာ ကျွန်တော်လည်း နားမလည်နိုင် ဖြစ်ရပါတယ်။ ကျွန်တော့်ရဲဘော် မိတ်ဆွေ သူငယ်ချင်းတွေလည်း သိနိုင်၊ စဉ်းစားနိုင်၊ သုံးသပ်နိုင်ဖို့ ပို့စ်တင်လိုက်ရပါတယ်” လို့ ဒေါက်တာရန်မျိုးသိမ်းက သူရဲ့လူမှုကွန်ရက်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က ရေးသားထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး Facebook အနေနဲ့ လူမှုကွန်ရက် အသုံးပြုသူတွေကို ပွင့်လင်းမြင်သာစွာ ဆက်ဆံနိုင်ဖို့ လိုတယ်လို့ ဒေါက်တာရန်မျိုးသိမ်းက သူ့အမြင်ကို ပြောပါတယ်။
“ကျွန်တော့်ရဲ့ ဖုန်းကနေ ကျွန်တော့်ရဲ့ ပို့စ်တစ်ခုကို အခြား Group တစ်ခုကို Share မယ်ဆိုရင် ကျွန်တော့်မှာ ဒီနေ့အထိ ကန့်သတ်ခံထားရတယ်။ ကျွန်တော့်ရဲ့ ပို့စ်တစ်ခုကို ကျွန်တော် Share ချင်သလောက် Group ကို Share လို့ မရဘူး။ ကွန်ပျူတာကနေ Share ရင်တော့ Share လို့ရတယ်။ ဒါပေမဲ့ ဖုန်းအက်ပလီကေးရှင်းကနေ Share မယ်ဆိုရင် ၁၀ ခုအထိပဲ Share လို့ရတယ်။ ဒီလို ကျွန်တော့်ကို ကန့်သတ်ထားတာနဲ့ ပတ်သက်ပြီး Facebook က ကျွန်တော့်ကို ဘာမှအကြောင်းကြားခြင်း မရှိဘူး။ အမှန်တကယ် ဆိုရင်တော့ Facebook ကိုယ်တိုင်ကလည်း User တွေကြားထဲမှာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဆက်ဆံနိုင်ဖို့ လိုအပ်တယ်” လို့ သူက ဆိုပါတယ်။
ဒေါက်တာရန်မျိုးသိမ်းလိုမျိုး နောက်ထပ် အကောင့်ပိတ်ခံရသူကတော့ လူမှုကွန်ရက်စာမျက်နှာ သုံးစွဲသူ ဦးအောင်ဖြိုးပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ တခြားသူရေးတဲ့ ပို့စ်တစ်ခုမှာ ဓာတ်ပုံကွန်မန့် သွားမန့်ရာက သူ့အကောင့်ကို Facebook က ယာယီပိတ်လိုက်တာပါ။
“Facebook Community Standards ကို လိုက်နာပါလျက်နဲ့ (၁) အုပ်စုဖွဲ့ Report ရေးလို့၊ (၂) မြန်မာစာကို သေချာမသိ။ ဘာသာပြန်မှားလို့၊ (၃) ဒေသခံ တာဝန်ယူထားတဲ့ Team ရဲ့ အဂတိကြောင့် User တစ်ယောက်ရဲ့ လွတ်လပ်တဲ့ ထင်မြင်ယူဆချက်ကို ပယ်ဖျက်မယ် ဆိုရင်တော့ သူ့ခေါင်းကိုင်ဖခင် Mark Zuckerberg ရဲ့ တန်ဖိုးတွေနဲ့ အဟပ်ကွာသွားပြီလို့ ပြောရမှာပဲ” လို့ ဦးအောင်ဖြိုးက ပြောပါတယ်။
ဒါတင်မကသေးပါဘူး။ Facebook အနေနဲ့ လိုင်းပေါ်မှာ မရှိသင့် မရှိအပ်တဲ့ ပို့စ်တွေကိုတော့ လိုက်လံ ပိတ်သိမ်းခြင်း မရှိဘဲ ဒီအတိုင်း လွှတ်ပေးထားတဲ့ အပေါ်မှာလည်း ဝေဖန်မှုတွေက မြင့်တက်နေပါတယ်။ ဒါကြောင့်လည်း Facebook ရဲ့ ဆင်ဆာပေါ်လစီနဲ့ ပတ်သက်လို့ မေးခွန်းထုတ်သူတွေလည်း အများအပြား ရှိလာပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်ကတော့ Facebook ရဲ့ ဆင်ဆာပေါ်လစီက ဘာလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။
“တခြားဖော်ပြချက်တွေကိုကျတော့ အသေအချာနဲ့ အပြင်းအထန် တည်းဖြတ်ပိတ်ပင်တယ်။ ဥပမာ ဘင်္ဂါလီဆိုတဲ့ စကားလုံး၊ NLD အပေါ်ဝေဖန်တာ၊ ခေါင်းဆောင်တွေကိုပြောတာ၊ ဘာသာရေးတွေကို ဝေဖန်တာ၊ မြန်မာနိုင်ငံကို ဝေဖန်တာ စသည်ဖြင့် ပိတ်ပင်တယ်။ ဒါတင်မကဘူး။ တချို့သတင်းအချက်အဖြစ် ဖော်ပြတဲ့ ဗီဒီယိုဖိုင်လိုဟာကို ဆင်ဆာလုပ်တယ်။ ဆိုတော့ Facebook ရဲ့ ဆင်ဆာပေါ်လစီက ဘာလဲ” လို့ ဦးဇော်မိုးကျော်က ဆိုပါတယ်။
အမုန်းစကားနဲ့ ပတ်သက်လို့ Facebook ဘက်လိုက်ခဲ့သလား
Facebook ရဲ့ အမုန်းစကားထိန်းချုပ်ရေး အစီအစဉ်အောက်မှာ ထင်ရှားတဲ့ လုပ်ဆောင်ချက်အဖြစ် ‘ကုလား’ ဆိုတဲ့ ဝေါဟာရကို လုံးဝ သုံးစွဲခွင့် မပြုတော့ပါဘူး။ ဒီဝေါဟာရကို သုံးစွဲပါက အကောင့်ပိတ်ခြင်း၊ သတိပေးခြင်းတွေကို Facebook က ပြုလုပ်လာပါတယ်။
ဒါ့အပြင် အမျိုးသားရေးဝါဒီ ဆရာတော်တချို့ရဲ့ အကောင့်ကို အပြီးတိုင် ပိတ်သိမ်းတာတွေရှိသလို ခဏတာ ပိတ်သိမ်းပြီး ပြန်ဖွင့်ပေးခဲ့တာတွေလည်း ရှိပါတယ်။ မွတ်စလင်တွေကို ဆဲဆိုတဲ့ အကောင့်တွေကိုလည်း ဖျက်သိမ်းမှုတွေကို Facebook က အများအပြား ပြုလုပ်ခဲ့ပါတယ်။
ဒီထက်ပိုဆိုးတာကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးနဲ့ မြဝတီတို့ရဲ့ သတင်းပြန်ကြားရေး စာမျက်နှာတွေ အပါအဝင် ပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အဖွဲ့အစည်း စုစုပေါင်း ၂၀ ရဲ့ အကောင့်တွေကို Facebook ပေါ်ကနေ ဖယ်ရှားလိုက်တယ်လို့ Facebook က ၂၀၁၈ ခုနှစ် သြဂုတ်မှာ ထုတ်ဖော်ကြေညာ လိုက်ပါတယ်။
Facebook ရဲ့ ထုတ်ပြန်ချက်မှာ အဲဒီစာမျက်နှာတွေနဲ့ အကောင့်တွေဟာ Facebook ရဲ့ Community Standards နဲ့ မကိုက်ညီတာကြောင့် ဖျက်သိမ်းလိုက်တာလို့ ဖော်ပြထားပါတယ်။
တပ်မတော်နဲ့ ဆက်နွှယ်ပြီး အစစ်အမှန် မဟုတ်တဲ့ အကောင့် ၁၀ ခုနဲ့ စာမျက်နှာ ၁၃ ခုကို Facebook ကနေ အပြီးတိုင် ဖယ်ရှားလိုက်ပြီလို့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ Facebook က တရားဝင် သတင်းထုတ်ပြန် လိုက်ပါတယ်။ ဒါဟာ တစ်လကျော်အတွင်း တပ်မတော်နဲ့ ဆက်စပ်တဲ့ Facebook အကောင့်တွေ ဒုတိယမြောက် ပိတ်သိမ်းခံရတာ ဖြစ်ပါတယ်။
Facebook အနေနဲ့ အမျိုးသားဝါဒီ ဆရာတော်တွေရဲ့ အကောင့်တွေအပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အကောင့်နဲ့ တခြားဆက်စပ် အကောင့်တွေကို ပိတ်သိမ်းမှု လုပ်ဆောင်ရာမှာ မြန်ဆန်ပေမဲ့ ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာဝင်တွေကို စော်ကားရေးသားနေတဲ့ အကောင့်တွေကို ပိတ်သိမ်းနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
Facebook ရဲ့ ဒီလိုလုပ်ဆောင်ချက်တွေက မျှတမှုမရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း(သီပေါ)က ပြောကြားပါတယ်။
“သမာသမတ်ကျမှု မရှိဘူးလို့ မြင်ပါတယ်။ သူတို့ကတော့ အခုဟာက မြန်မာနိုင်ငံမှာ အဓိက မွတ်စလင် ဘာသာကို ၀ိုင်းပြီးတော့ ဖိနှိပ်နေကြတယ်လို့ ဆိုတဲ့ဘက်က ရပ်တည်ပြီးတော့ အဲဒီဘက်က ကြည့်မယ့်သူတွေကိုပဲ စာနာတဲ့သူတွေကိုပဲ Community Standards နဲ့ ညီ မညီကို ဆုံးဖြတ်တဲ့နေရာမှာ ခန့်ထားတယ်လို့ ထင်တယ်။ သိပ်ပြီးတော့ မျှတမှု မရှိဘူးလို့ ကျွန်တော်ထင်တယ်” လို့ ဦးရဲထွန်း(သီပေါ) က ဆိုပါတယ်။
ဒါ့အပြင် ဆဲဆိုခြင်းနဲ့ ပတ်သက်လို့လည်း အကောင့်တွေကို ပိတ်သိမ်းရာမှာ Facebook ရဲ့ ဘက်လိုက်မှုတွေကို တွေ့ရတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဥပမာ အာဏာရပါတီဖြစ်တဲ့ NLD ပါတီကို ဆဲဆိုရေးသားတဲ့ ပို့စ်တွေနဲ့ ပတ်သက်လို့ Facebook ရဲ့ လုပ်ဆောင်မှုက မြန်ဆန်မှုရှိပေမဲ့ တခြားပါတီတွေကို ဆဲဆိုရေးသားမှုတွေနဲ့ ပတ်သက်ရင်တော့ Facebook က တစ်စုံတစ်ရာ လုပ်ဆောင်ခြင်း မရှိဘူးလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဝေဖန်ပြောကြားပါတယ်။
“အမုန်းစကားဆိုတဲ့ဟာကို စသုံးသပ်ပြမယ်။ အမုန်းစကားဆိုတဲ့ဟာမှာ ပြည်ခိုင်ဖြိုးပါတီကို ဆဲဆိုနေတဲ့ ဟာမျိုးကို အမုန်းစကားလို့ သူတို့သတ်မှတ်မထားဘူး။ အနိုင်ရပါတီကို ဆဲကြည့်။ အစိုးရကနေ ဒီပို့စ်ကို ရီပို့လုပ်သင့်ပါတယ်ဆိုရင် အဲဒီပို့စ်တွေ မကြာခင်အချိန်မှာ ပြုတ်ကျသွားတာတွေ ရှိတာပဲ။ Community Standards နဲ့ မညီဘူး ဆိုတာတွေ လုပ်တာပဲ။ အခုဟာ ဘယ်လိုဖြစ်လဲဆိုတော့ အနိုင်ရပါတီဘက်ကနေ ရပ်တည်ပြီးတော့ ဆောင်ရွက်နေတဲ့ အနေအထားကို တွေ့ရတယ်” လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။
ဒေါက်တာသက်သက်ခိုင် ဥပမာ
အထင်ရှားဆုံး ဥပမာတစ်ခု အနေနဲ့ NLD ပါတီကနေ နုတ်ထွက်ထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်ရဲ့ အင်တာဗျူး ဗီဒီယိုဖိုင်ကို Facebook က ဖြုတ်ချခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁ ရက်က People Media အနေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်နဲ့ အင်တာဗျူး ဗီဒီယိုဖိုင်ကို ဖော်ပြခဲ့ပြီး နိုဝင်ဘာ ၂ ရက်မှာတော့ စံနှုန်းတွေကို ချိုးဖောက်တယ်လို့ဆိုပြီး Facebook က အဲဒီဗီဒီယိုဖိုင်ကို ဖယ်ရှားခဲ့ပါတယ်။
NLD ပါတီကနေ နုတ်ထွက်ခဲ့တဲ့ ဒေါက်တာသက်သက်ခိုင်နဲ့ People Media ရဲ့ အင်တာဗျူးက ကိုးမိနစ်ကျော် ကြာမြင့်ပြီး “NLD ပါတီမှာ မှန်ခြင်း မှားခြင်းနဲ့ သွားနေခြင်း မဟုတ်ဘဲ ကြိုက်ခြင်း မကြိုက်ခြင်းနဲ့ သွားနေကြောင်း ဒေါက်တာသက်သက်ခိုင် ပြောကြား” ဆိုတဲ့ ခေါင်းစဉ်ပေးထားတာ ဖြစ်ပါတယ်။
အင်တာဗျူးထဲမှာ ဒေါက်တာသက်သက်ခိုင်က သူတွေ့ကြုံခဲ့ရတဲ့ NLD ပါတီအတွင်းက ကိစ္စတချို့ကို ပြောကြားထားတာဖြစ်ပြီး လက်ရှိအစိုးရရဲ့ စီးပွားရေးအမြင်က အားနည်းမှုတွေ ရှိတယ်လို့လည်း ဖြေကြားထားတာတွေ ပါဝင်ပါတယ်။
ဒီလို အကြောင်းအရာတွေသာပါတဲ့ အင်တာဗျူး ဗီဒီယိုဖိုင်ကို Facebook က သူ့ရဲ့စံနှုန်းတွေကို ချိုးဖောက်တယ်ဆိုပြီး ဖြုတ်ချခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ The Daily Eleven သတင်းစာက Facebook ကို ဆက်သွယ်မေးမြန်းရာမှာတော့ Community Standards အရ မဟုတ်ဘဲ ဉာဏမူပိုင်ခွင့်ဆိုင်ရာ ပေါ်လစီအရ ဖြစ်တယ်လို့ ပြန်လည် ဖြေကြားပါတယ်။
ဒါပေမဲ့ ဗီဒီယိုဖိုင် အကြောင်းအရာတွေက Facebook ရဲ့ ဉာဏမူပိုင်ခွင့်ကို ချိုးဖောက်ခြင်း မရှိဘူးလို့ စိစစ်တွေ့ရှိရတဲ့အတွက် အဲဒီဗီဒီယိုဖိုင်ကို ပြန်တင်ပေးခဲ့ပြီး ဖြစ်တယ်လို့ ဖြေကြားပါတယ်။ People Media ကလည်း နိုဝင်ဘာ ၃ ရက် ညနေပိုင်းမှာ Facebook က ဗီဒီယိုဖိုင်ကို ပြန်လည်ခွင့်ပြုခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် Facebook ရဲ့ ဆင်ဆာပေါ်လစီက မေးခွန်းထုတ်စရာတွေ အများအပြား ရှိလာပါတယ်။
 အစိုးရ စောင့်ကြည့်ခြင်း
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက Facebook နဲ့ တခြားဆိုရှယ်မီဒီယာတွေကို ဥပဒေနဲ့အညီ စောင့်ကြည့်ထိန်းကျောင်းမှု ပြုလုပ်နိုင်ရေးအတွက် Social Media Monitoring Team ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က ဖွဲ့စည်းပေးခဲ့ပါတယ်။
Facebook လို လူမှုကွန်ရက်တွေသုံးပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်မှုတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့ လူမှုကွန်ရက် စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ (Social Media Monitoring Team) ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က နိုင်ငံတော်သမ္မတရုံးကနေ ဖွဲ့စည်းခဲ့တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြောပါတယ်။
ဒီအဖွဲ့ လုပ်ငန်းတွေဆောင်ရွက်ဖို့ Hardware နဲ့ Software အပါအဝင် လိုအပ်တာတွေအတွက် ကုန်ကျစရိတ် စုစုပေါင်း ကျပ် ၆၄၂၆ သန်း သုံးတယ်လို့လည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက လွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းရဲ့ “နိုင်ငံတော်သမ္မတရုံး၏ အထူးရန်ပုံငွေမှ ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအတွက် ငွေကျပ်သန်းပေါင်း ၆၄၂၆ သန်း သုံးစွဲခြင်းသည် မည်သူများက မည်သည့် ဥပဒေအရ မည်သည့်အတိုင်းအတာအထိ မည်သို့သော အကြောင်းအရာများ စောင့်ကြည့်၍ မည်သို့အပြစ်ပေး အရေးယူမည်ဖြစ်ပြီး ထိုလုပ်ငန်းစဉ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေများနှင့် ညီညွတ်မှု ရှိ မရှိနှင့် နိုင်ငံတော် သမ္မတရုံး၏ အထူးရန်ပုံငွေ သုံးစွဲမှု မူဝါဒနှင့် ကိုက်ညီခြင်း ရှိ မရှိ သိလိုခြင်း” မေးခွန်းနဲ့ ပတ်သက်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောကြား ခဲ့တာပါ။ 
Social Media Monitoring Team အနေနဲ့ လူမှုကွန်ရက်တွေ ကနေတစ်ဆင့် လူငယ်လူရွယ်တွေ အကျင့်စာရိတ္တ ပျက်ပြားစေမယ့်ကိစ္စ၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေမယ့်ကိစ္စ၊ နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိပါးစေမယ့် ပြုမူဆောင်ရွက်ချက်တွေကို စောင့်ကြည့်ဖော်ထုတ်ပြီး ပြည်သူလူထုကို ပညာပေးခြင်း၊ သတိပေး နှိုးဆော်ခြင်းနဲ့ ဆိုရှယ်မီဒီယာ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းညှိနှိုင်းခြင်း စတာတွေကို ဆောင်ရွက်လျက်ရှိတယ်လို့ ဒုတိယဝန်ကြီးက ဆိုပါတယ်။
Facebook လို လူမှုကွန်ရက်မှာ လူငယ်တွေ မကြည့်သင့်တာတွေ၊ တစ်ယောက်နဲ့ တစ်ယောက် အမုန်းပွားစေနိုင်တာတွေကို ရေးကြ၊ တင်မိကြတာကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို လူအတော်များများက မသိကြတဲ့အတွက် Facebook နဲ့ ပူးပေါင်းပြီး အသိပညာပေးရေးတွေကို ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သူကပြောပါတယ်။ လူမှုကွန်ရက် စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ (Social Media Monitoring Team) ကို ဖွဲ့စည်းပြီး မကြာခင် ၂၀၁၈ ခုနှစ် ဇွန် ၆ ရက်က ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ Facebook ဒုတိယဥက္ကဋ္ဌ ဆိုင်မွန်မီနာ ဦးဆောင်တဲ့အဖွဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီလိုတွေ့ဆုံဆွေးနွေးပြီး မကြာခင်မှာပဲ Facebook မှာ Blue Mark ရရှိထားတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေရဲ့ အကောင့်အပါအဝင် အစိုးရကို ဝေဖန်တိုက်ခိုက်တဲ့ အကောင့်တချို့ ပိတ်သိမ်းခံလိုက်ရပါတယ်။ ဦးလှဆွေ အပါအဝင် မြန်မာနိုင်ငံက Facebook အကောင့်တချို့ ပိတ်သိမ်းခံရမှုနဲ့ ပတ်သက်လို့ ပြန်ကြား ရေးဝန်ကြီးဌာနရဲ့ ပြောဆိုတိုက်တွန်းမှုကြောင့်လားဆိုပြီး လူမှုကွန်ရက် စာမျက်နှာမှာ ထင်မြင်ယူဆချက်အမျိုးမျိုး ရေးသားမှုတွေလည်း ရှိခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဦးလှဆွေ အပါအဝင် မြန်မာနိုင်ငံက Facebook Account တချို့ ပိတ်သိမ်းခံရမှုမှာ  ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ပြောဆိုတိုက်တွန်းမှုကြောင့် မဟုတ်ဘူးလို့ ဖြေရှင်းချက်ကို ပြန်ကြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့က ၂၀၁၈ ခုနှစ် ဇွန် ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဇွန် ၈ ရက်မှာပဲ ရန်ကုန်မြို့ Sedona ဟိုတယ်မှာ Facebook က တာဝန်ရှိသူတွေနဲ့ ပြည်တွင်းမီဒီယာတွေ တွေ့ဆုံခဲ့ကြပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရကို ဝေဖန်တိုက်ခိုက်တဲ့ အကောင့်တချို့ကို ပိတ်သိမ်းမှုတွေ ရှိခဲ့ပေမဲ့ Facebook အနေနဲ့ အကောင့်တွေအပေါ် ခွဲခြားမှုမရှိဘဲ တစ်ကမ္ဘာလုံးကို စံနှုန်းတစ်ပြေးညီ ကိုင်တွယ်ဖယ်ရှားနေခြင်း ဖြစ်တယ်လို့ Facebook တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
“သတ်မှတ်ထားတဲ့ စံနှုန်းတွေက မြန်မာအပါအဝင် တစ်ကမ္ဘာလုံးမှာ အတူတူပြဲ ဖစ်ပါတယ်။ ညီတူညီမျှ ဆက်ဆံတာ၊ တန်းတူညီမျှ ပြောဆိုခွင့် ရှိတာတွေကို Facebook အနေနဲ့ အလေးထား အာရုံစိုက်ပါတယ်။ ဒီနိုင်ငံမှာ Facebook သုံးစွဲသူပေါင်း ၁၈ သန်းရှိနေပါတယ်။ သုံးစွဲသူ ဘယ်သူမဆို ပို့လိုက်သမျှ Report လုပ်လိုက်တဲ့ အကြောင်းအရာတိုင်းကို ကြည့်ရှုစိစစ်ပြီးတော့ စံနှုန်းတွေကို ချိုးဖောက်ထားတယ်ဆိုရင် ဖယ်ရှားပေးနေတာ ဖြစ်ပါတယ်” လို့ Facebook ရဲ့ Public Policy Director ဖြစ်သူ Mia Garlick က ပြောပါတယ်။
အဲဒီပွဲမှာ အစိုးရပိုင်းနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းအရာတွေကို Facebook က အသေးစိတ် ဖြေကြားခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ အမုန်းစကား နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်နဲ့ ဖြန့်ဝေနေတယ် ဆိုတာကို အလေးထား ကိုင်တွယ်သွားမယ်လို့ Facebook က ဆိုပါတယ်။
သမာသမတ်ရှိဖို့ လိုပါတယ်
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပဖို့က လပိုင်းပဲ လိုပါတော့တယ်။ လက်ရှိအခြေအနေအရ လာမယ့် ရွေးကောက်ပွဲမှာ Facebook အခန်းကဏ္ဍက အဓိကနေရာကနေ ပါဝင်နေဦးမှာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ရွေးကောက်ပွဲ နီးကပ်လာချိန် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သတင်းတု၊ သတင်းမှားတွေကို ဖယ်ရှားဖို့ Facebook Team ကို အကြောင်းကြားသွားမယ်လို့ ကော်မရှင်က ပြောကြားထားပါတယ်။
“စောင့်ကြည့်ပြီးတော့မှ သတင်းတုတွေ ဖြစ်နေတယ်။ သတင်းအမှားတွေ ဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့ ဖယ်ဖို့ရာအတွက် Facebook Team ကို ကျွန်တော်တို့ အကြောင်းကြားပါမယ်” လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက ဆိုပါတယ်။
နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်တဲ့  သတင်းစာ ရှင်းလင်းပွဲမှာ သူကပြောကြားခဲ့တာပါ။
ဒါ့အပြင် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကလည်း ရွေးကောက်ပွဲကို ထိခိုက်ပျက်ပြားစေတဲ့ စကားလုံးတွေနဲ့ အမုန်းစကားတွေကို Facebook ကိုယ်တိုင်က ပယ်ဖျက်သွားမှာ ဖြစ်သလို ကော်မရှင်ကနေ တင်ပြလာတာ တွေကိုလည်း ပယ်ဖျက်ပေးဖို့ ကော်မရှင်နဲ့ Facebook ကြားမှာ ဆွေးနွေးသဘောတူပြီးတဲ့ အဆင့်ကို ရောက်ရှိနေပြီလို့ ပြောကြားထား ပြီး ဖြစ်ပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုတာ Facebook ရဲ့ လက်ထဲမှာ အပြည့်အဝ မဟုတ်ရင်တောင် အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်နေတာကို တွေ့ရပါတယ်။
ဘာကြောင့်လဲဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ Facebook ကို အသုံးပြုပြီး မသမာမှုလုပ်ဖို့ အခွင့်အရေးများနိုင်တဲ့ အခြေအနေတွေ ရှိလာနိုင်လို့ပါပဲ။ သတင်းမီဒီယာ Page တွေကို စာပေစိစစ်ရေးပုံစံ စိစစ်ခြင်းတွေ လုပ်လာတာကို ကြုံတွေ့နိုင်သလို ပျံ့နှံ့မှုနှုန်းတွေ ချပစ်တာကိုလည်း တွေ့ကြုံရနိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။
နောက်ပြီး ရှေ့မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေအရ Facebook ရဲ့ ဘောင်ကျယ်လှတဲ့စံနှုန်းများ  (Community Standards) နဲ့ မတူကွဲပြားတဲ့ အမြင်တွေကို ပိတ်ပင်တာတွေ၊ ဒီမိုကရေစီ အခွင့်အရေးတွေကို ချိုးနှိမ်လာတာတွေလည်း ကြုံတွေ့ရနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒီနေရာမှာ အတိုက်အခံပါတီတွေ၊ အစိုးရနဲ့ သဘောထား ကွဲလွဲသူတွေကို အဓိကဖိနှိပ်တဲ့ ကိရိယာတစ်ခုအဖြစ် Facebook ကို အသုံးမချဘူးလို့ ဘယ်သူကမှ အာမမခံထားတဲ့အတွက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက စိုးရိမ်မှုတွေ ရှိနေပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကတော့ ပါတီတွေ ကြားမှာလည်း မမျှတတဲ့ အနေအထားတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
Facebook အနေနဲ့ သူ့ရဲ့ Community Standards အတိုင်း ဆုံးဖြတ်ဖော်ဆောင်နိုင်ပြီး အာဏာရ အဖွဲ့အစည်းဘက်ကို မျက်နှာသာပေးတာမျိုး မဖြစ်ဖို့ လိုတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဆိုပါတယ်။တစ်ချိန်တည်းမှာပဲ Facebook က သတင်းတု၊ သတင်းမှားတွေကို ပိတ်ပင်ဖို့ မဖြစ်မနေ လိုအပ်ပေမဲ့ ဒီလိုပိတ်ပင်မှုတွေက နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေကို ထိခိုက်တာမျိုး မဖြစ်ဖို့ လိုတယ်လို့ သူကဆက်ပြောပါတယ်။
“တကယ်တမ်း ပြောရင်တော့ Facebook က သူ့ရဲ့ Community Standards ကို လွတ်လွတ်လပ်လပ်နဲ့ ဆုံးဖြတ်ပြီးတော့ ဖော်ဆောင်နိုင်ဖို့လိုတယ်။ Community Standards နဲ့အညီ။ Facebook ရဲ့ ဆုံးဖြတ်ချက်က အာဏာရတဲ့ အဖွဲ့အစည်းဘက်ကို မျက်နှာသာပေးတာမျိုး မဖြစ်ဖို့လိုတယ်။ မမှန်ကန်တဲ့ သတင်းတွေ၊ လုပ်ကြံလီဆယ်တဲ့ သတင်းတွေ၊ မဟုတ်တဲ့ သတင်းတွေ၊ နောက် အမုန်းစကားတွေ ဒါမျိုးတွေကို Facebook က ပိတ်ပင်ဖို့လည်း မဖြစ်မနေ လိုအပ်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ Facebook ရဲ့ ပိတ်ပင်မှုတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုရေးသားပိုင်ခွင့်ကို ထိခိုက်တာမျိုး မဖြစ်ဖို့တော့ လိုအပ်တယ်” လို့ ဒေါက်တာရန်မျိုးသိမ်းက မှတ်ချက်ပြုပါတယ်။Facebook အနေနဲ့ အမုန်းစကား ပိတ်ပင်တုန်းကလိုပဲ မမျှတမှုတွေ၊ မညီမျှမှုတွေနဲ့ ဘက်လိုက်မှုတွေ ရှိခဲ့မယ်ဆိုရင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲဟာ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ နောက်တစ်ခုက Facebook ကို အသုံးချပြီး Freedom of Press ဖိနှိပ်မယ်ဆိုရင် ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့် ဆုံးရှုံးသွားမှာ ဖြစ်တဲ့အတွက် ဒါကိုလည်း အလေးထားဖို့ လိုပါလိမ့်မယ်။ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ဆိုရင် ပွင့်လင်းမြင်သာမှုနဲ့ သမာသမတ်ကျမှုကသာ အဓိက သော့ချက်တွေဖြစ်ပြီး ဒီနှစ်ခုအပေါ်မှာ Facebook အနေနဲ့ ဘယ်လောက်အထိ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးနိုင်မလဲ ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ဖို့သာ ရှိပါတယ်။“Facebook အပေါ်မှာလည်း သမာသမတ်ရှိတယ် ဆိုတာကို လူထုက ယုံကြည်မှုပိုလာမှာ ဖြစ်သလို NLD အပေါ်မှာလည်း NLD က မတော်မတရား မလုပ်ဘူး ဆိုတဲ့ဥစ္စာကို ယုံကြည်မှု ပိုလာမှာဖြစ်တယ်။ သူတို့က မဟုတ်မတရားတာတွေ လုပ်နေရင်တော့ Facebook အပေါ်မှာရော၊ NLD အစိုးရအပေါ်မှာရော ယုံကြည်မှုက ကြာလေ လျော့ပါးလေ ဖြစ်လာနိုင်တာပေါ့” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း (သီပေါ) က မှတ်ချက်ပြုပါတယ်။

No comments:

Post a Comment

My Blog List